အချို့ကစားသမားများအနေဖြင့် မိမိအခြေအနေကို ကိုယ်တိုင်ဆန်းစစ်ရန်လိုအပ်ကြောင်း မန်ယူအသင်းနည်းပြ ဆိုးလ်ရှား သတိပေး

အချို့ကစားသမားများအနေဖြင့် မိမိအခြေအနေကို ကိုယ်တိုင်ဆန်းစစ်ရန်လိုအပ်ကြောင်း မန်ယူအသင်းနည်းပြ ဆိုးလ်ရှား သတိပေး
Photos: AFP
Photos: AFP
Published 21 April 2019

 

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အချို့ကစားသမားများ၏ ကြိုးစားအားထုတ်မှုကို သဘောကျသော်လည်း အချို့မှာမူ မိမိအခြေအနေကို ကိုယ်တိုင်ပြန်လည်ဆန်းစစ်ရန် လိုအပ်နေကြောင်း သတိပေးပြောကြားခဲ့ သည်။

မန်ယူအသင်းသည် ယာယီနည်းပြအဖြစ် ဆိုးလ်ရှားတာဝန်ယူစဉ် ပြိုင်ပွဲစုံ (၁၉) ပွဲကစား (၁၄) ပွဲအထိအနိုင်ရကာ စွမ်းဆောင်ရည်ကောင်းမွန်ခဲ့သော်လည်း ၎င်းအား အမြဲ တမ်းနည်းပြအဖြစ် ခန့်အပ်ပြီးနောက် ငါးပွဲ ကစားရာတွင် နှစ်ပွဲသာ အနိုင်ရကာ သုံးပွဲ ရှုံးနိမ့်ထားသည်။ ထို့ပြင် မန်ယူအသင်းသည် ပြိုင်ပွဲစုံနောက်ဆုံးခုနစ်ပွဲတွင် ငါးပွဲရှုံးနိမ့်ထားပြီး အဝေးကွင်းလေးပွဲဆက် ရှုံးနိမ့်ခြင်းမှာလည်း ၁၉၉၉ ခုနှစ် အောက်တိုဘာနောက် ပိုင်း အဆိုးရွားဆုံးရလဒ်အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်ရာ ဆိုးလ်ရှားက ယင်းကဲ့သို့ သတိပေး ပြောကြားခြင်းဖြစ်သည်။

" ပြီးခဲ့တဲ့လတွေမှာ သူတို့ (ကစားသမားတွေ) အကြောင်းကို အများကြီး လေ့လာနိုင်ခဲ့ပါတယ်။ ကစားသမားအများစုရဲ့ ကြိုးစားအားထုတ်မှုက ကျွန်တော့်ကို သဘောကျစေပါတယ်။ ဒါပေမဲ့ ကစားသမားတချို့ကတော့ ကိုယ့်အခြေအနေ ဘယ်လိုရှိလဲဆိုတာ သေချာစစ်ဆေးသင့်ပါတယ်။ နေ့တိုင်းလုပ်နေရတဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာရော ကစားပွဲတွေမှာပါ ကိုယ့်ရဲ့ခြေစွမ်းကို အားလုံးက မြင်နေရလို့ အခြေအနေအားလုံး ဘာမှဖုံးကွယ်ထားလို့ မရပါဘူး" ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် ဇန်နဝါရီတွင် ငါးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည့် မာစီယဲလ်အနေဖြင့် ၂၀၁၉ ခုနှစ်အတွင်း သုံးဂိုးသာသွင်းယူထားနိုင်ခြင်းနှင့်ပတ်သက်၍ ဆိုးလ်ရှားက   "ကျွန်တော်က တစ်ဦးချင်းစီနဲ့ စကားပြောပါတယ်။ အန်သိုနီကလည်း အဲဒီလိုပြောတဲ့သူတွေထဲက တစ်ဦးအပါအဝင်ပါ။ ကျွန်တော်တို့ အနေနဲ့ သူတို့ဆီက ဘာတွေမျှော်လင့်ထားလဲဆိုတာ သူတို့ကိုယ်တိုင်သိကြပါတယ်။ သူက အရည်အချင်းရှိတဲ့သူတစ်ယောက်ပါ။ စာချုပ်သစ်လည်း လက်မှတ်ထိုးပြီးပြီဆိုတော့ ကျွန်တော်တို့အနေနဲ့ သူ့အပေါ် ယုံကြည်မှုရှိတယ်ဆိုတာ သိပြီးလောက်ပါပြီ။ ဒါကြောင့် သူ့ဘက်က ဆက်ပြီးကြိုးစားနေဖို့ပဲ လိုပါတယ်" ဟု သုံးသပ်ပြောကြားသည်။

အသင်းအနေဖြင့် နွေရာသီအပြောင်းအရွှေ့တွင် ကစားသမားခေါ်ယူမှု ပြုလုပ်မည်ဖြစ်သော်လည်း အရေအတွက်များစွာ ခေါ်ယူမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။ "အဲဒီအကြောင်း အသင်းနဲ့ဆွေး နွေးပြီးပါပြီ။ ကျွန်တော်တို့အနေနဲ့ လက်တွေ့ကျဖို့လိုတယ်ဆိုတာလည်း သိထားပါတယ်။ ကစားသမားခုနစ်ယောက်လောက် ခေါ်ဖို့မရှိပါဘူး" ဟု ဆိုးလ်ရှားက ဆိုသည်။

Most Read

Most Recent