မန္တလေးမြို့၏ အထင်ကရ နေရာများထဲတွင် တစ်ခုအပါအဝင်ဖြစ်ကာ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အများဆုံး လာရောက်သော တောင်သမန်အင်းနှင့် ဦးပိန်တံတားတွင် သန့်ရှင်းရေးအတွက် စျေးသည်များနှင့် ငှက်လှေအဖွဲ့များက အပတ်စဉ် ပူးပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေး ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
တောင်သမန်အင်းနှင့် ဦးပိန်တံတား သန့်ရှင်းသာယာ လှပရေးအတွက် အမှိုက်များ ရှင်းလင်းခြင်းကို ယခင်က မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများဖြင့် လာရောက် လုပ်ကိုင်ခြင်းနှင့် အမှိုက်ကား နေ့စဉ်လာရောက် သိမ်းဆည်းသယ်ဆောင်ခြင်းများ ပြုလုပ်ခဲ့သော်လည်း လက်ရှိတွင် စည်ပင်မှ အမှိုက်ကား လာရောက်ခြင်း မရှိသည်မှာ နှစ်လဝန်းကျင်ခန့် ရှိပြီဖြစ်ပြီး အမှိုက်များကို ဒေသခံစျေးသည်များနှင့် ငှက်လှေအဖွဲ့သားများက မိမိတို့ အစီအစဉ်ဖြင့် ကားငှားကာ သယ်ယူပို့ဆောင်နေရပြီး လက်ရှိတွင် အင်းဝန်းကျင် သာယာလှပရေးအတွက် အင်အားအမှီပြု လုပ်ကိုင်နေသူများ စုပေါင်းကာ သန့်ရှင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“အင်းသန့်ရှင်းရေးအတွက် အရင်က မြို့တော်စည်ပင်က အခါအားလျော်စွာ လာရောက် လုပ်ကိုင်ပေးနေတယ်။ အခုနောက်ပိုင်းမှာ လာရောက်ခြင်း မရှိတော့တဲ့အတွက် စျေးဆိုင်တွေနဲ့ ငှက်လှေအဖွဲ့တွေ ပူးပေါင်းပြီး ကိုယ်ထူကိုယ်ထ ရှင်းလင်းရေးကို ကြပ်မတ်ဆောင်ရွက်တာဖြစ်တယ်။ စျေးဆိုင်တွေဆိုရင် နေ့စဉ်မိမိဆိုင်ဝန်းကျင်နဲ့ ထွက်သမျှအမှိုက်ကို စနစ်တကျ အမှိုက်ကန်တွေမှာ စွန့်ပစ်ဖို့ လုပ်ဆောင်နေသလို အပတ်စဉ် တစ်ဆိုင်တစ်ယောက်နှုန်းနဲ့ အင်းဝန်းကျင် အမှိုက်ကောက်တာ၊ သန့်ရှင်းရေး ဆောင်ရွက်တာ ဖြစ်တယ်။ စည်ပင်က ဝန်ထမ်းအင်အားရ လူမလာနိုင်တာကို ကျွန်တော်တို့က မပြောလိုပါဘူး။ အင်းသန့်ရှင်း သာယာရေးအတွက် နေ့စဉ်ထွက်ရှိတဲ့ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်နိုင်ဖို့ အမှိုက်ကား လာရောက်သယ်ယူ သိမ်းဆည်းပေးဖို့တော့ လိုအပ်ပါတယ်။ အခုက အမှိုက်ကန်တွေရှိတယ် ဆိုပေမယ့် တစ်ပတ်တစ်ခါ အမှိုက်ရှင်းတဲ့ အခါမှာ အမှိုက်ထွက်ရှိမှုများရင် ကျွန်တော်တို့တွေက ကားငှားပြီး ဒီအမှိုက်တွေကို သူတို့ခွင့်ပြုတဲ့နေရာ ပို့နေရတဲ့အတွက် အခက်အခဲတော့ရှိတယ်” ဟု တောင်သမန်အင်းဘေးတွင် ဆိုင်ခန်းဖွင့်လှစ်ထားသည့် ဦးကျော်သိန်းက ပြောကြားသည်။
တောင်သမန်အင်းနှင့် ဦးပိန်တံတား သန့်ရှင်းသာယာ လှပရေးအတွက် ခရီးသွားဌာနနှင့် ဆက်စပ်ဌာနများမှ အမှိုက်ကောက် လှုပ်ရှားမှုများ ပြုလုပ်ခြင်းများကို အခါအားလျော်စွာ လာရောက် လုပ်ကိုင်လေ့ရှိပြီး စည်ပင်ဌာနမှ လာရောက် သိမ်းဆည်းခြင်းများကို ကူညီပေးလေ့ ရှိသော်လည်း နေ့စဉ်စနစ်တကျ လာရောက် လုပ်ကိုင်မှုနည်းကာ လက်ရှိတွင် စည်ပင်ဌာနမှပါ လာရောက်ခြင်း မရှိတော့သည့်အတွက် ဒေသခံများအနေဖြင့် အင်းသန့်ရှင်းရေးအတွက် ယခင်ထက်ပိုမို ဆောင်ရွက်ရလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံခြားသားဧည့်သည် အဝင်များသော ပွင့်လင်းရာသီသို့ ရောက်ရှိနေပြီဖြစ်ကာ တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့လည်း နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ယခင်လများထက် များပြားလာသည့်အတွက် သန့်ရှင်းရေးလုပ်ငန်းများ ပိုမိုစနစ်တကျရှိစေရန် လိုအပ်လျက်ရှိကြောင်း၊ အင်းရေကျချိန် ဖြစ်သောကြောင့် အင်းအတွင်း ဗေဒါများ ပိတ်ဆို့နေမှုများရှိကာ ယင်းဗေဒါ ဆယ်ခြင်းများ ဆောင်ရွက်ရန် အတွက်လည်း စည်ပင်သာယာဌာနမှ ကူညီမှုများ ပြုစေလိုကြောင်း ဒေသခံများက ပြောကြားသည်။
တောင်မင်းကြီး ဂေါပကအဖွဲ့ အနေဖြင့်လည်း လက်ရှိအခက်အခဲများ၊ အင်းသန့်ရှင်းရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာ စည်ပင်သာယာ ကော်မတီသို့ စာတင်ပြ အကူအညီ တောင်းခံခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။















