အောင်ပန်းတွင် အမျိုးသားနှစ်ဦး ဆွဲကြိုးချ သေဆုံးမှုတစ်ခု ဖြစ်ပွား

အောင်ပန်းတွင် အမျိုးသားနှစ်ဦး ဆွဲကြိုးချ သေဆုံးမှုတစ်ခု ဖြစ်ပွား
Published 11 August 2017

ဓာတ်ပုံ - အောင်ပန်းနာရေးကူညီမှုအသင်း

ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့ မြောက်ဘက် နှစ်မိုင်ခန့်အကွာ မြေနီကျင်းကျေးရွာ ရေစက်ဆုံ ဘုန်းကြီးကျောင်း မြောက်ဘက် ကိုက် ၅၀၀ ခန့်အကွာ ထင်းရှူးတောတွင် အမျိုးသားနှစ်ဦးသည် ကြိုးတစ်ချောင်းထဲဖြင့် တစ်နေရာတည်းတွင် ဆွဲကြိုးချ သေဆုံးမှုတစ်ခု သြဂုတ် ၁၀ ရက်က ဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောင်ပန်းမြို့မြောက်ဘက် နှစ်မိုင်အကွာရှိ မြေနီကျင်းကျေးရွာ ရေစက်ဆုံ ဘုန်းကြီးကျောင်းမြောက်ဘက် ကိုက် ၅၀၀ ခန့်အကွာရှိ ထင်းရှူးတောတွင် အမျိုးသားနှစ်ဦး ဆွဲကြိုးချ သေဆုံးနေသည်ကို မြေနီ ကျင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ဖုန်းသတင်းပေးဖြင့် ရဲစခန်းသို့ အကြောင်းကြားခဲ့ပြီး သွားရောက်စစ်ဆေးရာ ထင်းရှူးတောအတွင်းရှိ အမြင့် ၁၂ ပေ ရှိသော ထင်းရှူးပင်၏ အကိုင်းတွင် လုံးပတ် တစ်မတ်လုံး အရှည် ၁၂ ပေ ခန့်ရှိ အစိမ်းရောင် နိုင်လွန်ကြိုးဖြင့် အသက် ၂၅ နှစ် မှ ၃၀ ဝန်းကျင်ရှိ အမျိုးသားနှစ်ဦးသည် အထက်ပါ ကြိုးတစ်ချောင်းတည်းတွင် တစ်နေရာတည်း၌ ဆွဲကြိုးချ သေဆုံးနေသည်ကို တွေ့ရှိရ၍ စစ်ဆေးရာ လည်ပင်းတွင် ကြိုးပွန်းဒဏ်ရာ၊ ယောကျ်ားအင်္ဂါမှ သုက်ထွက်၊ ခြေလက်များ ကုပ်ပြီး သေဆုံးနေသည်ကို တွေ့ရှိရ၍ အလောင်းနှစ်လောင်းအား ရဲဆေးစာဖြင့် အောင်ပန်းပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ရာ PR ၂၂/၂၀၁၇၊ ၂၃/၂၀၁၇ တို့ဖြင့် လက်ခံထားရှိကြောင်း သိရသည်။

အဆိုပါ အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် ရဲအုပ်ဇင်မင်းထွန်းက တရားလိုပြုလုပ် တိုင်တန်းသဖြင့် သြဂုတ် ၁၀ ရက် နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် သေမှုသေခင်း အမှတ်စဉ် (ပ) (၁၇/၂၀၁၇) ရေးဖွင့်ပြီး  စစ်ဆေးလျက်ရှိကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

သေဆုံးသူ နှစ်ဦးစလုံးတွင် ရန်ငြှိုးရန်စ ဖြစ်ပွားခြင်းလည်း မရှိကြောင်း၊ လွယ်မောဘက်မှ အမျိုးသားသည် အိမ်မှဇနီးသည်နှင့် ရန်ဖြစ် စကားများပြီး ထွက်သွားကြောင်း၊ အေးမြင့်သာယာမှ သူငယ်ချင်းနှင့် မနေ့ကအထိ အတူရှိနေကြောင်း၊ သြဂုတ် ၁၀ ရက် နံနက်တွင် ထိုသို့ နှစ်ယောက်ဆွဲကြိုးချမှုကို မြင်တွေ့ရကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းမှ ဦးစိုးနိုင်က ပြောကြားသည်။

“အမျိုးသားနှစ်ယောက် ဆွဲကြိုးချသေဆုံးနေတာ တွေ့ရှိရတယ်။ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးဖို့ ဆေးရုံကို ပို့ဆောင်ထားရှိခြင်း ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရန် သေမှုသေခင်း ၁၇/၂၀၁၇ ရေးဖွင့်ပြီး စခန်းမှူးက စစ်ဆေးလျက် ရှိပါတယ်။ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ်ကို သေမှုသေခင်း ရေးဖွင့်ခြင်း ဖြစ်ပါတယ်။ နောက်ဆက်တွဲ အခြေအနေတွေကို ဆက်လက် တင်ပြပေးသွားမှာ ဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံးမှ ဒုရဲမှူးစိုးထွန်းဝင်းက ပြောကြားသည်။

 

Most Read

Most Recent