ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင် (၂၈၄) မိုင် ငါးဖာလုံကျော်အနီးရှိ မြေသားလမ်းဘေးတွင် အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိခဲ့သဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဧပြီ ၄ ရက် ညနေပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင် (၂၈၄) မိုင် ငါးဖာလုံကျော်တွင် အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သတင်းအရ သီးကုန်းအမြန်လမ်းမရဲစခန်းမှူး ဒုရဲမှူး ထွန်းထွန်းဦးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေး အမြန်လမ်းမမိုင်တိုင် (၂၈၄) မိုင် ငါးဖာလုံကျော် အမြန်လမ်းမကြီးနှင့် ကိုက် ၅၀ ခန့်အကွာ မြေသားလမ်းပေါ်တွင် အမည်မသိ အမျိုးသမီးအလောင်းတစ်လောင်းအား ပြင်ပဒဏ်ရာမရှိ သေဆုံးလျက် တွေ့ရှိရပြီး အနီးတွင်အနက်ရောင် ကျောပိုးအိတ်တစ်လုံးအား တွေ့ရှိရသဖြင့် သက်သေများရှေ့တွင် ရှာဖွေစစ်ဆေးခဲ့ရာ အဝတ်အစားများနှင့် ဖုန်းတစ်လုံးအား တွေ့ရှိရသဖြင့် ယင်းဖုန်းတွင်ပါရှိသော နံပါတ်များအား ဆက်သွယ်ကြည့်ခဲ့သဖြင့် သေဆုံးသူ၏ ဆွေးမျိုးသားချင်းများနှင့် အဆက်အသွယ်ရရှိခဲ့ပြီး သေဆုံးသူမှာ မှော်ဘီမြို့နယ် ဝါးပတောကျေးရွာနေ ဒေါ်သက်သက်ခိုင် အသက်(၄၁)နှစ်ဖြစ်ပြီး အရက်အလွန် အကျွံသောက်စားလေ့ရှိသူဖြစ်ကြောင်း ကနဦး စစ်ဆေးချက်အရ သိရသည်။
“မနေ့က ညနေ ၄ နာရီလောက်က အမြန်လမ်းကြက်ခြေနီက လှမ်းခေါ်တာနဲ့ သွားတယ်။ မိုင်တိုင်(၂၈၄) ခြောက်ဖာလုံနားမှာ အမျိုးသမီးတစ်ယောက် သေနေတော့ လာသယ်ပေးပါဦးဆိုလို့ သွားရတာ။ ဟိုရောက်တော့ သူ့မှာပါတဲ့ ဖုန်းလေးနဲ့ ရဲက ဖုန်းဆက်မေးတော့ မှော်ဘီဘက်က ဝါးပတောရွာကတဲ့။ သူတို့မိသားစုလည်း လိုက်ခဲ့မယ်ပြောတယ်။ ပတ်ဝန်းကျင်အပြောကတော့ မနက်ကတည်းက သေသွားတဲ့ အမျိုးသမီးက အဲဒီနားမှာရှိတယ်။ အရက်ဖိုးတွေ လိုက်တောင်းနေတယ် ပြောကြတယ်။ နေပူကြီးထဲ အရက်သောက် သေသွားတယ်ထင်ပါတယ်။ အဲဒါနဲ့ အစ်ကိုတို့ ရန်အောင်မြင်ကားနဲ့ပဲ မိတ္ထီလာကို တင်ခဲ့ရတယ်” ဟု ရန်အောင်မြင်လူမှုရေးအသင်းမှ ကိုအောင်ဆန်းက ပြောကြားသည်။
အဆိုပါအမှုအား သီးကုန်းအမြန်လမ်းမ ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁/ ၂၀၁၈ ဖွင့်လှစ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။