သိင်္ဂါရရသ သီချင်းဖြင့် ပရိသတ်နှစ်သက် အားပေးစေခဲ့သူ ပိုးမမှီသာ၏ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ

သိင်္ဂါရရသ သီချင်းဖြင့် ပရိသတ်နှစ်သက် အားပေးစေခဲ့သူ ပိုးမမှီသာ၏ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
Published 4 October 2018
လင်းလင်းခိုင်

အွန်လိုင်းအသုံးပြုမှု တွင်ကျယ်လာတာနဲ့အမျှ အွန်လိုင်းမှာ ထွက်ရှိလာတဲ့ Music Video တွေ၊ အလှဓာတ်ပုံတွေ၊ Short Story တွေနဲ့အတူ ပရိသတ် ချစ်ခင်အားပေးမှု ရလာတဲ့ မျက်နှာသစ်လူငယ် အနုပညာရှင် များစွာလည်း ထွက်ပေါ်လို့ လာပါတယ်။ ပရိသတ်အားပေး ချစ်ခင်မှုကို နှစ်ကာလရှည်ကြာ သိမ်းပိုက်ထားနိုင်တဲ့ တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ‘သိင်္ဂါရရသ’ တေးသီချင်းသစ် Music Video မှာ ပါဝင်သရုပ်ဆောင်ခွင့် ရခဲ့ရာကနေ ပရိသတ်တွေရဲ့ သတိပြုချစ်ခင်မှုကို ရလာသူကတော့ သရုပ်ဆောင် ပိုးမမှီသာ ဖြစ်ပါတယ်။ ဆေးတက္ကသိုလ်မှာ တက်ရောက် ပညာသင်ယူနေသလို တစ်ဖက်ကလည်း ၀ါသနာပါရာ အနုပညာလှုပ်ရှားမှုတွေကို လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ သရုပ်ဆောင် မော်ဒယ်လ်ပိုးမမှီသာ ပြောပြခဲ့တဲ့ ငယ်စဉ်ဘဝ အမှတ်တရပုံရိပ်တချို့ကို ပြန်လည်မျှဝေ ပေးလိုပါတယ်။

ပိုးမမှီသာကို မေလ ၁ ရက် ၁၉၉၇ ခုနှစ်မှာ ရန်ကုန်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ မွေးချင်းအနေနဲ့ ညီမငယ် တစ်ယောက်ရှိပြီး အသက်ခုနစ်နှစ် ကွာခြားသူ ဖြစ်တယ်လို့ ဆိုပါတယ်။ ငယ်စဉ်ဘဝ အမှတ်တရ အနေနဲ့တော့ အနေအေးသူတစ်ယောက် ဖြစ်သလို ဗိုလ်ကျတတ်သူ တစ်ယောက်လည်း မဟုတ်ဘူးလို့ ဆိုပါတယ်။ မိဘစကား နားထောင်တတ်သူတစ်ယောက် ဖြစ်ခဲ့တယ်လို့လည်း မိဘများရဲ့ ပြောစကားကို လက်ဆင့်ကမ်း ပြောပြခဲ့ပါတယ်။ ငယ်စဉ်ကလေးဘဝ ကတည်းက ကြော်ငြာလေးတွေ နှစ်သက်ပြီး စိတ်ဝင်တစား စောင့်ကြည့် တတ်တယ်လို့လည်း ဆိုပါတယ်။

“ငယ်ငယ်က မှတ်မှတ်ရရဆိုရင် မူကြိုမှာ ညီမနဲ့ သူငယ်ချင်း သုံးယောက်က သင်္ကြန်ယိမ်းအက ကဖူးတယ်။ အဲဒီတုန်းက မကတတ် ကတတ်နဲ့ လေ့ကျင့်ပြီး ကကြရတယ်။ အလှဓာတ်ပုံလေးတွေလည်း အများကြီး ရိုက်ပေးတော့ ကလေးဆိုတော့ ပျော်တာပေါ့။ အဲဒါလေးကတော့ အမှတ်တရ ရှိပါတယ်” လို့ ပိုးမမှီသာက ရယ်မောရင်း အမှတ်တရ ဆိုပါတယ်။

ကျောင်းပညာရေး အနေနဲ့ သူငယ်တန်းကနေ လေးတန်းထိ အ.မ.က(၃)ဗဟန်းမှာ တက်ခဲ့သလို ငါးတန်းကနေ တက္ကသိုလ်ဝင်တန်း အောင်မြင်သည် အထိကတော့ အ.ထ.က (၂) ဗဟန်း ကျောင်းမှာ တက်ခဲ့တယ်လို့ ဆိုပါတယ်။ ငယ်စဉ်ကတည်းက ထိပ်ဆုံးအဆင့်တွေ ဆက်တိုက်ရခဲ့တဲ့ ကျောင်းသူတစ်ယောက်တော့ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ခုနစ်တန်း၊ ရှစ်တန်းလောက်ကစပြီး စာပိုကြိုးစား လာတယ်လို့လည်း ဆိုပါတယ်။

တက္ကသိုလ်ဝင်တန်းကိုတော့ ငါးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ ဆေးတက္ကသိုလ်ကို တက်ရောက်ခွင့် ရခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ဆေးတက္ကသိုလ်တက်ချင်တဲ့ ရည်ရွယ်ချက် ရှိခဲ့တာကြောင့် စာကြိုးစားခဲ့သလို ရည်မှန်းချက်အတိုင်းပဲ တက်ရောက်ဖြစ်ခဲ့ပါတယ်။ အနုပညာနဲ့ ပတ်သက်လို့ ငယ်စဉ်ကတည်းက အိပ်မက်မက်ခဲ့တာမျိုး မရှိပေမယ့် တက္ကသိုလ် စတင်တက်ရောက်စဉ်မှာ Queen အဖြစ် ရွေးချယ်ခံခဲ့ရာကနေ အနုပညာ လုပ်ငန်းတွေနဲ့ ထိတွေ့ဖို့ အခြေအနေ စတင်လာတယ်လို့ ဆိုပါတယ်။ ထင်မှတ်မထားဘဲ အနုပညာလုပ်ငန်းတွေမှာ ပါဝင်ခွင့်ရခဲ့ရာကနေ အနုပညာ လုပ်ငန်းတွေမှာ ပျော်မွေ့လာပြီး ဆက်လက်ပါဝင်ချင်တဲ့ အိပ်မက်တွေ မက်လာခဲ့တယ်လို့လည်း ဆိုပါတယ်။

ပိုးမမှီသာကို ပရိသတ်တွေ သတိထားမိစေခဲ့တဲ့ သင်္ဂါရသီချင်း တစ်ပုဒ်မှာပါဝင်ဖြစ်ပုံနဲ့ ပတ်သက်လို့ “ဆေးကျောင်းမှာ Queen အဖြစ်ရွေးချယ်ခံရတဲ့အခါ ကိုစိုင်းတို့ရဲ့ SAI Cosmetix ကနေ တက္ကသိုလ်က Queen တွေကို ကြော်ငြာစေတဲ့ အစီအစဉ်မှာ ပါဝင်ဖြစ်ခဲ့တယ်။ အဲဒီအစီအစဉ်ကတစ်ဆင့် ကိုစိုင်းတို့နဲ့ ရင်းနှီးသွားပြီး ကိုစိုင်းရဲ့ သီချင်းသစ် သင်္ဂါရ သီချင်းတစ်ပုဒ်ကို Music Video စရိုက်မယ်ဆိုတဲ့ အချိန်မှာ ဒီထဲက ကာရိုက်တာနဲ့ လိုက်ဖက်တယ်၊ ရိုက်ကြည့်မလားဆိုပြီး ကမ်းလှမ်းတယ်။ ညီမကလည်း ဒီသီချင်းကို ရိုက်လိုက်တဲ့အခါ ဘယ်လိုတွေ ဖြစ်လာနိုင်လဲ ဆိုတာကို သေချာလေး စဉ်းစားပြီးတော့ ရိုက်ဖြစ်ခဲ့တယ်။ တကယ်လည်း ရိုက်ဖြစ်တဲ့အတွက် ပရိသတ် သတိထား အားပေးမှုတွေလည်း ရလာသလို ကောင်းတဲ့ တုံ့ပြန်မှုတွေ ရခဲ့တဲ့အတွက် ပျော်ပါတယ်” လို့အမှတ်တရ ဆိုပါတယ်။

ပိုးမမှီသာက လက်ရှိမှာတော့ ကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်နေသလို Music Video တွေမှာလည်း ပါဝင်ဖြစ်နေတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင်တစ်ယောက် အနေနဲ့ ဇာတ်ကားရိုက်ကူးဖို့ကတော့ မစဉ်းစားသေးသလို ကာရိုက်တာ တစ်ခုမှာ ပိုင်နိုင်စွာ သရုပ်ဆောင်ဖို့အတွက် လေ့လာပြီးမှသာ ဇာတ်ကားရိုက်ဖို့ စဉ်းစားဖြစ်မယ်လို့ ဆိုပါတယ်။

ပိုးမမှီသာက ဆေးတက္ကသိုလ် Final Part 2 မှာတက်ရောက်နေသူဖြစ်ပြီး Career နှစ်ခုလုံးကိုတော့ ၀ါသနာပါ မြတ်နိုးတာကြောင့် ရွေးချယ်ရခက်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ငယ်စဉ်ကတည်းက ဆရာဝန် ဖြစ်ချင်တာကြောင့် စာကြိုးစားခဲ့ရသူ ဖြစ်သလို ၇ နှစ်ပညာ သင်ယူခဲ့ရတာကြောင့်လည်း ဒါကိုလက်မလွှတ်နိုင်ဘူးလို့ ဆိုပါတယ်။ အနုပညာအလုပ်တွေ လုပ်ဖြစ်တာကလည်း မကြာသေးပေမယ့် လုပ်ရင်းနဲ့ ပိုချစ်လာသလို ကိုယ့်ကိုအားပေး ချစ်ခင်သူတွေလည်း ရှိလာတာကြောင့် အနုပညာ အလုပ်တွေကိုလည်း လက်မလွှတ်ချင်ဘူးလို့ ဆိုပါတယ်။ ပိုးမမှီသာက လက်ရှိမှာတော့ ကြော်ငြာတွေ ရိုက်ကူးနေသလို ပြက္ခဒိန်ရာသီ ဖြစ်တဲ့အတွက် ပြက္ခဒိန်တွေလည်း ရိုက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ အားပေးချစ်ခင်တဲ့ ပရိသတ်တွေကိုတော့ “အားပေး ချစ်ခင်ပေးကြတဲ့ ပရိသတ်တွေအားလုံးကို စိတ်မပျက်စေရဘူး လို့တော့ ကတိပေးပါတယ်။ တတ်နိုင်တဲ့ အတိုင်းအတာ အတွင်းကနေ အကောင်းဆုံး ကြိုးစားပါမယ်” လို့ ပိုးမမှီသာက ဆိုပါတယ်။

အခုတစ်ပတ်မှာ ဖတ်ရှုခဲ့ကြရတာကတော့ ဆေးတက္ကသိုလ်ရဲ့ Queen ဖြစ်သလို သင်္ဂါရသီချင်းတစ်ပုဒ် Music Video ကနေ ပရိသတ်ချစ်ခင် အားပေးစေခဲ့တဲ့ ပိုးမမှီသာရဲ့ ငယ်စဉ်ဘဝ ပုံရိပ်တချို့ ဖြစ်ပါတယ်။ ကျောင်းစာတော်သလို အနုပညာမှာလည်း ၀ါသနာထုံသူ လူငယ်လေးတစ်ဦးရဲ့ စိတ်ကူးအိပ်မက်တွေကို တွေ့မြင်နိုင်မှာပါ။ နောက်တစ်ပတ်တွေမှာလည်း ဘယ်အနုပညာရှင်တွေရဲ့ စိတ်ဝင်စားစရာ ငယ်စဉ်ဘဝ ပုံရိပ်တွေကို ပုံဖော်သွားမယ်ဆိုတာ စောင့်မျှော်ဖတ်ရှု စေချင်ပါတယ်။ 

 

Most Read

Most Recent