■ ဂျူဗင်တပ်စ် ၂-၁ ဖီအိုရင်တီးနား
ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေပွဲစဉ် (၃၃) မှာ ဖီအိုရင်တီးနားအသင်းကို (၂-၁) ဂိုးနဲ့ အနိုင်ယူပြီး ပြိုင်ပွဲပြီးဆုံးဖို့ (၅) ပွဲအလိုမှာပဲ စီးရီးအေချန်ပီယံဆုကို (၈) ကြိမ်ဆက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်က မထင်မှတ်ဘဲ ထွက်ခွာခဲ့ရတဲ့ ဂျူဗင်တပ်စ်အသင်းဟာ ဒီနေ့ပွဲမှာ စီရော်နယ်လ်ဒို၊ ဘာနာဒက်ခီ၊ ယာနစ်၊ ချန်၊ ကွာဒရာဒို၊ ဘိုနူချီတို့နဲ့ လူစုံပွဲထွက်ခဲ့သလို၊ ဖီအိုရင်တီးနားအသင်းကလည်း အဓိက ကစားသမားအစုံအလင်နဲ့ ဂျူဗင်တပ်စ်အသင်းကို ရင်ဆိုင်ခဲ့တာပါ။
ပွဲစကစားကတည်းက နှစ်သင်းစလုံးတိုက်စစ်ဖွင့် ကစားခဲ့ကြလို့ ပွဲကကြည့်ကောင်းခဲ့ပါတယ်။ ပွဲချိန် (၆) မိနစ်မှာပဲ ဖီအိုရင်တီးနားအသင်း ဦးဆောင်ဂိုးရခဲ့ပါတယ်။
ဖီအိုရင်တီးနားရဲ့ တိုက်စစ်ဆင်မှုကို တားဆီးရင် ပြန်အံ့ထွက်လာတဲ့ ဘောလုံးကို ဂျူဗင်တပ်စ်ဂိုးဧရိယာထဲမှာ အသင့်ရှိနေတဲ့ မီလင်ကိုဗစ်က ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာလည်း ဂျူဗင်တပ်စ်အသင်းထက် ဖီအိုရင်တီးနားအသင်းက ဂိုးကန်သွင်းခွင့်တွေ ပိုရခဲ့ပေမယ့် ချီယေဆာ လွဲချော်ခဲ့တာ၊ ဂိုးသွင်းရာမှာလည်း လူကျွံနေတာကြောင့် နစ်နာခဲ့ရပါတယ်။
ပွဲချိန် (၃၇) မိနစ်မှာတော့ ဂျူဗင်တပ်စ်အသင်း ချေပဂိုးရခဲ့ပြီး ယာနစ်ရဲ့ ထောင့်ကန်ဘောကို ဆန်ဒရိုက လှလှပပခေါင်းတိုက်သွင်းယူခဲ့တာပါ။
ဒုတိယပိုင်းပြန်အစမှာတော့ ဂျူဗင်တပ်စ်အသင်းဟာ အနိုင်ဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ပွဲချိန် (၅၃) မိနစ်မှာပဲ ဂိုးရခဲ့ပြီး စီရော်နယ်လ်ဒိုရဲ့ မြေလှိမ့်ဘောပေးပို့မှုကို တားဆီးဖို့ကြိုးစားရင်း ပက်ဇယ်လာက OG သွင်းယူမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာလည်း နှစ်သင်းစလုံးတိုက်စစ်ဖွင့်ကစားခဲ့ကြပြီး အခွင့်အလမ်းတွေလည်း ရရှိခဲ့ကြပါတယ်။ ဒါပေမဲ့ အသုံးချနိုင်ခြင်းမရှိတာရယ်၊ နှစ်ဖက်ဂိုးသမားတွေကောင်းနေတာရယ်ကြောင့် ဂိုးတော့ ထပ်မရခဲ့ကြပါဘူး။
ဖီအိုရင်တီးနားအသင်းကို (၂-၁) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းကတော့ စီးရီးအေချန်ပီယံဆုကို သမိုင်းဝင် (၈) ကြိ်မ်ဆက် ရယူနိုင်ခဲ့ပါတယ်။
ဒီဆုဖလားဟာ ဂျူဗင်တပ်စ်အသင်းရဲ့ သမိုင်းမှာ (၃၅) ကြိမ်မြောက် စီးရီးအေချန်ပီယံဆုဖြစ်ခဲ့ပြီး ရီးယဲလ်အသင်းက ပြောင်းရွှေ့လာတဲ့ စီရော်နယ်လ်ဒိုကတော့ ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေချန်ပီယံဆုတွေကို ကိုင်မြှောက်ခွင့်ရတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်
ပရီးမီးယားလိဂ်
မန်စီးတီး ၁-၀ စပါး
ဘုန်းမောက် ၀-၁ ဖူလ်ဟမ်
ဟတ်ဒါဖီးလ် ၁-၂ ဝက်ဖို့ဒ်
ဝက်စ်ဟမ်း ၂-၂ လက်စတာ
ဝုလ်ဗ် ၀-၀ ဘရိုက်တန်
လာလီဂါ
ဆယ်လ်တာဗီဂို ၂-၁ ဟီရိုနာ
အီဘာ ၀-၁ အက်သလက်တီကို
စီးရီးအေ
ပါးမား ၁-၁ အေစီမီလန်
လာဇီယို ၁-၂ ချီယေဗို
ကာဂလီယာရီ ၁-၀ ဖရိုဆီနိုနီ
ဘိုလော့ဂ်နာ ၃-၀ ဆမ်ဒိုးရီးယား
အူဒီးနီးစ် ၁-၁ ဆာဆူအိုလို
အမ်ပိုလီ ၂-၄ SPAL
ဂျီနိုအာ ၀-၁ တိုရီနို
ဂျူဗင်တပ်စ် ၂-၁ ဖီအိုရင်တီးနား
ဘွန်ဒစ်လီဂါ
ဘိုင်ယန်မြူးနစ် ၁-၀ ဝါဒါဘရီမင်
လေဗာကူဆင် ၂-၀ နုရင်ဘတ်
အော့စ်ဘတ် ၆-၀ စတုဂတ်
မိန့်ဇ် ၃-၁ ဒစ်ဆယ်ဒေါ့ဖ်
လီဂူး
ဂူအင်ဂမ့် ၁-၃ မာဆေးလ်