Notre Dame ဘုရားကျောင်း ပြန်လည်တည်ဆောက်ရေးအတွက် PSG ငွေလှူဒါန်းမည်

Notre Dame ဘုရားကျောင်း ပြန်လည်တည်ဆောက်ရေးအတွက် PSG ငွေလှူဒါန်းမည်
Photos: AFP,Talksport
Photos: AFP,Talksport
Published 17 April 2019

 

ပြင်သစ်လီဂူးကလပ် PSG အသင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် Notre Dame ဘုရားရှိခိုးကျောင်း ပြန်လည်တည်ဆောက်ရေးအတွက် ငွေကြေးပါဝင်လှူဒါန်းမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

နှစ်ပေါင်း (၈၅၀) သက်တမ်းရှိပြီဖြစ်သည့် Notre Dame ဘုရားကျောင်းသည် ပြင်သစ် နိုင်ငံ ပါရီမြို့၌တည်ရှိပြီး ဧပြီ (၁၅) ရက် ညနေပိုင်းက မီးလောင်ကျွမ်းမှုကြောင့် (၁၃) ရာစုလက်ရာ ဝက်သစ်ချသားခေါင်မိုးနှင့် (၁၉) ရာစု လက်ရာ ခေါင်ချွန်းတို့ ပြိုကျပျက်စီးခဲ့သည်။ မီးလောင်ကျွမ်းမှုကို ပါရီမီးသတ်တပ်ဖွဲ့က (၁၅) နာရီကြာငြိှမ်းသတ်ခဲ့ရပြီး ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန်က ဘုရားကျောင်းအား ပြန် လည်တည်ဆောက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားထားသည်။

သို့ဖြစ်ရာ PSG အသင်းက ဘုရားကျောင်းတည်ဆောက်ရာ တွင် ငွေကြေးထည့်ဝင်လှူဒါန်းရန် အသင်းတာဝန်ရှိသူများ၊ မိတ်ဖက်စီးပွားရေးကုမ္ပဏီ များ၊ ပါရီနှင့် နိုင်ငံအသီးသီးမှ ပရိသတ်များ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။

" Notre Dame de Paris Cathedral မီးလောင်ကျွမ်းမှု ဖြစ်ရပ်အတွက် PSG အသင်းအနေဖြင့် ပါရီ မြို့သားအားလုံးနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်။ PSG အသင်း၏ အဓိကတာဝန်ရှိသူများ၊ မိတ်ဖက်များ၊ ပါရီနှင့် နိုင်ငံရပ်ခြားမှ  ပရိသတ်အဖွဲ့များအနေဖြင့် လာမည့်နှစ်များအတွင်း ဘုရားရှိခိုးကျောင်းပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ကနဦး ရန်ပုံငွေရှာဖွေရေးလုပ်ငန်းများ၌ ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် စတင် လုပ်ဆောင်နေပြီ ဖြစ်ပါသည်။ ရဲဝံ့စွာဖြင့် မီးငြိှမ်းသတ်ခဲ့သော ပါရီမီးသတ်ဌာနကိုလည်း ဂုဏ်ပြုကြောင်း ကြေညာအပ်ပါသည်။ အသင်းအနေဖြင့် မီး သတ်သမားများအတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းလည်း အသိပေးအပ်ပါသည်" ဟု PSG အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပြင်သစ်ပရော်ဖက်ရှင်နယ်ဘောလုံးလိဂ် (LFP) ဥက္ကဋ္ဌ နာတာလီဘွိုင်း ဒီလာတူး၊ ပေါ့ဘာ၊ ဒေးဗစ်ဘက်ခမ်၊ နေမာ၊ လာကာဇက်၊ ဒရော့ဘာ၊ ဘာပေ စသည့် နာမည်ကျော်များကလည်း ဝမ်းနည်းစကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent