မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ရာဒူလိုဗစ်အား မိတ်ဆက်ပွဲကျင်းပ

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ရာဒူလိုဗစ်အား မိတ်ဆက်ပွဲကျင်းပ
Photos : Nyi Nyi Soe Nyunt
Photos : Nyi Nyi Soe Nyunt
Published 23 April 2019

မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းနည်းပြချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည့် မွန်တီနီဂရိုးနိုင်ငံသား ရာဒူလိုဗစ်အား မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက MFF အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

MFF သည် ရာဒူလိုဗစ်ကို စာချုပ် ချုပ်ဆိုပြီးဖြစ်သောကြောင့် မိတ်ဆက်ပွဲအခမ်းအနားကျင်းပခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာအထိ စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက နည်းပြသစ် ခန့်အပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

MFF သည် ရာဒူလိုဗစ်ကို လာရောက်လျှောက်ထားသူနည်းပြစုစုပေါင်း ၅၅ ဦးအနက် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အာရှဘောလုံးလောကနှင့် ရင်းနှီးကျွမ်းဝင်သလို မြန်မာအသင်းနှင့် သင့်တော်မည့်နည်းပြဖြစ်သောကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းနည်းပြချုပ်သစ် ရာဒူလိုဗစ်သည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့်အတူ ကျင်းပမည့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ အောင်မြင်ရန် စွမ်းဆောင်ပေးရမည့်အပြင် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပမည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင်လည်း အနိမ့်ဆုံး ဆီမီးဖိုင်နယ် ရောက်ရှိအောင် စွမ်းဆောင်ပေးရမည်ဖြစ်သည်။

ရာဒူလိုဗစ်က ''၂၀၁၅ နဲ့ ၂၀၁၆ မှာ ကျင်းပခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်တုန်းက မြန်မာအသင်းနဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။ မြန်မာအသင်းမှာ ကစားသမားကောင်းတွေရှိပြီး ကျွန်တော်အနေနဲ့ ကိုင်တွယ်ရင် သင့်တော်မယ်လို့ထင်လို့ လျှောက်ထားခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းနည်းပြချုပ်အဖြစ် ခန့်အပ်ခံရပြီးနောက်ပိုင်းမှာလည်း မြန်မာအသင်းနဲ့ ကစားသမားတွေအကြောင်းကို တတ်နိုင်သလောက် လေ့လာခဲ့ပါတယ်။ မြန်မာအသင်းကို ကျွန်တော်အနေနဲ့ အကောင်းဆုံးအနေအထားတစ်ခုရောက် လာအောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ အချိန်ပေးဖို့တော့ လိုပါတယ်။ လက်ဘနွန်အသင်းကို ကိုင်တွယ်တုန်းကလည်း အချိန်ယူ လုပ်ဆောင်ခဲ့ရပါတယ်။ ဥပမာတစ်ခုပြောရမယ်ဆိုရင် ကာတာနိုင်ငံကို ကြည့်ပါ။ ရှစ်နှစ်လောက် အချိန်ယူပြင်ဆင်ခဲ့လို့ အာရှဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပါတယ်။ အများကြီးလည်း တိုးတက်လာပါတယ်။ ဒါကြောင့် အောင်မြင်မှုလိုချင်ရင် အချိန်ပေးရပါမယ်။ ကျွန်တော်ကို စာချုပ်ချုပ်ဆိုထားတဲ့ ကာလအတွင်းမှာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားပါ့မယ်''ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

   

Most Read

Most Recent