မြို့ပတ်ရထားလမ်းပိုင်းရှိ ရန်ကုန်-အင်းစိန်လမ်းပိုင်းတွင် လူကူးခုံးကျော်တံတား အစင်း ၃၀ ကျော် တည်ဆောက်မည်

မြို့ပတ်ရထားလမ်းပိုင်းရှိ ရန်ကုန်-အင်းစိန်လမ်းပိုင်းတွင် လူကူးခုံးကျော်တံတား အစင်း ၃၀ ကျော် တည်ဆောက်မည်
Published 4 October 2018
  ငြိမ်းငြိမ်းသူ

ရန်ကုန်မြို့ပတ်ရထားလမ်းရှိ ရန်ကုန်-အင်းစိန်လမ်းပိုင်းတွင် ရထားလမ်းကူးလူကူး ခုံးကျော်တံတားများ တည်ဆောက်ရန် လျာထားကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်) မှ သိရသည်။

“ကျွန်တော်တို့ လူကူးခုံးကျော် တံတားတွေကိုဆောက်ဖို့ လုပ်နေပါတယ်။ အစင်း ၃၀ ကျော် ဆောက်ဖို့ရှိပါတယ်။ ဒီတည်ဆောက်ခြင်းလုပ်ငန်းကို နိုင်ငံတော် ဘတ် ဂျက်ထဲကနေ အသုံးပြုသွားမယ်” ဟု မြန်မာ့မီးရထား (အောက်မြန်မာပြည်) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရထားလူကူးခုံးကျော်တံတားများ တည်ဆောက်ရာတွင် မူလခုံးကျော်တံတား ၁၁ စင်းကို အဆင့်မြှင့်တင်မည်ဖြစ်ပြီး ကျန်ခုံးကျော်တံတားဟောင်းများကို ဆက်လက် အသုံးပြုရန် မသင့်လျော်ပါကလည်း အသစ်ပြန်လည် တည်ဆောက်မည်ဖြစ်သည်။

ရထားလူကူးခုံးကျော်တံတားတည် ဆောက်ခြင်းလုပ်ငန်းကို နိုင်ငံတော်ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၇၆ သန်းထဲမှ အသုံးပြု၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူကူးခုံးကျော်တံတား တည်ဆောက်ရာတွင် ရန်ကုန်-အင်းစိန်လမ်းပိုင်းတွင် ရှစ်စင်း၊ အင်းစိန်-တညင်းကုန်းလမ်းပိုင်းတွင် လေးစင်း၊ တညင်းကုန်း-မင်္ဂလာဒုံလမ်းပိုင်းတွင် သုံးစင်း၊ မင်္ဂလာဒုံ-ရန်ကုန်လမ်းပိုင်းတွင် အစင်း ၂၀ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မလိုလားအပ်သော ရထားအန္တရာယ်များ ပေါ်ပေါက်မှုမရှိစေရန် ရထားလမ်းတစ်လျှောက်တွင် ခြံစည်းရိုးကာရံသည့် လုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး ရထားလမ်းကူး လူကူးခုံးကျော် တံတားများကိုလည်း ဘဏ္ဍာငွေပေါ် မူတည်၍ တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။

ရန်ကုန်မြို့တွင် လက်ရှိပြေးဆွဲနေသည့် မြို့ပတ်ရထားကိုးစင်း၊ ဘူတာ ၃၈ ခုရှိပြီး လက်ရှိတည်ဆောက်ထားသည့် ရထားလမ်း လူကူးခုံးကျော်တံတား ၃၅ စင်း၊ ကားလမ်းကူးခုံးကျော်တံတား၂၄ စင်းရှိကြောင်း သိရသည်။                      

Most Read

Most Recent