အန်ဖီးလ်ကွင်း၌ လီဗာပူးလ်အသင်းနှင့် မန်စီးတီးအသင်းတို့ ယနေ့ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲကို နိုင်ငံပေါင်း (၁၇၉) နိုင်ငံတွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ရုပ်သံမှကြည့်ရှုသူ တစ်ဘီလီယံအထိရှိ နိုင်ကြောင်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်က မျှော်မှန်းထားသည်။
ပရီးမီးယားလိဂ် ပွဲစဉ် (၈) အဖြစ် ယှဉ်ပြိုင်ကစားမည့် ယင်းပွဲကို ယနေ့ မြန်မာစံတော်ချိန် ည (၁၀) နာရီတွင် ကျင်းပမည်ဖြစ်ပြီး ကုလသမဂ္ဂ(UN) အဖွဲ့ဝင် (၁၉၃) နိုင်ငံအနက် (၁၇၉) နိုင်ငံတွင် တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယင်း နှစ်သင်းမှာ ဥရောပအပြင် အာရှနှင့် အမေရိကဒေသတွင်လည်း ပရိသတ်များစွာပိုင်ဆိုင်ထားသောကြောင့် ရုပ်သံမှကြည့်ရှုသူ တစ်ဘီလီယံအထိရောက်ရှိရန် ပရီးမီးယားလိဂ် အဖွဲ့ချုပ်က မျှော်မှန်းထားခြင်းဖြစ်သည်။
ယင်းပွဲနှင့်ပတ်သက်၍ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က " အရင်ကပြောခဲ့ဖူးတာကိုပဲ ထပ်ပြောပါရစေ။ ဘောလုံးလောကအတွက် အရေးကြီးဆုံးအရာနဲ့ အရေးကြီးဆုံး လုပ်ရမယ့်အချက်က လူတွေကို ဖျော်ဖြေမှုပေးနိုင်ဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒါက ဘောလုံးပွဲသက်သက်မဟုတ်လို့ပါ။ ကျွန်တော်တို့က လူ့အသက်ကိုမကယ်နိုင်ပါဘူး။ တီထွင်ဖန်တီးမှုလည်း မလုပ်နိုင်ပါဘူး။ ခွဲစိတ်ကုသမှုကောင်းတဲ့သူတွေလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့က ဘောလုံးကို ကောင်းကောင်းကစားရုံပဲ တတ်နိုင်တာပါ။ လူတွေကိုသာ ဖျော်ဖြေမှု မပေးနိုင်ရင် ဘာကြောင့်ကစားနေရဦးမှာလဲ" ဟု သုံးသပ်ပြောကြားခဲ့သည်။