WBA (စူပါ)၊ IBF ၊ WBO ဟဲဗီးဝိတ်ချန်ပီယံ ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှူအာနှင့် ချန်ပီယံစိန်ခေါ်ပွဲထိုးသတ်မည့် အမေရိကန်လက်ဝှေ့သမား ဂျာရယ်လ်မီလာသည် ဒုတိယအကြိမ်ဆေးစစ်မှု ထပ်မံကျရှုံးခဲ့ကြောင်း သိရသည်။
မီလာသည် ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေးအေဂျင်စီ (WADA) က တားမြစ်ထားသည့် ဟော်မုန်းကြီးထွားစေသည့်ဆေး သုံးစွဲမှုကြောင့် ဆေးကျရှုံးခြင်းဖြစ်ပြီး ဒုတိယအကြိမ် (B Sample) စစ်ဆေးမှုလည်း ထပ်မံ ကျရှုံးခဲ့ကြောင်း အမေရိကန်အခြေစိုက် ESPN သတင်းဌာနက ဖော်ပြခဲ့သည်။
မီလာနှင့် ဂျိုရှူအာသည် ဇွန် (၁) ရက် တွင် နယူးယောက်မြို့ရှိ Madison Square Garden ၌ ချန်ပီယံစိန်ခေါ်ပွဲထိုးသတ်ရန် စီစဉ်ထားသော်လည်း တားမြစ်ဆေးပြဿနာကြောင့် ပျယ်ပြယ်ခဲ့ရပြီဖြစ်သည်။ မီလာသည် ကစ်ဘောင်ဆင်ပြိုင်ပွဲများယှဉ်ပြိုင်စဉ် ၂၀၁၄ ခုနှစ်ကလည်း တားမြစ်ဆေးကျရှုံးဖူးပြီး ကိုးလ ပွဲပယ်ခံခဲ့ရသည်။ သို့ဖြစ်ရာ ဂျိုရှူအာအနေဖြင့် ပြိုင်ဘက်တစ်ဦး ထပ်မံရှာဖွေရမည်ဖြစ်သည်။