နေ့အပူချိန်များ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး နယ်ဒေသအချို့တွင် အပူဒဏ်ကာကွယ်ရေးသတိပေးမှု၊ အသိပညာပေးမှုများ ပြုလုပ်လျက်ရှိကာ ကျေးရွာအချို့ ရေပြတ်လပ်မှုဆိုးရွားစွာကြုံတွေ့နေ

နေ့အပူချိန်များ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး နယ်ဒေသအချို့တွင် အပူဒဏ်ကာကွယ်ရေးသတိပေးမှု၊ အသိပညာပေးမှုများ ပြုလုပ်လျက်ရှိကာ ကျေးရွာအချို့ ရေပြတ်လပ်မှုဆိုးရွားစွာကြုံတွေ့နေ
ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်ခုနစ်ခုရှိ ကျေးရွာပေါင်း ၂၀ ကျော်တို့တွင် ရေပြတ်လပ်မှုဆိုးရွားစွာကြုံတွေ့နေစဉ်
ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်ခုနစ်ခုရှိ ကျေးရွာပေါင်း ၂၀ ကျော်တို့တွင် ရေပြတ်လပ်မှုဆိုးရွားစွာကြုံတွေ့နေစဉ်
Published 23 April 2019
အောင်သူငြိမ်း၊ မင်းသူဝင်းထွဋ်၊ ဘိုဘိုမြင့်၊ စည်သာ၊ရန်ပိုင်၊ သက်ပိုင်၊ ကောင်းခန့်လင်း၊

နေ့အပူချိန်များ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး နယ်ဒေသအချို့တွင် အပူဒဏ်ကာကွယ်ရေးသတိပေးမှု၊ အသိပညာပေးမှုများ ပြုလုပ်လျက်ရှိကာ ကျေးရွာအချို့ ရေပြတ်လပ်မှု ဆိုးရွားစွာ ကြုံတွေ့နေကြောင်း သိရသည်။

 

အပူချိန်အမြင့်မားဆုံး မြို့နယ်များထဲတွင် ပါဝင်နေသည့် မကွေးတိုင်းအတွင်းရှိ မြို့နယ်များ၌ အပူဒဏ်ကာကွယ်ရေးသတိပေးမှု အသိပညာပေးမှုများ ပြုလုပ်

အပူချိန်အမြင့်မားဆုံးမြို့နယ်များထဲတွင် ပါဝင်နေသည့် မကွေးတိုင်းအတွင်းရှိ မြို့နယ်များ၌ ပရဟိတအသင်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ဦးဆောင်၍ အပူဒဏ်ကာကွယ်ရေးသတိပေးမှု၊ အသိပညာပေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

ဧပြီ ၂၁ ရက်က မိုးလေဝသနှင့် ဇလဗေဒဌာန၏ ထုတ်ပြန်ချက်အရ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင် အပူချိန် ၄၇ ဒီဂရီ စင်တီဂရိတ်အထိရှိနေကာ အလားတူ အောင်လံမြို့နယ်တွင် ၄၂ ဒီဂရီစင်တီဂရိတ်၊ တောင်တွင်းကြီးမြို့နယ်တွင် ၄၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်မားနေပြီး အဆိုပါမြို့နယ်များရှိ ပရဟိတအသင်းများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများက အပူဒဏ်ကာကွယ်ရေး သတိပေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အပူချိန်မြင့်မားလာကြောင့် ဧပြီ ၂၁ ရက် နှင့် ၂၂ ရက်များက တောင်တွင်းကြီးမြို့တွင် စန္ဒ-သူရိယကျန်းမာပညာကူညီရေးအသင်းကြီးမှ ဦးဆောင်ပြီး မြို့ပေါ်လူစည်ကားရာနေရာများ၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေးစာစောင်များ၊ ရေသန့်ဘူးများ၊ ဓာတ်ဆားထုပ်များကို လိုက်လံဝေငှမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အပူချိန်အမြင့်မားဆုံး အခြေအနေနှင့် ရင်ဆိုင်နေရမှုနှင့်ပတ်သက်ပြီး ချောက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက “အပူချိန်က ၄၄ ကနေ ၄၇ ဖြစ်သွားတာက တကယ်ကိုသိသာလွန်းပါတယ်။ ဒေသတာဝန်ရှိသူတွေကတော့ အပူဒဏ်ကာကွယ်ရေးသတိပေးမှုကို ပြည်သူလူ ထုထံအသံချဲ့စက်နဲ့ လိုက်လံအော်တာမျိုးတွေ လုပ်နေတာတော့ တွေ့ရပါတယ်။ အပူကြောင့်ဖြစ်တဲ့ရောဂါတွေ ဖြစ်လာရင်လည်း ချက်ချင်းဆေးရုံကိုပို့နိုင်ဖို့ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ကျွန်တော်တို့မြို့မှာ ထူးထူးခြားခြား အပူကလွန်ကဲလာတာဆိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ပြည်သူလူထုကို လိုအပ်တဲ့ အသိပညာပေးလုပ်ငန်းလေးတွေ လုပ်ပေးစေလိုပါတယ်” ဟု ပြောကြားသည်။

အပူချိန်မြင့်တက်လာမှုနှင့်ပတ်သက်ပြီး ချောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက “ကျွန်တော်တို့အနေနဲ့တော့ ကျန်းမာရေးဌာနကို အပူဒဏ်ကာကွယ်ရေးလှုပ်ရှားနှိုးဆော်မှုတွေ လုပ်ဖို့ပြောထားပါတယ်။ ကျန်းမာရေးဌာနကလည်း ဆောင်ရွက်နေပါတယ်။ လက်ရှိအပူချိန်က ချောက်မြို့မှာ အမြင့်မားဆုံး အပူချိန်ပါ။ အပူချိန်မြင့်မားလာတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဌာနအနေနဲ့တော့ ရပ်/ ကျေးတွေမှာကော မြို့ပေါ်တွေပါ သတိပေးမှုတွေ လုပ်ထားပါတယ်” ဟု  ပြောကြားသည်။

စစ်ကိုင်းတောင်ရိုးရှိ ဘုန်းကြီးကျောင်းနှင့် သီလရှင်ချောင်အချို့ ယခုနှစ်သင်္ကြန်ကာလ မတိုင်မီမှစ၍ သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်

စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးရှိ ဘုန်းကြီးကျောင်းတိုက်နှင့် သီလရှင်ချောင်အချို့ ယခုနှစ်သင်္ကြန်ကာလမတိုင်မီမှစ၍ သောက်သုံးရေရှားပါးမှု အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

စစ်ကိုင်းတောင်မြောက်ပိုင်းတွင် သီတင်သုံးနေထိုင်ကြသည့် ဘုန်းကြီးကျောင်းတိုက်အချို့နှင့် သီလရှင်ချောင်အချို့ နှစ်စဉ်နွေရာသီရောက်တိုင်း သောက်သုံးရေရှားပါးမှု အခက်အခဲများကို ရင်ဆိုင်နေရပြီး ရေကားများထံမှ ဝယ်ယူသုံးစွဲနေရသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

“ဆောင်းနဲ့မိုးတွင်းက ရေဖူလုံပါတယ်။ နွေရောက်ရင် ရေဝယ်သုံးနေရတာ သုံးနှစ်လောက်ရှိပြီ။ ဒီနားပတ်ဝန်းကျင်က ကျောင်း၊ ချောင်တိုင်းလိုလို ရေဝယ်သုံးရတယ်။ ဆရာလေးတို့ခုက အဖိတ်ဆန်ခံပြီး တစ်ပတ်ကို ရေကားတစ်ကား ဆရာလေးအားလုံးစုဝယ်ပြီး သုံးနေရတယ်။ ရေတစ်ကားကို ခုနစ်ထောင်၊ ရှစ်ထောင်ပေးဝယ်သုံးရတယ်။ ရေတော့ ချိုးလို့မရဘူး။ သုံးဖို့အတွက်ပဲ။ ရေချိုးချင်ရင် ရေတွင်းရတဲ့ ချောင်တွေကို သွားချိုးရတယ်။ သုံးရေလောက်လေးကို အလျင်မီအောင် ဝယ်သုံးရတယ်။ နွေဆိုရေကန်ကြီးတွေမှာ ရေမရှိဘူး။ ကန်တွေကွဲမှာတောင် စိုးရတယ်”ဟုစစ်ကိုင်းတောင်ရိုး ထွဋ်ခေါင်ရပ် ဇာမဏီတိုက်ခွဲချောင်မှ ဆရာကြီးဒေါ်ဝဏ္ဏသိင်္ဂီက မိန့်ကြားသည်။

စစ်ကိုင်းတောင်ရိုးရှိ ဘုန်းကြီးကျောင်း၊ သီလရှင်ချောင်များကို စစ်ကိုင်းတောင်ရိုး မူလရေစက်ကြီးနှင့် သီတဂူရေအလှူတော်ရေစက်ကြီးမှ ရေများပေးလှူလျက်ရှိရာ နွေကာလ၌ လျှပ်စစ်မီးပုံမှန်မလာခြင်း၊ ဧရာဝတီမြစ် ရေမှရေတင်ရာတွင်လည်း မြစ်အတွင်း သောင်ထွန်းနေသည့်အတွက် ရေစုကန်သို့ ရေတင်ရန် အခက်အခဲရှိနေခြင်းတို့ကြောင့် မြစ်ရေကို စစ်ကိုင်းတောင်ရိုးရှိကျောင်း၊ ချောင်များသို့ ရေပေးဝေရာတွင် အခက်အခဲ ဖြစ်ပေါ်ကာ အလှည့်ကျရေပေးဝေခြင်းများ ပြုလုပ်နေရကြောင်း သိရသည်။

“စစ်ကိုင်းတောင်ရိုးမှာ သောက်သုံးရေ ရရှိဖို့က ကျောင်းတိုင်းကျောင်းတိုင်း မိုးရေကို ရေတံလျှောက်တွေခံပြီး ကန်နဲ့စုထားရတာပါ။ ရှေးအခါက မူလရေစက်ကြီးက ပေးပါတယ်။ သီတဂူဆရာတော်ကြီးဦးစီးပြီး ရေလှူကြလို့ပြည့်စုံခဲ့ပေမဲ့ အခုနှစ်နှစ်၊ သုံးနှစ်အတွင်း ရေရရှိမှုအခြေအနေ နည်းနည်းဆိုးလာတယ်။ နွေအခါဆို ကျောင်းတိုင်းနီးပါး ရေလုံးဝမရှိရှာကြဘူး။ ရေတွင်းတူးလို့ရနေတဲ့ ကျောင်းတွေလည်း များနေပါပြီ။ သို့သော်လည်းပဲ ဧရာဝတီမြစ်ရေခန်းခြောက်လာရင် ရေရရှိမှုနည်းလာမှာ။ နောင်အနာဂတ် ဧရာဝတီမြစ်ကြီးပေါ်ကို မြစ်ဆုံရေဆည်ကြီး ဆောက်လိုက်မယ်ဆိုရင် စစ်ကိုင်းတောင်ရိုးက ဧရာဝတီမြစ်ရေကိုရဖို့ လုံးဝမဖြစ်နိုင်တော့ဘူး။ အဲဒီလောက် အခြေအနေဆိုးသွားနိုင်ပါတယ်။ ဘုန်းကြီးတို့လို သက်ကြီးဝါကြီး ပုဂ္ဂိုလ်တွေအတွက် သိပ်တော့မဆန်းတော့ဘူး။ အနာဂတ်သာသနာပြုဖို့သူတွေအတွက် အလွန်ရင်လေးစရာ အကြောင်းရှိပါတယ်။ စစ်ကိုင်းတောင်ရိုးကြီးအတွက် အဘက်ဘက်ကနေ ရေရှိရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးမယ်ဆို ဘုန်းကြီးတို့ အထူးကျေးဇူးတင်ပါတယ်”ဟု စစ်ကိုင်းတောင်ရိုး သီရိသုဓမ္မချောင်ဆရာတော် ဦးအိဏ္ဍက မိန့်ကြားသည်။

မူလရေစက်ကြီး၊ သီတဂူရေစက်များနှင့်ဝေးသည့် စစ်ကိုင်းတောင်မြောက်ပိုင်း ထွဋ်ခေါင်၊ တောင်ဖီလာ၊ ၀ါးချက်ဝန်းကျင်ရှိ ကျောင်းတိုက်၊ ချောင်များသည် နှစ်စဉ်နွေရာ သီရောက်တိုင်း သောက်သုံးရေရှားပါးမှု အခက်အခဲရင်ဆိုင်နေရပြီး ယခုနှစ်တွင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) မှ သောက်သုံးရေ သွားရောက်လှူဒါန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

 

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရေရှားပါးသော ကျေးရွာပေါင်း ၄၇ ရွာ ကျော်ရှိပြီး လိုအပ်သော ကျေးရွာများကို အစိုးရအဖွဲ့မှ သောက်သုံးရေလှူဒါန်းခြင်း စတင်ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရေရှားပါးသော ကျေးရွာပေါင်း ၄၇ ရွာကျော်ရှိပြီး လိုအပ်သော ကျေးရွာများကို ပြည်နယ်အစိုးရ အဖွဲ့မှ ဧပြီ ၂၃ ရက်တွင် သောက်သုံးရေလှူဒါန်းခြင်းကို စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရေရှားပါးသော ကျေးရွာပေါင်း ၄၇ ရွာရှိပြီး ဧပြီ ၂၃ ရက်တွင် ဟဲဟိုးမြို့ လယ်ခေါင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် တစ်နေရာ၊ အောင်သပြေနှင့် တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်တို့တွင် တစ်နေရာ စုစုပေါင်း သုံးနေရာ သောက်သုံးရေ လှူဒါန်းခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးခြောက်ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင် ကွန်လုံကျေးရွာအုပ်စု ဟိုနားကျေးရွာတွင် OSS          (One Stop Service) ရုံးဖွင့်ပွဲကို တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး နေ့လည်ပိုင်းတွင် ဟဲဟိုး၊ အောင်သပြေ နှင့် ရွှေတောင်ရပ်ကွက်များတွင် သောက်သုံးရေလှူဒါန်းခြင်းကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့လှူဒါန်းရာတွင် မီးသတ်တပ်ဖွဲ့ဝင် မီးသတ်ကားများ၊ စည်ပင်သာယာရေးရေကားများ၊ ကမ္ဘောဇအနာဂတ်အလင်းတန်း ဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်များ၊ ပြင်ပအလှူရှင်များက ရေကားတို့ဖြင့် ရေသယ်ယူ၍ လိုအပ်နေသော ကျေးရွာများကို လိုက်လံ၍ သောက်သုံးရေ ပို့ဆောင်ပေးခြင်းဖြစ်ကာ ရှမ်းတောင်ရှိ အခြားမြို့နယ်များတွင်လည်း တစ်ပြိုင်တည်း လှူဒါန်းနိုင်ရန် ဆောင်ရွက်ထားရှိပြီး နောက်ထပ်လည်း လှူဒါန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်က ပြောကြားသည်။

“တကယ်တော့ ရှမ်းတောင်မှာ ရေရှားပါးတဲ့ ရွာပေါင်း ၄၇ ရွာရှိပါတယ်။ ဒီ ၄၇ ရွာကို အစိုးရအဖွဲ့ကနေ သဘာာဝဘေး ကြိုတင်ကာကွယ်ရေး အစီအမံတွေနဲ့ တစ်ပတ်စာ ရေဖြည့်ဆည်းဆောင်ရွက်ပေးတာပေါ့။ စည်ပင်သာယာရေး၊ မီးသတ်တပ်ဖွဲ့ကားတွေ၊ စေတနာရှင်တွေလည်း ပူးပေါင်းပါဝင်တယ်။ ရေပြဿနာကို ဖြေရှင်းဆောင်ရွက်တဲ့ သဘောဖြစ်ပါတယ်။ ဒီနေ့မှာ သုံးနေရာပေါ့။ အစိုးရအဖွဲ့ ဝန်ကြီးတွေက ဒီနေ့ လိုက်လံအားပေးတာ ဖြစ်ပါတယ်။ ဒီလိုပဲ လူထုကြားထဲမှာ ပြည်သူလူထုက အသံတွေ၊ ဖြေရှင်းရမယ့်ကိစ္စတွေ ပြည်သူတွေတင်ပြရင် အစိုးရအဖွဲ့မှ မှတ်သားပြီးတော့ ဖြေရှင်းဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ သဘာဝဘေးတွေ ကြုံတွေ့နေရင် ပူးပေါင်းဖြေရှင်းနိုင်အောင်လို့ အချက်အလက်တွေ စုဆောင်းတာ၊ သတင်းရယူတာတွေ လုပ်ပါတယ်။ မီဒီယာများကလည်း တွေ့လာတဲ့ သတင်းတွေရှိလာရင် အစိုးရအဖွဲ့ကို သတင်းပို့ပါ။ ပြည်သူတွေရဲ့ အခက်အခဲအကျပ်အတည်းတွေကို ပေါင်းစပ်ဖြေရှင်းနိုင်အောင် ကြိုးစားဖြေရှင်းသွားမှာ ဖြစ်ပါတယ်” ဟု အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်က ပြောကြားသည်။

“ဘယ်နေရာ ရေရှားပါးနေတယ်ဆိုတာထက် ကျယ်ကျယ်ပြန့်ပြန့် ပြောချင်တယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်လေ။ ကုလသမဂ္ဂလို အဖွဲ့အစည်းမျိုး လုံခြုံရေးကောင်စီမှာ ဆွေးနွေးတဲ့ ခေါင်းစဉ်တွေ ကြည့်မယ်ဆိုရင် နျူကလီးယားလက်နက်တွေ Global Warming တို့ Climate Change တို့ ဒါတွေကလဲ တကယ့်အဓိက ဆွေးနွေးတဲ့ အကြောင်းအရာတွေထဲမှာ ပါလာပြီ။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကျွန်မတို့ ကမ္ဘာမြေကြီး ဖောက်ပြန်လာတယ်။ ကမ္ဘာကြီးပူနွေးလာတယ်ဆိုတဲ့ ပြဿနာက တကယ့်ကမ္ဘာ့နိုင်ငံရေး ဖြစ်နေပြီလို့ ပြောတာပေါ့နော်။ ရေရှားပါးတဲ့ ပြဿနာဆိုတာ တစ်နိုင်ငံထဲ ကြုံတွေ့နေတဲ့ ပြဿနာ မဟုတ်ဘူး။ ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းရဲ့ အကျိုးဆက်တွေပေါ့။ နောင်ပိုဆိုးလာနိုင်တာတောင်ရှိတယ်။ ရေရှားပါးတာတွေ ဖြေရှင်းပေးတယ်။ ကလောမြို့နယ်မှာ ထပ်လှူဖို့ ရှိတယ်။ ဒါက အရေးပေါ် ဖြေရှင်းတာပေါ့။ ဒါပေမဲ့ ကလောမြို့ပေါ် ရေပေးဝေရေးမှာ တစ်ရက်ကို တစ်လက်မ ရေလျှော့ကျနေတယ်။ တစ်ပတ်မှာ တစ်ပေလျှော့နေတဲ့ သဘောပေါ့။ ဒါဟာ အပူရှိန် ပြင်းထန်လာတာကြောင့် ဖြစ်ပါတယ်။ ကျွန်မတို့ တကယ်အလေးပေးပြီး ပြောကြဆိုကြရမှာကတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးလာမှုရယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးပြုန်းတီးမှုကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေပေါ့နော်။ ဖန်လုံအိမ် အာနိသင်တို့ ကမ္ဘာကြီး ပူနွေးလာမှုတို့ ရာသီဥတုတွေ ပြောင်းလဲဖောက်ပြန်လာမှုတို့ ဒါတွေကို ဘယ်လို အားလုံး ပေါင်းပြီးတော့ပေါ့။ ဘယ်လိုဖြေရှင်းကြမလဲ။ မြန်မာနိုင်ငံကလဲ ကုလသမဂ္ဂမှာ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ ပါဝင်တယ်။ ဒီလိုကိစ္စရပ်တွေမှာ ရှေ့တန်းကနေ ထွက်ပြီးတော့ ထက်ထက်မြတ်မြတ်နဲ့ ဘယ်လိုဆောင်ရွက်နိုင်မယ့် နည်းပညာဆိုင်ရာ အထောက်အပံ့တွေ ၊ ရန်ပုံငွေဆိုင်ရာ အထောက်အပံ့၊ ပူးပေါင်းဆောင်ရွက်မှုတွေ ဘယ်လိုလုပ်နိုင်မလဲ။ ဒါတွေ စဉ်းစားပြီးတော့ မဟာဗျူဟာမြောက်တဲ့ အစီအမံတွေ ဆောင်ရွက်သင့်တယ်။ ဒါတွေက Signal တွေပေါ့နော်။ ပြနေပြီ အဲလိုမျိုး ပြောချင်ပါတယ်”ဟု ကလောမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ပြောကြားသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်တို့ ပါဝင်ပြီး၊ တောင်ကြီးခရိုင်တွင် ၁၀ မြို့နယ်၊ လွိုင်လင်ခရိုင်တွင် ခုနစ်မြို့နယ်၊ လင်းခေးခရိုင်တွင် လေးမြို့နယ် ပါဝင်ပြီး တောင်ကြီးခရိုင်တွင် ကျေးရွာအုပ်စုပေါင်း ၂၃၀၊ လွိုင်လင်ခရိုင်တွင် ကျေးရွာအုပ်စုပေါင်း ၁၄၄ စု ၊ လင်းခေးခရိုင်တွင် ကျေးရွာအုပ်စု ပေါင်း ၄၆ စု ရှိကြောင်း သိရသည်။

 

မကွေးခရိုုင်အတွင်း မြို့နယ်အချို့ရှိ ကျေးရွာအမည် မပေါက်သော တဲတိုက်များနှင့် အဝီစိစက်ရေတွင်း ရှိသော်လည်း အသုုံးပြု၍မရသော ကျေးရွာများတွင် သောက်သုံးရေအခက်အခဲများ ကြုံတွေ့

မကွေးတိုင်းဒေသကြီး မကွေးခရိုုင်အတွင်း မြို့နယ်အချို့ရှိ ကျေးရွာအမည် မပေါက်သော တဲတိုက် (တဲများ၊ အိမ်များဖြင့် စုဝေးနေထိုင်သည့်နေရာ) များနှင့် အဝီစိစက်ရေတွင်းရှိသော်လည်း ရေငန်နေခြင်း၊ စက်ပျက်နေခြင်းတို့ကြောင့် အသုံးပြု၍ မရသော ကျေးရွာများတွင် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေရပြီး အလှူရှင်များက ရေလှူဒါန်းပေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

မကွေးမြို့နယ် ကြာကန်ကျေးရွာနှင့် နှစ်မိုင်ပတ်လည်ခန့်ကွာဝေးသည့် တဲတိုက်များတွင် အဝီစိ စက်ရေတွင်းမရှိခြင်း၊ ရာသီဥတုပူပြင်းမှုကြောင့် ထိုတဲတိုက်များမှ မှီခိုရသည့် သဘာဝစမ်းရေတွင်းများ ရေခန်းကုန်ခြင်းတို့ကြောင့် အလှူရှင်များ လှူဒါန်းသည့် ရေကိုသောက်သုံးနေရကြောင်း ထိုတဲတိုက်များသို့ သွားရောက်ရသည့်လမ်းများသည် ထွန်စက်ကားများသာ ဝင်ရောက်နိုုင်သောကြောင့် ရေလှူရန်လည်း အခက်အခဲများရှိကြောင်း သိရသည်။

“နတ်မောက်မြို့နယ်ထဲမှာဆိုရင် ရှမ်းကုန်း၊ အင်တောရွာသစ်၊ မြို့သစ်မြို့နယ်မှာ သမျှားကျေးရွာ မြောက်ကုန်းတဲတိုက်နဲ့ တောင်ထန်းတောတဲတိုက်၊ နောက်မကွေးမြို့နယ် ကြာကန်ကျေးရွာဝန်းကျင်က တဲတိုက်တွေမှာ ထွန်စက်တွေနဲ့ ရေတိုက်ပြီး လှူနေရပါတယ်။ အဲဒီနေရာတွေမှာက စက်ရေတွင်းရှိပေမယ့် ရေငန်နေတာတွေ၊ ရေစက်ပျက်နေတာတွေကြောင့်ရယ် တဲတိုက်တွေမှာကျ ကျေးရွာအမည်မပေါက်လို့ အဝီစိစက်ရေတွင်း မရတာတွေကြောင့် ရေအခက်အခဲကြုံကြရတာပါ” ဟု မကွေးမြို့နယ် ကြာကန်ကျေးရွာမှ ကိုဇော်မင်းထိုက်က ပြောကြားသည်။

ရေနံချောင်းမြို့နယ် ကွေးကုုန်းကျေးရွာတွင် အဝီစိစက်ရေတွင်း ပျက်နေမှုနှင့် မကွေးမြို့နယ် ခဲကြီးကုန်းကျေးရွာတွင် အဝီစိစက်ရေတွင်းရှိသော်လည်း ရေငန်နေမှုကြောင့် အလှူရှင်များက ရေလှူဒါန်း ပေးနေရကြောင်း ဒေသခံများနှင့် ရေလှူဒါန်းပေးနေသူများထံမှ သိရသည်။

 

ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း တစ်ရာကျော် သောက်သုံးရေပြတ်လပ်မှုနှင့်ရင်ဆိုင်နေရဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ပြောကြား

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း တစ်ရာကျော်သည် သောက်သုံးရေပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း ဝက်လက်မြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ ဝက်လက်မြို့နယ်မှာ ကုန်တစ်ပိုင်းနဲ့ ဆည်ရေဝင်တစ်ပိုင်းပေါ့။ ကုန်ပိုင်းမှာရှိတဲ့ ရွာတွေကတော့ တော်တော်များများ ရေရှားမှုဖြစ်တယ်။ မနှစ်ကလည်း မိုးရွာတာနည်းတော့ ကန်တွေမှာလည်း ရေမရှိဘူးလေ။ ရေရှားမှုဖြစ်တာကတော့  တော်တော်များများလေးဖြစ်တာကတော့ ဖြစ်နေတယ်။ ဝက်လက်မြို့နယ်မှာ ကျေးရွာပေါင်း ၂၃၄ ရွာရှိတယ်။ အဲဒီရွာပေါင်း ၂၃၄ ရွာကို တစ်ဝက်ဝက်လိုက်တော့ ရွာပေါင်းတစ်ရာကျော်က ရေရှားပါးတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့တော့ သောက်သုံးရေကို ဖန်တီးကြတာပေါ့” ဟု ဝက်လက်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ရေပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့ရသည့် ကျေးရွာများကို နယ်မြို့နယ်အတွင်းက ပရဟိတများနှင့် သက်ဆိုင်ရာဌာနများက သောက်သုံးရေများကို သွားရောက်ကာ ရေလှူဒါန်းပေးမှုများလည်းရှိကြောင်း၊ သို့သော်လည်း ယင်းကျေးရွာများတွင် သောက်သုံးရေ ပြည့်စုံလုံလောက်စွာ မရရှိနိုင်ကြောင်း ဦးမောင်မောင်ဝင်းက ပြောကြားသည်။

 

ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်းမြို့နယ် ပုသိမ်မြို့နယ်၊ မြောင်းမြမြို့နယ်နှင့် လပွတ္တာမြို့နယ်များ အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေများ ရှားပါးပြတ်လပ်လာပြီး အကူအညီများ လိုအပ်နေ

ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်းမြို့နယ်၊ ပုသိမ်မြို့နယ်၊ မြောင်းမြမြို့နယ်နှင့် လပွတ္တာမြို့နယ်များအတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေများ ရှားပါးပြတ်လပ်လာပြီး သောက်သုံးရေအလှူရှင်များ လိုအပ်နေလျက်ရှိကြောင်း သိရသည်။

သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့နှင့် ပုသိမ်မြို့နယ်အတွင်းရှိ ပုသိမ်-ချောင်းသာလမ်းတစ်လျှောက် ကျေးရွာ အချို့၊ ပုသိမ်-မော်တင်ကားလမ်းတစ်လျှောက် ကျေးရွာအချို့တွင် သောက်သုံးရေများ ရှားပါးပြတ်လပ်လာမှုကြောင့် ပုသိမ်မြို့မှ ရေသယ်ယာဉ်များနှင့် သွားရောက်လှူဒါန်းနေရကြောင်း၊ မြောင်းမြမြို့နယ် အတွင်းရှိ ပင်လယ်ကမ်းနီးဒေသများဖြစ်သည့် ပိုးလောင်းဝကျေးရွာနှင့် တဲ့တဲ့ကူးကျေးရွာများတွင်လည်း သောက်သုံးရေများရှားပါး ပြတ်လပ်လာမှုကြောင့် မြို့ပေါ်မှ ရေသယ်ယာဉ်များနှင့် လှူဒါန်းပေးနေရကြောင်း၊ လပွတ္တာ မြို့နယ်အတွင်းတွင် လပွတ္တာ-သင်္ကန်းကြီး ကားလမ်းမအနီးရှိကျေးရွာများတွင် သောက်သုံးရေ ပြတ်လပ်မှုကြောင့် အကူညီတောင်းခံမှုများ ရှိလာနေပြီဖြစ်ကြောင်း၊ ပြင်စလူမြို့ အတွင်းရှိ ကျေးရွာများတွင်မူ ရေလမ်းခရီးဖြစ်သောကြောင့် သောက်သုံးရေအလှူရှင်များ လိုအပ်နေပြီး ရွေးစုစည်းကျေးရွာ၊ ကွင်းသုံးဆင့်ကျေးရွာ၊ နတ်ကတော်ကျေးရွာ၊ အလယ်ချောင်းကျေးရွာ၊ညောင်တပင် ကျေးရွာ၊ ဆိပ်ကလေးကျေးရွာ၊ လေးဂွ ကျေးရွာ၊ ဝဲဒေါင့်ကျေးရွာ၊ အောင်လှိုင်ကျေးရွာ စသည့်ကျေးရွာများတွင် သောက်သုံးရေ ပြတ်လပ်မှုကို ကြုံတွေ့နေရကြောင်း သိရသည်။

“အကူညီတောင်းတဲ့ရွာတွေ အရမ်းများလာပြီ။ ဒီနေ့ ညနေလောက်ကို အောင်လှိုင်ဘက်ကို အရင်ဆုံးလှူဖို့ လုပ်နေရတယ်၊ သောက်သုံးရေ မရှိတော့လို့ပါဆိုပြီး အကူအညီတောင်းတာက အရမ်းများလာတယ်၊ ဒီနှစ်က အပူရှိန်ပိုတော့ ပိုများလာတယ်”ဟု ပြင်စလူမြို့တွင် နှစ်စဉ်သောက်သုံးရေ လှူဒါန်းမှုများ ပြုလုပ်နေသည့် ဆရာတော် အာနန္ဒာက မိန့်ကြားသည်။

ထပ်မံ၍ လပွတ္တာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ ကိုနေလင်းဦးက

“ရေအကူညီလာတောင်းတဲ့ ရွာတွေ တော်တော်တက်လာတယ်၊ အချို့ရွာတွေကျတော့ ဝေးလွန်းတော့ ကျေးလက်ဌာနနဲ့ ညှိနှိုင်းပြီးတော့ ပို့လို့ အဆင်မပြေဘူး။ ကျေးလက်ကတော့ ဆိပ်ကမ်းအရောက် ရေချပေးမယ်၊ ရေလာသယ်မဲ့ စက်လှေဆီဖိုးကို ပေးမယ်ပေါ့။ ဒါပေမဲ့ ရွာတွေမှာက ငါးရှာလှေလေးတွေပဲ ရှိကြတာ စက်လှေကြီးတွေကမရှိတော့ လှူဖို့ကို အဆင်မပြေဘူး။ ရွာထိရောက်အောင်ပို့ဖို့ စက်လှေတွေပါစီစဉ်မှ အဆင်ပြေမှာ” ဟု ပြောကြားသည်။

သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသည့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်များအား ပုံမှန်ရေရရှိရေးအတွက် ဆောင်ရွက်နေဟု ဆို

ဧပြီ၁၈ ရက်မှ စတင်ပြီး သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသည့် မော်လမြိုင်မြို့ ပေါ်ရပ်ကွက်များအား ပုံမှန်ရေရရှိရေးအတွက် ဆောင်ရွက်နေကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုအင်ဂျင်နီယာမှူးကြီး ဦးတင်ကိုကိုက ပြောကြားသည်။

“အခုလောလောဆယ် ရေပေးဝေရေးအတွက် အခက်အခဲဖြစ်နေတာက ရွှေနတ်တောင်ဆည်ရေပေးဝေရေးရယ်၊ ကင်မွန်းချုံ ဆည်ရေပေးဝေရေးရယ်မှာပါ။ အတ္ထရံမြစ်ရေ တင်ရေပေးဝေမှာတော့ ပုံမှန်ရေပေးဝေနိုင်ပါတယ်။ ဆည်ရေက ဆည်ကနေ ရေသွယ်မြောင်းထဲ စီးဝင်ဖို ့အတွက်ကို ရေအမှတ်ကျသွားတဲ့အတွက် ရေတွန်းတဲ့ စက်ရုံတွေကို ရေကမရောက်တော့ဘူး။ အဲ့ဒါကြောင့် ရေသွယ်မြောင်းထဲ ရေဝင်နိုင်ဖို့အတွက်ကို ရေစုပ်စက်တွေထိုင်ပြီးတော့ ရေရှိတဲ့နေရာကနေ ပိုက်လိုင်းနဲ ့ရေသွင်းထည့်ပေးနေပါတယ်။ အခုတော့ ရေရောက်နေပါပြီ။ ဒီရွှေနတ်တောင်ဆည်ရေကို RTC  ရေဂါလံသုံးသိန်း ရေစုကန်ကို ပို့ပေးရပါတယ်။ အဲဒီရေစုကန်ကနေ တစ်ဆင့် ကန်သုံးကန် ရေဂါလန် ၁၅ သိန်း ဝင်ကန်ကို ပြန်တင်ရပါတယ်။ အဲ့ဒီ ကန်သုံးကန် ရေဂါလန် ၁၅ သိန်းဝင်ကန် ကနေမှတစ်ဆင့် မြို့ထဲကို ပြန်ဖြန် ပေးရပါတယ်” ဟု ဦးတင်ကိုကိုက ပြောကြားသည်။

၎င်းင်းက ဆက်လက်ပြီး ယနေ့တွင် ပုံမှန်အားဖြင့် နံနက်ပိုင်းရေပေးဝေရမည်ကို မပေးနိုင်ဘူးဖြစ်သွားကြောင်း၊ ယခုပုံမှန်အတိုင်း ဆည်ရေသွင်းနိုင်မည်ဆိုပါက ပုံမှန်အတိုင်း ရေပေးဝေနိုင်သွားမည်ဖြစ်ပါကြောင်း၊ ထို ့ပြင် လိုအပ်လျှင် လိုအပ်သလို ရေကားများဖြင့် သောက်သုံးရေများ ဖြန် ့ဝေပေးသွားရန် စီစဉ်ထားကြောင်း၊ တကယ့်ကို ရေပြတ်လပ်သွားသည့် ရပ်ကွက်များနှင့် ရေအခက်အခဲ ဖြစ်နေသည့် ရပ်ကွက်များကို ရေကားများဖြင့် ပို့ဆောင်ပေးရန် စီစဉ်ထားပါကြောင်း ပြောကြားသည်။

“မော်လမြိုင်မြို ့မှာ အဓိကအားဖြင့် ရွှေနတ်တောင်ဆည်ရေပေးဝေနေတဲ့ မုပွန်၊ သီရိမြိုင်၊ သီရိမင်္ဂလာ ရပ်ကွက်တွေမှာ ရေပြတ်လပ်မှုဖြစ်သွားတယ်။ အဲဒီရပ်ကွက်တွေမှာက လူနေလည်းစိပ်တော့ ရေသုံးလည်းများတယ်။ နောက် ကင်မွန်းချုံဆည်က ရေပေးဝေနေတဲ့ မြိုင်သာယာရပ်ကွက်နဲ့ စျေးကြိုရပ်ကွက်တွေပါ။ မြိုင်သာယာရပ်ကွက်မှာဆိုရင် ကင်မွန်းချုံဆည်ရေ မဝင်တော့တဲ့ အခါကျတော့ ရေပြတ်လပ်မှုတွေဖြစ်နေတယ်။ အဲဒါကို လောလောဆယ် ကင်မွန်းချုံဆည်ထဲက ရေကို ရေစုပ်စက်နဲ ့တင်ဖို ့လုပ်ဆောင်နေပါတယ်” ဟု ဦးတင်ကိုကိုက ပြောကြားသည်။

မော်လမြိုင်မြို ့ပေါ် ရပ်ကွက် (၂၉) ရပ်ကွက်ရှိသည့် အနက် (၂၃) ရပ်ကွက်အား မြို့နယ်စည်ပင်သာယာရေးအဖွဲ ့မှ ရေဖြန့်ဝေပေးနေကြောင်း၊ ရွှေနတ်တောင်ဆည်၊ ကင်မွန်းချုံဆည်၊ အတ္ထရံရေပေးဝေရေး (၁) နှင့် (၂) တို ့မှ နေ့စဉ်မော်လမြိုင်မြို ့ကို ရေဂါလန် ၄ ဒသမ ၂ သန်းခန့် ရေပေးဝေလျက်ရှိကြောင်း  သိရသည်။

ယခုနှစ် နွေရာသီကာလအတွင်း နေ့အပူချိန်မြင့်တက်လာမှုကြောင့် ရေစု၊ ရေလှောင်ကန်များ စောစီးစွာ ရေလျော့ကျခြင်း၊ ရေခန်းခြောက်များဖြစ်ပေါ်လာသည့်အတွက် မွန်ပြည်နယ် ချောင်းဆုံမြို ့နယ်၊ သထုံမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ပေါင်မြို့နယ် အစရှိသောမြို ့နယ်များအတွင်းရှိ ရပ်ကွက် နှင့် ကျေးရွာအချို့၌လည်း သောက်သုံးရေ ပြတ်လပ်မှုများနှင့် တွေ ့ကြုံနေရပြီး ဌာနဆိုင်ရာများနှင့် ရေအလှူရှင်များလာရောက် လှူဒါန်းသော သောက်သုံးရေများကိုသာ အသုံးပြုနေရကြောင်း သိရသည်။

Most Read

Most Recent