မန္တလေး - ဗန်းမော်မြစ်ကြောင်းတစ်လျှောက် ယခုနှစ် ဧရာဝတီလင်းပိုင် စစ်တမ်းကောက်ယူမှုတွင် လင်းပိုင်သားပေါက် ငါးကောင်အပါအဝင် လင်းပိုင်အကောင်ရေ ၇၆ ကောင် တွေ့ရှိ

မန္တလေး - ဗန်းမော်မြစ်ကြောင်းတစ်လျှောက် ယခုနှစ် ဧရာဝတီလင်းပိုင် စစ်တမ်းကောက်ယူမှုတွင် လင်းပိုင်သားပေါက် ငါးကောင်အပါအဝင် လင်းပိုင်အကောင်ရေ ၇၆ ကောင် တွေ့ရှိ
Published 20 February 2018

မန္တလေး-ဗန်းမော်မြစ်ကြောင်းတစ်လျှောက်တွင် ကျက်စားလျက်ရှိသောလင်းပိုင်အချို့အား တွေ့ရစဉ် (Photo: WCS)

ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) တို့ ပူးပေါင်း၍ ယခုနှစ်အတွက် မန္တလေးမှ ဗန်းမော်အထိ ဧရာဝတီလင်းပိုင်ကောင်ရေ သုတေသနစစ်တမ်းပြုလုပ်ရာ၌ လင်းပိုင်သားပေါက် ငါးကောင်အပါအဝင် လင်းပိုင်ကောင်ရေစုစုပေါင်း ၇၆ ကောင် တွေ့ရှိမှတ်တမ်း တင်နိုင်ခဲ့ကြောင်း သိရသည်။

မန္တလေး-ဗန်းမော် ဧရိယာတစ်လျှောက် လင်းပိုင်ကောင်ရေ စစ်တမ်းကောက်ယူမှုအား တစ်နှစ်တစ်ကြိမ် ပြုလုပ်လေ့ရှိပြီး ယခုနှစ်အတွက် စစ်တမ်းကောက်ယူမှု ခရီးစဉ်ကို ဖေဖော်ဝါရီ ၆ ရက်မှ ၁၇ ရက်အထိ မြစ်ကြောင်းတစ်လျှောက် အစုန်အဆန်တွေ့ရှိ မှုများအား မှတ်တမ်းတင်ခဲ့ရာတွင် လင်းပိုင် ၇၆ ကောင်တွေ့ရှိခဲ့ပြီး ယခင်နှစ်ထက် ခုနစ်ကောင် ပိုမိုတွေ့ခဲ့ရကြောင်း သိရသည်။

“အရင်နှစ်က ၆၉ ကောင်တွေ့တယ်။ ဒီနှစ်က ၇၆ ကောင် တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့တယ်။ အဲဒီ ၇၆ ကောင်ထဲမှာ တစ်နှစ်အတွင်း သားပေါက်ကောင်ရွယ်လင်းပိုင် ငါးကောင်တွေ့ခဲ့တယ်။ လင်းပိုင်သားပေါက်တွေကို ဗန်းမော်ဘက်ခြမ်းမှာ တစ်ကောင်၊ ဒုတိယမြစ်ကျဉ်းနဲ့ တတိယမြစ်ကျဉ်းကြားမှာ သုံးကောင်နဲ့ ထိန်းသိမ်းရေးဧရိယာအတွင်းမှာ တစ်ကောင်တွေ့ခဲ့တယ်။ ခရီးစဉ်တစ်လျှောက်မှာ ထိန်းသိမ်းရေးဧရိယာတိုးချဲ့ဖို့ အတွက် တိုးချဲ့မယ့်နေရာက ရွာတွေကို စစ်တမ်းကောက်တာတွေ ပြုလုပ်ခဲ့သလို လင်း ပိုင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး အသိပညာပေးတာတွေ ဆောင်ရွက်ခဲ့ကြတယ်။ စစ်တမ်း ကောက်ယူမှု ခရီးစဉ်က ၁၂ ရက်ကြာ ပြုလုပ်ခဲ့တာဖြစ်ပြီး ခရီးစဉ်တစ်လျှောက်တွေ့ရတဲ့ ဘက်ထရီရှော့တိုက် ငါးဖမ်းမှုတွေကိုလည်း အရေးယူမှုတွေ ပြုလုပ်ခဲ့တယ်” ဟု စစ်တမ်း ကောက်ယူမှု လိုက်ပါဆောင်ရွက်ခဲ့သည့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါခရီးစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ လေးဦး၊ မန္တလေးတိုင်း ငါးလုပ်ငန်းဦးစီးဌာနမှ နှစ်ဦး၊ စစ်ကိုင်းတိုင်းငါးလုပ်ငန်းဦးစီးဌာနမှ နှစ်ဦး၊ ရေလုပ်သားနှစ်ဦးနှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) မှ ဝန်ထမ်းများ ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဧရာဝတီ လင်းပိုင် သုတေသနစစ်တမ်းကောက်ရာတွင် ယမန်နှစ်က မင်းကွန်းနှင့် ကျောက်မြောင်းကြားတွင် ၂၅  ကောင် တွေ့ရှိခဲ့ပြီး ယခုနှစ်တွင် သားပေါက်တစ်ကောင် အပါအဝင် ၂၆ ကောင် တွေ့ရှိခဲ့ကာ လင်းပိုင်ထိန်းသိမ်းရေးဧရိယာအဖြစ် တိုးချဲ့နိုင်ရေး ဆောင်ရွက်နေသော ထီးချိုင့် မြို့နယ်နှင့် ရွှေကူမြို့နယ်အကြားတွင် ယမန်နှစ်က ၃၇ ကောင် တွေ့ရှိခဲ့ပြီး ယခုနှစ်ွင် ၃၇ ကောင်တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါဧရိယာကြားတွင် ၂၀၁၇ ခုနှစ် အတွင်း လင်းပိုင်နှစ်ကောင် သေဆုံးခဲ့ပြီး ယခုနှစ် စစ်တမ်းခရီးစဉ်တွင် သားပေါက် နှစ်ကောင် ပေါက်ထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent