မြန်မာနှင့် မိတ်ဆွေ၊ လက်တွဲဖက်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုက ဆက်လက်ရပ်တည်လျက်ရှိနေမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သဝဏ်လွှာပေးပို့

မြန်မာနှင့် မိတ်ဆွေ၊ လက်တွဲဖက်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုက ဆက်လက်ရပ်တည်လျက်ရှိနေမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သဝဏ်လွှာပေးပို့
Published 4 January 2018

မြန်မာနိုင်ငံနှင့် မိတ်ဆွေ၊ လက်တွဲဖက်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုက ဆက်လက်ရပ်တည်လျက်ရှိနေမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးထင်ကျော်ထံ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ နှစ် ၇၀ ပြည့် သဝဏ်လွှာပေးပို့ရာတွင် ဖော်ပြထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဇန်နဝါရီ ၃ ရက်၌ထုတ်ပြန်ထားချက်အရ သိရသည်။

အဆိုပါသဝဏ်လွှာ၌ ဇန်နဝါရီ ၄ ရက်၌ကျရောက်သော မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အတွက် ဂုဏ်ယူပါကြောင်းနှင့် မြန်မာနိုင်ငံသားများအတွက် အကောင်းဆုံး ဆုမွန်ကောင်းတောင်းပါကြောင်း အမေရိကန်နိုင်ငံသားများက ပြောကြားအပ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရေးသားထားသည်။

ထို့ပြင် အဆွေတော်၏ နိုင်ငံအောင်မြင်မှု အဓွန့်ရှည်ရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့အတွက် ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသားများက အတည်ပြုထောက်ခံခဲ့သော ဒီမိုကရက်တစ်စံတန်ဖိုးမှာ အဓိကအရေးပါလျက်ရှိနေသေးကြောင်း၊ ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးကို ဆက်လက်ဖော်ဆောင်လျက်ရှိသော မြန်မာနိုင်ငံနှင့် မိတ်ဆွေအနေနှင့်ရော လက်တွဲဖက်နိုင်ငံအနေဖြင့်ပါ အမေရိကန်ပြည်ထောင်စုက ဆက်လက်ရပ်တည်လျက်ရှိနေမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံက ကမ္ဘာ့လူ့အခွင့်အရေးနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က ပိတ်ဆို့မှုအသစ်များထုတ်ပြန်ရာ၌ မြန်မာနိုင်ငံမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုးပါဝင်ခဲ့ပြီး ၎င်းအား ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီရွာသားများအား လူမျိုးစုလိုက်သုတ်သင်မှု စစ်ဆင်ရေးကိုဦးဆောင်ခဲ့သည်ဟု စွပ်စွဲကာ ထိုသို့ပိတ်ဆို့သည့်စာရင်းတွင် ထည့်သွင်းခံရခြင်းဖြစ်ကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။

ထိုသို့ပိတ်ဆို့မှုစာရင်းမထုတ်ပြန်မီ အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီအဖွဲ့ဝင် အထက်လွှတ်တော်အမတ် Jeff Merkley ဦးဆောင်သော အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက လာရောက်ခဲ့ပြီး ခရီးစဉ်အပြီး မြန်မာနိုင်ငံ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ရခိုင်ပြည်နယ်၌ အစိုးရလုံခြုံရေးအဖွဲ့ဝင်များ၏ တုံ့ပြန်မှုများသည် ဘင်္ဂါလီများ (ရိုဟင်ဂျာဟု သုံးနှုန်း) အပေါ် မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း လက္ခဏာအခြေအနေရှိနေသည်ဟု ပြောကြားခဲ့သည်။

အမေရိကန် ဥပဒေပြုအမတ်များသည် မြန်မာတပ်မတော်အပေါ် ပိတ်ဆို့မှုအသစ်များချမှတ်ရန် နိုဝင်ဘာ ၃ ရက်က အဆိုပြုခဲ့သည်။ အောက်လွှတ်တော်မှ ရီပတ်ဘလီကင်နှင့် ဒီမိုကရက်အမတ်များက မြန်မာတပ်မတော်ကို ကူညီမှုများ သို့မဟုတ် မြန်မာတပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဖြတ်တောက်ရန်နှင့် အမေရိကန်ဗီဇာပိတ်မည့် သို့မဟုတ် ပြန်လည်ပိတ်ပင်မည့် အကြီးတန်းစစ်အရာရှိများကို အိမ်ဖြူတော်ကသတ်မှတ်ရန် ဥပဒေကြမ်းကို တင်သွင်းခဲ့သည်။

ထို့ပြင် အထက်လွှတ်တော် လက်နက်ကိုင်အဖွဲ့များကော်မတီဥက္ကဋ္ဌ ဂျွန်မက်ကိန်း အပါအဝင် အထက်လွှတ်တော်မှ ပါတီနှစ်ရပ်စလုံးပါဝင်သောအဖွဲ့က တင်သွင်းသည့် ဥပဒေကြမ်းတွင် မြန်မာနိုင်ငံမှ ကျောက်စိမ်းနှင့် ပတ္တမြားတို့အား ပြန်လည်ပိတ်ပင်ခြင်းအပါအဝင် မြန်မာနိုင်ငံအပေါ် တင်သွင်းမှုနှင့် ကုန်သွယ်မှု ကန့်သတ်ထိန်းချုပ်မှုများအား ပြန်လည်ချမှတ်ရန် တောင်းဆိုခဲ့သည်။

ယင်းကဲ့သို့ အမေရိကန်ဥပဒေပြုအမတ်များ၏ မြန်မာတပ်မတော်အား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်နိုင်ရေး ဥပဒေကြမ်းတင်သွင်းရန် လှုပ်ရှားလာပြီးနောက် အမေရိကန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသို့ လာရောက်လေ့လာခဲ့ခြင်းလည်းဖြစ်သည်။

လူများအလုံးအရင်းဖြင့် ထွက်ပြေးရမှုကိုဖြစ်စေသည့် ဘင်္ဂါလီမွတ်စလင်များအပေါ် အကြမ်းဖက်မှုတွင်ပါဝင်သည့် မြန်မာတပ်ဖွဲ့များနှင့် အရာရှိများကို စစ်ဘက်ဆိုင်ရာ အထောက်အပံ့များပေးခြင်းမှ ရုပ်သိမ်းမည်ဟု အမေရိကန်က အောက်တိုဘာ ၂၃ ရက်တွင် ကြေညာခဲ့သည်။

အမေရိကန်သည် မြန်မာတပ်မတော်နှင့် နဂိုကတည်းက ဆက်ဆံရေးကန့်သတ်မှုများ ရှိထားနှင့်ပြီးဖြစ်သည့်အပြင် စစ်ဘက်ဆိုင်ရာ ရောင်းဝယ်မှုအားလုံးကို ကာလရှည်ပိတ်ပင်ထားသည်။ ထို့ကြောင့် စစ်ဘက်ဆိုင်ရာအကူအညီများ ရုပ်သိမ်းခြင်းက ယင်းအနေအထားကို ပိုမိုတင်းကျပ်စေမည်ဖြစ်သည်။

Most Read

Most Recent