မြန်မာ့လက်ရွေးစင်အသင်း ဂိုးနည်းပြရာထူးအတွက် နိုင်ငံခြားသားခန့်အပ်ဖွယ်ရှိ

မြန်မာ့လက်ရွေးစင်အသင်း ဂိုးနည်းပြရာထူးအတွက် နိုင်ငံခြားသားခန့်အပ်ဖွယ်ရှိ
Photos : MFF
Photos : MFF
Published 30 April 2019

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာအမျိုးသားလက်ရွေးစင်အသင်း၏ ဂိုးနည်းပြရာထူးအတွက် နိုင်ငံခြားသားနည်းပြတစ်ဦးကို ခန့်အပ်ဖွယ်ရှိနေကြောင်း သိရသည်။

MFF သည် မြန်မာအမျိုးသားလက် ရွေးစင်အသင်း၏ နည်းပြချုပ်အဖြစ် မွန်တီ နီဂရိုးနိုင်ငံသား ရာဒူလိုဗစ်၊ လက်ထောက်နည်းပြအဖြစ် မွန်တီနီဂရိုးနိုင်ငံသားပင်ဖြစ်သည့် ဗလာဒီမာတို့ကို ခန့်အပ်ထားပြီးဖြစ်သည်။ 

MFF သည် နည်းပြချုပ် ရာဒူလိုဗစ် နှင့် လက်တွဲဆောင်ရွက်ရန်အတွက် မူလက ပြည်တွင်းနည်းပြများအဖြစ် လက်ထောက် နည်းပြတစ်ဦးနှင့် ဂိုးနည်းပြတစ်ဦး ထပ်မံခန့်အပ်သွားမည်ဟု တရားဝင်သတင်းထုတ်ပြန်ထားသည်။ 

သို့သော် လက်ထောက်နည်းပြကိုသာ ပြည်တွင်းနည်းပြများအနက်မှ ရွေးချယ်သွားမည်ဖြစ်ပြီး ဂိုးနည်းပြကိုမူ နိုင်ငံခြား သားနည်းပြတစ်ဦးကို ခန့်အပ်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

''မေလဒုတိယပတ်မတိုင်ခင်မှာ MFF နည်းစနစ်ကော်မတီအစည်းအဝေး ရှိပါတယ်။ အဲဒီအစည်းအဝေးကနေ မြန်မာ့ လက်ရွေးစင်အသင်းရဲ့ ကျန်ရှိနေသေးတဲ့ နည်းပြတွေကို ဆက်လက်ခန့်အပ်သွားဖို့ ဆုံးဖြတ်ဆောင်ရွက်သွားမှာပါ။ လက်ထောက်နည်းပြတစ်ဦးကိုတော့ ပြည်တွင်းနည်းပြထဲကနေ ခန့်အပ်သွားဖို့ရှိနေပြီး ဂိုးနည်းပြကိုတော့ နိုင်ငံခြားသားနည်းပြထဲကနေ ခန့်အပ်သွားဖို့ ဆောင်ရွက်နေပါတယ်''ဟု MFF တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

MFF သည် နည်းပြချုပ် ရာဒူလိုဗစ်နှင့် လက်ထောက်နည်းပြ ဗလာဒီမာကို ၂၀၁၉ ခုနှစ် ဧပြီ ၂၀ ရက်မှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်အထိ စာချုပ်ချုပ်ဆိုထားပြီး စာချုပ်သက်တမ်းမှာ လ ၂၀ ကျော်ကြာမြင့်မည်ဖြစ်သည်။ 

ရာဒူလိုဗစ်သည် ၂၀၂၀ နှစ်ကုန်ပိုင်း တွင် ကျင်းပမည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ၌ မြန်မာအသင်းအား အနိမ့်ဆုံး ဆီမီးဖိုင်နယ်ရောက်ရှိစေရန် စွမ်းဆောင်ပေးရမည်ဖြစ်ပြီး ယင်းပြိုင်ပွဲရလဒ်အပေါ် မူတည်၍ သက်တမ်းတိုးမတိုး ဆုံးဖြတ်မည်ဖြစ်သည်။  

ရာဒူလိုဗစ်သည် မြန်မာအသင်းမတိုင်မီ လက် ဘနွန်အသင်းကို ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကာလရှည်ကိုင်တွယ်ခဲ့သူဖြစ်သည်။

Most Read

Most Recent