ထိုင်းနိုင်ငံတောင်ပိုင်း ပကျွတ်ခရိုင် ဟွေ့ဟင်မြို့ရှိ ဒိုလီအမည်ရှိ သစ်သီးစက်ရုံတွင် ၀င်ရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား ၁၇၁ ဦးတို့သည် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံရမှုအပါအ၀င် အလုပ်ထုတ်ခံရကြောင်း သိရသည်။
အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမားများသည် အလုပ်သမားသံအရာရှိရုံးသို့ သွားရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။
“အရင်နှစ်တွေက တစ်ခါမှ အခုလိုမကြုံ ခဲ့ရဖူးပါဘူး။ ကျွန်မတို့ကို အလုပ်က ထုတ်လိုက်တယ်ဆိုပြီး ထိုင်းဘာသာနဲ့ရေးထားတဲ့ စာရွက်တစ်ရွက်ပေးတယ်။ အဲဒီစာရွက်နဲ့ အလုပ်လိုက်ရှာတာ ဘယ်စက်ရုံကမှ လက်မခံဘူး။ အလုပ်မလုပ်ရလို့ ကျွန်မတို့ မိသားစု အခက်အခဲကြုံနေရတယ်။ သားသမီး သုံးယောက်ရှိပါတယ်။ မြန်မာပြည်မှာ ကျောင်းတက်နေတဲ့ ကလေးအတွက်လည်း ကျောင်းစရိတ် ပံ့ပိုးပေးနေရတယ်။ ဒီမှာရှိတဲ့ ကလေးနှစ်ယောက်အတွက် နို့မှုန့်ဖိုးကလည်း ရှိသေးတော့ အခုအလုပ်မရှိလို့ အခက်အခဲအရမ်း ဖြစ်နေရပါတယ်” ဟု စက်ရုံတွင် လုပ်သက်ရှစ်နှစ်လုပ်ကိုင်ခဲ့သူ မချိုချိုဝင်းက ပြောကြားသည်။
အဆိုပါ သစ်သီးစက်ရုံသို့ အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦး၊ မြန်မာပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) အထွေထွေအတွင်းရေးမှူး ဦးကျော်ဇောနှင့် တာဝန်မှူးများ၊ သက်ဆိုင်ရာ အေဂျင်စီများ ပကျွတ်ခရိုင် ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ရှာဖွေရေးရုံး (ကျဟာငန်)၊ ထိုင်းအလုပ်သမားကာကွယ်ရေးဌာန (ဆ၀ါဒီကန်) ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယင်းစက်ရုံသို့သွားရောက်၍ စက်ရုံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အလုပ်ရှင်၊ အလုပ်သမားပြဿနာကို ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
စက်ရုံမန်နေဂျာက မိမိတို့စက်ရုံသည် ရာသီပေါ်သီးနှံများကို လုပ်ကိုင်ရသဖြင့် တစ်နှစ်လျှင် တစ်လခန့် အလုပ်ရပ်နားရသည့်အတွက် ယခုအသစ်ထုတ်ပြန်ထားသည့် အလုပ်သမားဥပဒေသစ် ပုဒ်မ (၁၃) အရ အလုပ်ရှင်က အလုပ်သမားတစ်ဦးကို ၁၅ ရက်ထက်ပိုပြီး အလုပ်ခိုင်းစေနိုင်ခြင်း မရှိပါက နယ်မြေခံ ထိုင်းအလုပ်အကိုင်ရှာဖွေရေးရုံး (ကျဟာငန်) သို့ သတင်းပို့၍ အလုပ်ထုတ်စာပေးခဲ့ရခြင်းဖြစ်ကြောင်း ခုခံပြောကြားခဲ့ကြောင်း သိရသည်။
အလုပ်ထုတ်ခံရသောအလုပ်သမားများ အလုပ်အကိုင်သစ်များ ရရှိစေရေးအတွက် အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးနှင့် (MOEAF) တို့မှ ဆက်လက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါစက်ရုံ၌လုပ်ကိုင်နေသော အလုပ်သမားအများစုမှာ ယခင်ယာယီနိုင်ငံကူး စာအုပ်အဟောင်းများ သက်တမ်းပြည့်၍ MoU စနစ်သို့ ကူးပြောင်းထားသည့် (MoU U Turn ) အလုပ်သမားဟောင်းများအပါအ၀င်၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ကိုင်ဆောင်ထားကြသည့် အလုပ်သမား ၃၀၀၀ ခန့်ရှိကြောင်း သိရသည်။ ရာသီပေါ်သီးနှံများအပေါ် မှီခိုလုပ်ကိုင်ရသည့်အတွက် တစ်နှစ်တွင် ပုံမှန်ရက် ၄၀ ခန့် အလုပ်နားကြရသော်လည်း ယခုနှစ်တွင် အလုပ်မှရပ်စဲခြင်းခံခဲ့ရပြီး ပြန်လည်ဝင်ရောက်လိုပါက ဘတ်ငွေ ၃၅၀၀ ကောက်ခံရန်ပြောဆိုမှုကြောင့် ပြဿနာစတင်ဖြစ်ပွားရကြောင်း၊ အလုပ်သမားဟောင်းများသည် ယင်းစက်ရုံတွင် ၁၀ နှစ်မှ အနည်းဆုံး လေးနှစ်အထိလုပ်ကိုင်ခဲ့ကြသော အလုပ်သမားဟောင်းများဖြစ်ကြောင်း သတင်းရရှိသည်။















