အောင်လအန်ဆန်၏ Mohammad Karaki အပေါ် အနိုင်ပွဲမှ သင်ယူနိုင်သော အရာ ၄ ခု

အောင်လအန်ဆန်၏ Mohammad Karaki အပေါ် အနိုင်ပွဲမှ သင်ယူနိုင်သော အရာ ၄ ခု
Photo: One Championship
Photo: One Championship
Published 2 November 2018

 

 

ပြီးခဲ့သော သောကြာ၊ အောက်တိုဘာလ ၂၆ ရက်တွင် ရန်ကုန်မြို့၌ကျင်းပခဲ့သော ONE: PURSUIT OF GREATNESS ပြိုင်ပွဲကြီးတွင် ဝမ်းမစ်ဒယ်ဝိတ်နှင့် လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံ “မြန်မာ့စပါးအုံး” အောင်လအန်ဆန်သည် ရှုံးပွဲမရှိစံချိန်တင်ထားသည့် စိန်ခေါ်သူ Mohammad “O Lutador” Karaki ကို ပထမအချီတွင်ပင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရယူခဲ့သည်။

အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို ဆုံးရှုံးရနိုင်ချေရှိသည့် အခိုက်အတန့်မှာ လွန်စွာ မကြာမြင့်လိုက်ဘဲ ခါးပတ်ကို ပိုင်ရှင်ထံတွင်သာ ဆက်လက်မြင်တွေ့နိုင်ပြီဖြစ်သည်။ အောင်လအန်ဆန်သည် လက်ဘနွန်နိုင်ငံသား ပြိုင်ဘက်၏ မြေပြင်ပေါ်ဖြိုလှဲရန်ကြိုးပမ်းမှုများကို ရင်ဆိုင်ခဲ့ရကာ ပြန်လည်ဖိအားပေးထိုးသတ်နိုင်ခဲ့ပြီး ပထမအချီတစ်ဝက်လောက်အရောက်တွင်ပင် ပြိုင်ဘက်အပေါ် လက်သီးထိုးနှက်ချက်များ ပစ်သွင်းကာ အဆုံးသတ်အနိုင်ယူလိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုအနိုင်ရယူမှုမှာ “မြန်မာ့စပါးအုံး” အောင်လအန်ဆန်၏ ပြောင်မြောက်သော ထပ်မံစွမ်းရည်ပြသမှုပင်ဖြစ်သည်။ အောက်ပါ အချက် ၄ ချက်မှာ ထိုအနိုင်ရမှုမှ ထုတ်နုတ်လေ့လာနိုင်သော အရာများဖြစ်သည်။

 

၁။ အောင်လသည် ပြိုင်ဘက်များကို အထင်မသေးတတ်ပါ

Karaki သည် အလွန်ထူးချွန်သော ပြိုင်ဘက်တစ်ဦးအနေဖြင့် ယှဉ်ပြိုင်လာသူဖြစ်သည်။ သူသည် ပြိုင်ပွဲမှတ်တမ်း ၉-၀ ရရှိထားသူဖြစ်ကာ Phoenix မစ်ဒယ်ဝိတ်တန်းချန်ပီယံတစ်ဦး၊ Desert Force ပြိုင်ပွဲ၏ ဝိတ်တန်းနှစ်ခုချန်ပီယံတစ်ဦးလည်းဖြစ်သည်။ ဤလက်ဘနွန်နိုင်ငံသား စိန်ခေါ်သူသည် ပြိုင်ပွဲကြီးအတွင်း အလွန်အရည်အချင်းပြည့်ဝသော အားကစားသမားအနေဖြင့် ယှဉ်ပြိုင်လာခဲ့ခြင်းဖြစ်ကာ အောင်လအန်ဆန်သည်လည်း ပြိုင်ဘက်၏ ကြောက်မက်ဖွယ်ကောင်းလောက်သည့် အရည်အချင်းကိုလည်း အသိအမှတ်ပြုထားခဲ့သည်။

ထိုအသိဖြင့် မြန်မာနိုင်ငံသားအောင်လအန်ဆန်သည် ပြိုင်ပွဲ ပထမအချီအတွင်း အဆုံးသတ်အနိုင်ယူနိုင်မည့်အခွင့်အရေးမရရှိသေးခင်အထိ စိတ်ရှည်ရှည်ထား၍ ပါးနပ်စွာ လိုက်ကစားနေနိုင်ခဲ့သည်။

အောင်လအန်ဆန်အနေဖြင့် ရှေ့လျှောက်ရင်ဆိုင်သွားရမည့် ပြိုင်ဘက်များသည် နိုင်ငံတကာအဆင့်မီသည့် စိန်ခေါ်သူများပင်ဖြစ်သည့်အကြောင်း သိရှိထားကာ ယခုပြိုင်ပွဲတွင်ကဲ့သို့ပင် ၎င်းအနေဖြင့် အနိုင်ရယူနိုင်ရေးအတွက် အလျင်စလို ယှဉ်ပြိုင်သွားမည်မဟုတ်ပေ။

 

၂။ ပြိုင်ဘက်၏လဲချရန်ကြိုးပမ်းမှုကို အောင်လ၏ ကာကွယ်မှုပုံစံသည် အလွန်ပြောင်မြောက်သည်

အောင်လအန်ဆန်ကို အနိုင်ရယူနိုင်ရန် Karaki အတွက် အကောင်းဆုံးအခွင့်အရေးမှာ မြေပြင်ပေါ်လဲချတိုက်ခိုက်သွားနိုင်ဖို့ပင်ဖြစ်သည်။ Karaki သည် ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲ ၅ ပွဲကို ချုပ်ကွက်သုံး၍အနိုင်ယူထားနိုင်သည့် ဘရာဇီးဂျူဂျစ်ဆုခါးပတ်ပိုင်ရှင်ဖြစ်ကာ သူ၏ ကစားသမားမှတ်တမ်းတွင် ၆ ပွဲမြောက်နိုင်ပွဲကို ရယူလိုခဲ့ခြင်းဖြစ်သည်။

Karaki က “မြန်မာ့စပါးအုံး” အောင်လအန်ဆန်ကို မြေပြင်ပေါ်လဲချနိုင်ရန်အတွက် ၂ ကြိမ်တိုင်တိုင်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ အောင်လအန်ဆန်၏ ခန္ဓာကိုယ်အောက်ပိုင်း ကြံ့ခိုင်မှု၊ ကောင်းမွန်သော နည်းစနစ်တို့ကြောင့်ပင် ပြိုင်ဘက်၏ ကစားကွက်ကို အောင်မြင်စွာ ဖြိုဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

 

၃။ အောင်လ၏ လက်သီးချက်များသည် ပြင်းထန်သည်

အောင်လ၏ လက်သီးချက်ပြင်းအားကို မည်သူမျှ မေးခွန်းထုတ်ရန် လိုမည်မထင်ပေ။

အောင်လသည် ပွဲအတွင်း မတ်တတ်ရပ်ထိုးသတ်ကြသည့်အချိန်တွင် Karaki ကို ဖိအားပေးထားနိုင်ခဲ့သည်။ ဖြောင့်လက်သီး၊ ညာဝိုက်လက်သီး၊ ပင့်လက်သီးများပေါင်းစပ်ထားသည့် အောင်လ၏ လက်သီးချက်များသည် သေသပ်လှပလွန်းကာ ပင့်လက်သီးချက်ဖြင့်ပင် Karaki ကို အဆုံးသတ် အနိုင်ယူလိုက်နိုင်ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ခြေကန်ခြင်း၊ ကိုယ်ခန္တာလှည့်ခြင်းတို့ပြုလုပ်သောအခါမျိုးတွင် မြေပြင်ပေါ်လဲကျသွားနိုင်ချေရှိသဖြင့် ချန်ပီယံခါးပတ်ကို ဆုံးရှုံးရနိုင်ချေရှိနေခြင်းဖြစ်သည်။

 

၄။ ရန်ကုန်တွင် အောင်လကို အနိုင်ရဖို့မဖြစ်နိုင်

အောင်လအန်ဆန်သည် ၎င်း၏ အမိမြေ မြန်မာနိုင်ငံတွင် စုစုပေါင်း ပြိုင်ပွဲ ၇ ပွဲ ယှဉ်ပြိုင်ခဲ့ကာ ပြိုင်ပွဲအားလုံးတွင် အနိုင်ရရှိိထားသည်။

Karaki ကို အနိုင်ရလိုက်ခြင်းသည် ၎င်း၏ ကစားသမားမှတ်တမ်းတွင် အိမ်ကွင်း၌ ၅ ကြိမ်မြောက် ပွဲသိမ်းကွက်ဖြင့် အနိုင်ရခြင်းဖြစ်သည်။

အောင်လအန်ဆန်ကို အနိုင်ယူမည့်သူမပေါ်လာမချင်း ၎င်းသည် သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းကြီးတွင် ဆက်လက်၍ အနိုင်ပွဲများဆင်နွှဲသွားဦးမည်ဖြစ်သည်။

Most Read

Most Recent