မော်တော်ယာဉ် တင်သွင်းမှုများတွင် ရန်ကုန်လိုင်စင် ထုတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းမှုများ ပြုလုပ်နေပြီး မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ အခမ်းအနားများ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အောက်တိုဘာ ၆ ရက်တွင် ပြောကြားသည်။
“ကားတင်သွင်းမှု ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ ရန်ကုန်လိုင်စင် ထုတ်ပေးနိုင်ဖို့ ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က သဘောထား ရှိပါတယ်။ ဒါနဲ့ပတ်သက် ပြီးတော့လည်း ကျွန်တော်တို့ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပွဲတွေ ဆောင်ရွက်နေပါတယ်။ စီးပွား/ကူးသန်း ဝန်ကြီးဌာန၊ တခြားသက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းပြီး အခမ်းအနားတွေ ပြင်ဆင်ဆောင်ရွက်နေတာ ရှိပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
ရန်ကုန်မော်တော်ယာဉ် လိုင်စင်ဖြစ်သည့် YVQC (Yangon Vehicle Quota Certificate) ကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ဥပဒေနှင့်မညီ ဟုဆိုကာ ပိတ်ပင်ထားမှုမှာ မည်သည့်ဥပဒေနှင့် ပိတ်ထားသလဲဟု မြန်မာ့မော်တော်ကား ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက မေးခွန်းထုတ်သည်။
“သို့သော်လည်း ကားအသစ်မှာဆို အစီးလိုက်တင်သွင်းတဲ့ CKD ဆိုတာ ရှိမယ်။ SKD လို့ခေါ်တဲ့ ဒီမှာတပ်ဆင်တဲ့ ဆူဇူကီးတို့၊ နစ်ဆန်းစူပါဆလွန်းတို့၊ ဖို့ဒ်တို့ဟာမျိုးပေါ့။ သူကတော့ ပြည်ပက သွင်းလာတာကို ဒီမှာပြန်ပြီး တပ်ဆင်တာမျိုးပေါ့။ သူ့မှာ ထူးခြားချက်က ဘာရှိသလည်းဆို အခု ရန်ကုန်လိုင်စင် မရသေးဘူး။ YVQC ခေါ်တယ်။ အစိုးရနဲ့ ရှေ့နေချုပ်ရုံးကြားမှာ အခုထက်ထိ ညှိလို့မရသေးဘူး။ ရန်ကုန်လိုင်စင် ပိတ်တုန်းကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က စာလေးတစ်စောင် ထုတ်လိုက်တယ်။ ရန်ကုန်လိုင်စင် ပိတ်လိုက်မယ် ဆိုပြီးတော့ ရပ်သွားတယ်။ ပြန်ဖွင့်တဲ့ အခါကျတော့ ရှေ့နေချုပ်ရုံးက ပြောတယ်။ ဥပဒေနဲဲ့ မညီပါဘူးတဲ့။ ကျွန်တော်တောင် ပြောပြလိုက်သေးတယ်။ ‘ခင်ဗျားတို့ ပိတ်တုန်းက ဘာဥပဒေရှိလဲ’ ဆိုတော့ ‘မရှိဘူး’ တဲ့။ ဖွင့်တဲ့အခါကျတော့မှ ဥပဒေနဲ့ မညီဘူးဆိုတော့ ‘ဘယ်ဥပဒေနဲ့ မညီတာလဲ’ ဆိုတော့ သူတို့က မဖြေဘူး။ ဖွင့်တဲ့အခါကျတော့ ဥပဒေနဲ့ မညီဘူးဆိုတော့ ကျွန်တော်ကတော့ ကျွန်တော့်မခေါ်လို့။ ရှေ့နေချုပ်နဲ့ တွေ့ချင်တယ်။ ခင်ဗျားတို့ ပိတ်ထားတုန်းက အခြေခံ ဥပဒေမှာရှိတဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေတာ ဖြစ်တယ်” ဟု ဒေါက်တာစိုးထွန်းက ပြောကြားသည်။
ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်များကို ရန်ကုန်လိုင်စင်ပေးရန် ကန့်သတ်ထားပြီး အဆိုပါ လိုင်စင်ရရှိရန် စလစ်ကပ်ရကာ အဆိုပါ စလစ်စျေးမှာလည်း ကျပ်သိန်း ၁၅၀ ခန့်တွင် ရှိနေသည်။ သို့သော် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် ယာဉ်များကိုမူ ကညန အခွန်ကင်းလွတ်ခွင့်နှင့် ရန်ကုန်လိုင်စင် ပေးထားသည့် အခြေအနေ ဖြစ်ပေါ်နေသဖြင့် မော်တော်ယာဉ်စျေးနှုန်းများ မြင့်တက်မှု ပြဿနာနှင့် ရင်ဆိုင်နေရသည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း ကားတင်သွင်းနေသည့် လုပ်ငန်းရှင်များထံမှ သိရသည်။
မော်တော်ယာဉ် စျေးကွက်တွင် ညာမောင်း တင်သွင်းခွင့် ပိတ်လိုက်သဖြင့် ယာဉ်ဟောင်းများစျေးနှုန်း မြင့်တက်လာပြီး လက်ရှိတွင် မော်တော်ယာဉ်သစ်များကို အရစ်ကျစနစ်ဖြင့် ဝယ်ယူမှု ပိုမိုများပြားလာပြီး ရာခိုင်နှုန်း ၈၀ ခန့်ရှိနေကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ဇူလိုင်လအထိ မြန်မာနိုင်ငံတွင် Brand New ကားသစ်အစီးရေ ၈၃၄၁ စီးရောင်းချနိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၁၁၉ ရာခိုင်နှုန်းကျော် များပြားခဲ့ကာ အာဆီယံနိုင်ငံများအနက် တိုးတက်မှုနှုန်း အမြင့်ဆုံး ဖြစ်နေကြောင်း ASEAN Automotive Federation မှ ထုတ်ပြန်သည့် ဒေသတွင်းကားသစ် ရောင်းချမှုနှင့် ထုတ်လုပ်မှုဆိုင်ရာ အစီရင်ခံစာအရ သိရသည်။















