ယခုနှစ်အတွင်း စားသုံးသူရေးရာ ဦးစီးဌာနအောက်ရှိ စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သို့ တိုင်ကြားလာသည့် အမှုပေါင်း ၂၀၀ အနက် ဆက်သွယ်ရေး၊ ခရီးသွားနှင့် ရုပ်သံလိုင်း ဝန်ဆောင်မှု လုပ်ငန်းများအပေါ် မကျေနပ်၍ တိုင်ကြားမှု အများဆုံးဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ပြောကြားသည်။
“ဝန်ဆောင်မှု လုပ်ငန်းတွေဆိုတာ အများကြီးပါ။ အခုနောက်ပိုင်းက ဆက်သွယ်ရေး၊ ခရီးသွား ဝန်ဆောင်မှုတွေ ရုပ်သံလိုင်း ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားမှုတွေ များပါတယ်။ ခရီးသွားဆို အဓိက,က အာမခံပေးထားတဲ့ အပိုင်းတွေနဲ့ဆိုင်တယ်။ မူလစျေးကွက်ကို ကြော်ငြာတုန်းက ပြောထားတာတွေ နဲ့လက်တွေ့နဲ့ မကိုက်ညီတာ မျိုးတွေကို ကျွန်တော်တို့ဆီ တိုင်ကြားမှုများပါတယ်။ မိုဘိုင်းတွေနဲ့ ပတ်သက်လို့လည်း တိုင်ကြားတာများပါတယ်။ အရေအတွက်အားဖြင့်တော့ ၂၀၁၇ ကတော့ တစ်နှစ်လုံးမှ ၁၀၄ မှုအထိ ပဲရှိပါတယ်။ ဒီနှစ်၂၀၁၈ မှာတော့ ပြီးခဲ့တဲ့ ဧပြီကနေ သြဂုတ်လကုန် အထိက ၁၅၀ ကျော်။ အခုဆိုရင် ၂၀၀ လောက်အထိ တိုင်ကြားမှု မြင့် တက်လာပါတယ်။ ဒီလို မြင့်တက် လာတာကလည်း ကျွန်တော်တို့ ဌာနဘက်က ဆောင်ရွက်ပေးတာတွေ လည်းရှိပါတယ်။ နဂိုက တိုင်ကြားမှုတွေကို ရုံးမှာစာနဲ့ပေနဲ့ တိုင်ကြားရတယ်။ အခုဆိုရင် ဝက်ဘ်ဆိုက် လွှင့်ထားပါတယ်။ အဲဒီမှာ စားသုံးသူတွေကို အသိပေးလိုတဲ့ သတင်းအချက်အလက်တွေ ပေးတဲ့အပြင် ကိုယ့်ရဲ့နစ်နာမှုကို တိုင်ကြားဖို့ ဖောင်လေးရှိပါတယ်။ အဲဒီမှာ ဖြည့်စွက်တိုင်ကြားလို့ ရပါတယ်။ Facebook က CICC Page တွေမှာလည်း ကနဦး တိုင်ကြားမှုတွေလည်း လုပ်လို့ရပါတယ်” ဟု ဦးဆွေတင့်ကြူးက ပြောကြားသည်။
ယခုနှစ်ပိုင်းအတွင်း စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့သို့ တိုင်ကြားလာသည့် အမှုများအနက် စားသောက်ကုန်များ၏ အရည်အသွေးပိုင်းနှင့် ပတ်သက်သော အမှုများသာမက အခြားဝန်ဆောင်မှု အပိုင်းနှင့် ပတ်သက်သော တိုင်ကြားမှုများပါ မြင့်တက်လာကြောင်း သိရသည်။
ထို့ပြင် ဝယ်ယူစားသောက် သုံးစွဲကြသည့် ကုန်ပစ္စည်းများ ထုတ်လုပ်သည့်နေ့နှင့် သက်တမ်းကုန်လွန်သည့် နေ့တို့အား မသင်္ကာဖွယ်ရာ ပြုပြင်ထားခြင်းများ တွေ့ရှိပါက တိုင်ကြားရန် စားသုံးသူရေးရာ ဦးစီး ဌာနက အသိပေး နှိုးဆော်ထားသည်။
တိုင်ကြားမှုများကို စားသုံးသူရေးရာ ဦးစီးဌာန၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာများ (CICC) များအပြင် လူမှုကွန်ရက်စာမျက်နှာရှိ CICC – Nay Pyi Taw မှတစ်ဆင့်လည်း တိုင်ကြားနိုင်ကြောင်းနှင့် ပြည်ထောင်စုနယ်မြေ ၀၆၇၃-၄၃၀၄၆၈၊ ၀၆၇၃-၀၄၃၀၁၄၉၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ၀၁-၂၄၅၀၈၆ သို့ ဆက်သွယ်တိုင်ကြား နိုင်ကြောင်း သိရသည်။















