ကျောက်ဖြူမြို့နယ်တွင် ခုံးကောင်များ သေဆုံးမှုနှင့်ပတ်သက်၍ လူမှုကွန်ရက်တင်သူအား ရခိုင်ပြည်နယ်အစိုးရက အမှုဖွင့်

ကျောက်ဖြူမြို့နယ်တွင် ခုံးကောင်များ သေဆုံးမှုနှင့်ပတ်သက်၍ လူမှုကွန်ရက်တင်သူအား ရခိုင်ပြည်နယ်အစိုးရက အမှုဖွင့်
Published 7 October 2018
သန်းလှိုင်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ခုံးကောင်များ သေဆုံးမှုနှင့်ပတ်သက်ပြီး လူမှုကွန်ရက်တွင် တင်ခဲ့သူအား ကိုမျိုးလွင် (ပိုက်လိုင်းစောင့်ကြည့်ရေးအဖွဲ့) အား ရခိုင်ပြည်နယ်အစိုးရက အမ်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

ထိုသို့ အမှုဖွင့်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား အမ်းဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းထွန်းမှ အောက်တို ဘာ ၁ ရက်က အမှုလာရောက်ဖွင့်ခဲ့ခြင်းဖြစ်ကြောင်း အမ်းရဲစခန်းမှ သိရှိရသည်။

“အမှုဖွဲ့တဲ့ကိစ္စကတော့ Facebook တင်တဲ့ကိစ္စပေါ့။ ၆၈ (က)နဲ့ အမှုဖွင့်တာဖြစ်တယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စားဆိုပြီးတော့ အမ်းဒုမြို့နယ်အုပ်ချုပ်ရေးမှူးက အမှုလာဖွင့်တာဖြစ်ပါတယ်။ ဒီလတစ်ရက်နေ့ကစပြီး အမှုဖွင့်ထားပါတယ်” ဟု ပြောကြားသည်။

အမှုဖွင့်ခံထားရသော ကိုမျိုးလွင်၏ လူမှုကွန်ရက်စာမျက်နှာတွင် ခုံးသေဆုံးသော သတင်းများကို ကနဦးတင်ပြခဲ့ခြင်းများရှိခဲ့သည့်အပြင် ရေထုညစ်ညမ်းမှုများနှင့်ပတ်သက်ပြီးလည်း ရေးသားတင်ပြခြင်းများရှိခဲ့သကဲ့သို့ ရေလုပ်သားများအနေဖြင့် အရေပြားရောဂါဖြစ်ပွားခြင်းများကိုလည်း ရေးသားဖော်ပြခြင်းများရှိခဲ့သည့်အတွက် မည်သည့် ကိစ္စအပေါ် တိုင်ချက်ဖွင့်သည်ကို မသိရသေးကြောင်းလည်း ကိုမျိုးလွင်က ပြောကြားခဲ့သည်။

“အမှုဖွင့်တယ်လို့တော့ပြောတယ်။ ဒီနေ့တော့ အမ်းမြို့မရဲစခန်းက ဖုန်းနဲ့ဆက်သွယ်လာတယ်၊ လူမှုကွန်ရက်မှာတင်တဲ့ ပို့စ်တစ်ခုကြောင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက နေဒီလတစ်ရက်နေ့က တိုင်ချက်ဖွင့်ထားတယ်လို့ ပြောတယ်။ ဒါပေမဲ့ အသေးစိတ်မပြောဘူး၊ ဒါကြောင့် ဘယ်ပို့စ်ကို အခြေခံပြီး အမှုဖွင့်တယ်ဆိုတာ ကျွန်တော်မသိသေးဘူး။ အခုလောလောဆယ် ခရီးလွန်နေတဲ့အတွက် အမ်းကို ၁၂ ရက်လောက်မှ ရောက်မယ်လို့ ပြောလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဥပဒေဘောင်ထဲက ရင်ဆိုင်သွားမှာပါ” ဟ ပြောကြားသည်။

ကိုမျိုးလွင်အနေဖြင့် တရုတ်-မြန်မာ ပိုက်လိုင်းစောင့်ကြည့်ရေးအဖွဲ့တွင် အမ်းမြို့ နယ်တာဝန်ခံအဖြစ် လုပ်ဆောင်နေသူတစ်ဦးဖြစ်ကာ လူမှုရေးကိစ္စရပ်များတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent