တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား မိုင်းရှူးမြို့နယ် ကျောက်မျက်ထွက်ရှိသောဧရိယာရှိ ဆိုင်းလျန်ရွာအနီး တိုက်ပွဲဖြစ်ပွား

တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား မိုင်းရှူးမြို့နယ် ကျောက်မျက်ထွက်ရှိသောဧရိယာရှိ ဆိုင်းလျန်ရွာအနီး တိုက်ပွဲဖြစ်ပွား
Published 2 January 2018

တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား မိုင်းရှူးမြို့နယ် တောင်ပေါ်ဒေသ ကျောက်မျက်ထွက်ရှိသောဧရိယာရှိ ဆိုင်းလျန်ရွာအနီး ဇန်နဝါရီ ၁ ရက်နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကြားသိရကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းအေး (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်-မိုင်းရှူးမဲဆန္ဒနယ်) ကပြောကြားသည်။

မိုင်းရှူးမြို့နယ်တွင် တပ်မတော်နှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားလေ့ရှိသော်လည်း အဆိုပါနေရာတွင် ယခင်ကတိုက်ပွဲဖြစ်ပွားသည်ဟု မကြားမိကြောင်း ၎င်းကပြောကြားသည်။

“အဲဒီနေရာတွေက ကျောက်ထွက်တဲ့ဧရိယာဆိုတော့ လူနေတဲ့နေရာတွေပဲပေါ့။ အရင်တုန်းကတော့ အဲဒီနေရာတွေက ဖြစ်သံမကြားဖူးဘူး။ သူတို့နှစ်ဖွဲ့ ထိတွေ့တိုက်ပွဲပုံစံမျိုးပဲ ဖြစ်မယ်ထင်တယ်။ ဟိုလိုမျိုး ရည်ရွယ်ချက်ရှိရှိ တစ်ဖက်နဲ့တစ်ဖက် တိုက်ကြတဲ့ပုံစံမျိုး မဟုတ်လောက်ဘူးထင်ပါတယ်။ ရုတ်တရက်တွေ့လို့ ဖြစ်တဲ့ပုံစံမျိုးဖြစ်နိုင်ပါတယ်” ဟု စိုင်းထွန်းအေးက ပြောကြားသည်။

ယခင်ရက်များက အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ခိုလမ်) မှ တပ်မတော်အရာရှိများ မိုင်းရှူးမြို့သို့ လာရောက်ရာတွင် SSPP/SSA ဌာနချုပ်ရှိရာ ဝမ်ဟိုင်းဒေသမှ ဖြတ်သန်းသွားရာတွင် ကားလမ်းတစ်လျှောက် SSPP/SSA ဘက်မှ လုံခြုံရေးယူဆောင်ရွက်ပေးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းအေးက ပြောကြားသည်။

“ဆိုလိုတာက တိုင်းမှူးတွေနဲ့ အထက်လူကြီးတွေနဲ့ ဘယ်လိုပြောမလဲ။ သူက ဒီခိုလမ်ကနေလာမယ်ဆိုရင် မိုင်းရှူးဘက်ကနေ ဖြတ်လာရတာကို။ ဖြတ်လာရတော့ သူတို့ရဲ့ဌာနချုပ် ဝမ်ဟိုင်းကိုဖြတ်လာတဲ့အခါမှာ သူတို့ကလည်း အဲဒီလမ်းမှာ သူတို့တပ်ဖွဲ့တွေ လုံခြုံရေးယူနေတာကိုတွေ့ခဲ့တယ်လေ။ အဲဒီတော့ သူတို့ဆက်ဆံရေးက ဘယ်လိုယူဆမလဲဆိုတာ ကျွန်တော်တို့လည်း ခန့်မှန်းလို့မရဘူး” ဟု စိုင်းထွန်အေးက ပြောကြားသည်။

ယင်းတိုက်ပွဲဖြစ်စဉ်ကြောင့် အကျအဆုံးရှိသည်ဟုကြားသိရပြီး မိုင်းရှူးမြို့ပေါ်သို့ ပြည်သူများ ထွက်ပြေးလာသည့်အခြေအနေမျိုး ကျယ်ပြန့်လာမှုမရှိသေးသော်လည်း နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်ထားသည့် အခြေအနေရှိသည်ဟု စိုင်းထွန်းအေးက ပြောကြားသည်။

အလားတူ တပ်မတော်နှင့် SSPP/SSA တို့ ဒီဇင်ဘာ ၃၁ ရက်ကလည်း သီပေါမြို့နယ်အတွင်းရှိ သီပေါ-မိုင်းရယ်သွားကားလမ်းရှိ SSPP/SSA ၏ ဌာနချုပ်ဟောင်းဖြစ်သော စိန်ကျော့ဒေသ၏ တောင်ဘက်ဆောင်ကျဲအနီး SSPP/SSA အဖွဲ့၏ အချုပ်သားများထားရှိရာနှင့် ဘိန်းဖြတ်စခန်းအဖြစ်ထားရှိနေရာတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း BBC မြန်မာပိုင်းသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ SSPP/SSA တာဝန်ရှိသူအချို့ထံ ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရရှိခဲ့သဖြင့် အသေးစိတ်အခြေအနေကို မေးမြန်းနိုင်ခြင်းမရှိပေ။

လွိုင်လင်ခရိုင် မိုင်းနောင်-မိုင်းရှူးကားလမ်း တောင်ပိုင်းတွင်ရှိသည့် SSPP/SSA တပ်များအားလုံးကို ကားလမ်းမြောက်ပိုင်းဆုတ်ပေးရန် တပ်မတော်က အောက်တိုဘာလတွင်းက ညွှန်ကြားခဲ့သည့်အတွက် တပ်မတော်နှင့် SSPP/SSA တို့အကြား စစ်ရေးတင်းမာမှုများ ရှိခဲ့သေးသည်။

SSPP/SSA အဖွဲ့သည် NCA တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် အဖွဲ့ဖြစ်သော်လည်း ယခင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်များရေးထိုးထားသည့်အဖွဲ့ဖြစ်သည်။

Most Read

Most Recent