ဒေါက်တာအေးမောင်အပေါ် တရားစွဲဆိုထားချက် ပယ်ဖျက်ပေးရန် ပြည်နယ်တရားလွှတ်တော်သို့ လျှောက်ထားချက်ကို နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်တင်သွင်းခဲ့ကြောင်း သိရ

ဒေါက်တာအေးမောင်အပေါ် တရားစွဲဆိုထားချက် ပယ်ဖျက်ပေးရန် ပြည်နယ်တရားလွှတ်တော်သို့ လျှောက်ထားချက်ကို နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်တင်သွင်းခဲ့ကြောင်း သိရ
Published 4 May 2018

ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသော ဒေါက်တာအေးမောင်အပေါ် တရားစွဲဆိုထား ချက်ပယ်ဖျက်ပေးရန် ရခိုင်ပြည်နယ် တရားလွှတ်တော်သို့ လျှောက်ထားချက်ကို နှစ်ဖက်ရှေ့နေများက မေ ၃ ရက်က လျှောက်လဲချက် တင်သွင်းခဲ့ကြောင်း သိရသည်။

ယင်းသို့ လျှောက်လဲချက်ပေးခြင်းနှင့် ပတ်သက်၍ ဒေါက်တာအေးမောင်ဘက်မှ ရှေ့နေ ဦးအောင်ကျော်စိန်က “ဒေါက်တာအေးမောင်နဲ့ ဝေဟင်အောင်အပေါ်မှာ စွဲဆိုထားတဲ့ နိုင်ငံတော်ပုန်ကန် သစ္စာဖောက်ဖျက်မှု၊ ရာဇသတ်ကြီးပုဒ်မ ၁၂၂ နဲ့ပတ်သက်လို့ ဒေါက်တာအေးမောင်ကိုယ်စား ကျွန်တော်လျှောက်လဲချက် ပေးခဲ့တယ်။ အချက်ငါးချက်ကို အခြေခံပြီး ကျွန်တော့်ဘက်က လျှောက်လဲတာဖြစ်ပါတယ်။ ဥပဒေအရ ကိုက်ညီမှုမရှိဘူးဆိုတဲ့ဘက်က လျှောက်လဲခဲ့ပါတယ်” ဟု ပြောကြားသည်။

အလားတူစွာပင် ပုဒ်မ ၅၀၅ (ခ) (ဂ) နှင့် စွဲဆိုထားချက်အပေါ်တွင်လည်း ရှေ့နေဦးခင်နုက ရှင်းလင်းလျှောက်လဲခဲ့ကြောင်းနှင့် ပုဒ် ၁၇ (၁) နှင့်ပတ်သက်၍လည်း ရှေ့နေဦးစံရွှေမောင်မှလည်း ဒေါက်တာအေးမောင်အပေါ် စွဲဆိုထားချက်သည် ငြိစွန်းမှုမရှိကြောင်း လျှောက်လဲခဲ့သည်ဟု သိရသည်။

ယင်းသို့ လျှောက်လဲကြားနာခြင်းများနှင့် ပတ်သက်ပြီး မည်သည့်နေ့ဆုံးဖြတ်မည်ကို မသိသေးကြောင်း ဒေါက်တာအေးမောင်၏ အကျိုးတော်ဆောင်ရှေ့နေများထံမှ သိရသည်။

အစိုးရဘက်မှ ဥပဒေအရာရှိကလည်း ဥပဒေလမ်းကြောင်းအတိုင်း ပါရှိသော အချက်အလက်များ ထောက်ပြခြင်းများကို ပြောကြားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ စာပေဟောပြောပွဲတွင် စာပေဟောပြောမှုနှင့် ပတ်သက်ပြီး ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား ပုဒ်မသုံးခုဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရှိရပြီး မေ ၂ ရက်တွင် ၁၀ ကြိမ်မြောက် ရုံးထုတ်ကာ လာမည့်မေ ၁၆ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

Most Read

Most Recent