၀ါလကင်းလွတ် သီတင်းကျွတ်ချိန်ခါ ရောက်လာပြန်တော့ မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ ဘုရားကျောင်းကန်၊ စေတီပုထိုးတွေမှာ မီးထွန်းပွဲတော်တွေ၊ ဗုဒ္ဓပူဇနိယပွဲတော်တွေ စတင်ကျင်းပပြုလုပ်နေကြပါပြီး။ အဲဒီအထဲမှာ ထူးထူးခြားခြား ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည်နေ့ကနေ ကဆုန်လပြည့်နေ့အထိ ရှစ်လတိုင်တိုင် ကျင်းပပြုလုပ်လေ့ရှိတဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယ ပွဲတော်ကလည်း အထင်အရှားရှိပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ အရှည်ကြာဆုံးသော ဗုဒ္ဓပူဇနိယပွဲတော်တစ်ခုဖြစ်တယ်လို ့မှတ်သားရပါတယ်။
ပုံမှန်ဆောင်းရာသီလဖြစ်တဲ့ နိုဝင်ဘာလဆိုပေမယ့် မုန်တိုင်းအရိပ်အခြည်တွေကြောင့် ကျိုက်ထီးရိုးတောင်ခြေမှာရှိတဲ့ ကင်မွန်းစခန်းကို ရောက်ရှိတဲ့ညနေပိုင်းအချိန်မှာ ကောင်းကင်မှာ မိုးတိမ်တောင်များကြီးစိုးနေတာ တွေ ့ရပါတယ်။
သီတင်းကျွတ်ပွဲတော် ပိတ်ရက်ဖြစ်တဲ့အတွက် ကင်မွန်းစခန်းမှာရှိတဲ့ ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်ဝင်းထဲမှာ အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေနဲ့ ပြည့်နေပါတယ်။ ရာသီဥတုက မိုးရွာနိုင်ခြေရှိလို့ ပလတ်စတစ်မိုးကာလိုက်ရောင်းတဲ့ စျေးသည်တွေ၊ “တောင်ပေါ်မှာ စျေးကြီးတယ်။ ဘုရားပူဇော်ဖို ့ဖယောင်းတိုင်နဲ့ အမွှေးတိုင်ဒီမှာ ဝယ်သွား” ဆိုပြီး စျေးလိုက်ရောက်တဲ့သူတွေရဲ ့အသံတွေကလည်း အဆက်မဖြတ်ကြားရပါတယ်။
ကင်မွန်းစခန်းကနေ ရင်ပြင်တော်စခန်းသို့သွားတဲ့ ကားလမ်းတစ်လျှောက်မှာတော့ ရေတံခွန်တွေက ရေတွေတသွင်သွင် စီးကျနေဆဲပါ။ မိုးရိပ်မိုးသားတွေမကုန်သေးတဲ့အတွက် ပတ်ဝန်းကျင်မှာ အုတ်မှိုင်းမှိုင်းနဲ့ မြူတွေနဲ ့ဖုံးလွှမ်းနေပါတယ်။ ကျိုက်ထီးရိုးတောင် တက်ကားတွေမှာ နေဒဏ်၊ မိုးဒဏ်ခံနိုင်အောင်ဆိုပေမယ့် အရင်ကလို ဘေးပတ်ဝန်းကျင်က ရှုခင်းတွေကို အားရပါးရမြင်တွေ့ခွင့် မရတော့ပါဘူး။ တောင်တက်ကားစီးရတာ တစ်ခုခုလိုသွားသလို ခံစားရပါတယ်။
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်စခန်းအနီး ယာဉ်ရပ်နားစခန်းကိုရောက်တော့ ကျိုက်ထီးရိုးရဲ့ အထိမ်းအမှတ်ပြရုပ်တွေဖြစ်တဲ့ ခြင်းတောင်းတွေနဲ့ ပစ္စည်းသယ်နေကြတဲ့ လုပ်သားတွေ၊ လူစီးဝေါယာဉ်တွေ၊ နောက်ပြီး ကျိုက်ထီးရိုး လက်ဆောင်တွေဖြစ်တဲ့ ၀ါးသေနတ်တွေ၊ ၀ါးဓါးတွေ၊ လမ်းလျှောက်တုတ်ချောင်းရောင်းချနေတဲ့ ဆိုင်တွေကို မြင်တွေ့ရပါတယ်။ ဘုရားဖူးအများအပြား လာရောက်ကြတဲ့အချိန်ဟာ အထမ်းသမားတွေရဲ ့ဝမ်းအေးတဲ့အချိန်လို့ ကျိုက်ထီးရိုးတောင်ပေါ်မှာရှိတဲ့ အထမ်းသမားတွေရဲ့ ပြောစကားတွေအရ မှတ်သားမိပါတယ်။ ရာသီဥတုကတော့ မိုးဖွားလေးတွေ ကျလာတဲ့အပြင် တောင်ပေါ်ရောက်သွားတဲ့အတွက် အအေးဓာတ်ကိုပါ အားရပါးရ ခံစားမိပါတယ်။
ရင်ပြင်တော်ဘက်ကို ရောက်လာတော့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီးကို ဖူးတွေ့လိုက်ရတယ်ဆိုတာနဲ့ အမောအပန်းတွေ ပြေရုံမက စိတ်ကြည်နူးချမ်းမြေ့မှုကို ရရှိပါတယ်။ အဲဒီအပြင်ကို အဝေးက တောတောင်သဘာဝအလှအချို့နဲ ့ လတ်ဆတ်တဲ့ သဘာဝလေပြည်လေညင်းတွေ ရှူရှိုက်ရတာကလည်း စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်။ မိုးကတော့ တဖွဲဖွဲကျနေဆဲပါပဲ။
ကျိုက်ထီးရိုးစေတီတော်ကြီးကို ဖူးမြော်ပြီးတော့ ရင်ပြင်တော်ပေါ်ပြန်ရောက်တဲ့ အချိန်မှာ ခါတိုင်းလို ရင်ပြင်တော်ပေါ်မှာပဲ ညအိမ်ချင်ပေမယ့် ရာသီဥတုအခြေအနေအရ တည်းခိုလို ့ရမယ့်နေရာတွေကို စုံစမ်းရပါတယ်။ ရင်ပြင်တော်ပေါ်မှာရှိတဲ့ ဘုရားဖူးပြည်သူတွေ တည်းခိုနိုင်မယ့်နေရာတွေ၊ ဓမ္မာရုံတွေ၊ တည်းခိုဆောင်တွေနဲ့ ပတ်သက်ပြီး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက အခမဲ့တည်းခိုနိုင်တဲ့အဆောင်နဲ့ သတ်မှတ်စျေးနှုန်းနဲ ့တည်းခိုနိုင်တဲ့အဆောင်တွေကို ထုတ်ပြန်ထားပြီး ဖြစ်တာလို ့သိရပါတယ်။ အဲဒါတွေကို ဘုရားဖူးပြည်သူတွေ သိသာမြင်သာအောင် ဗီနိုင်းတွေထောင်ထားသင့်တယ်လို့ မြင်ပါတယ်။ ဒါမှလည်း ဘုရားဖူးတွေအနေနဲ ့ပိုပြီးတော့ အဆင်ပြေနိုင်ပါတယ်။ မိုးကတိတ်သွားပေမယ့် မြူတွေအရမ်းကျတော့ ရှေ့လေး၊ ငါးကိုက်ကိုတောင် သိပ်မသဲကွဲချင်တော့ဘူး။
အခုဆိုရင် ရင်ပြင်တော်စခန်းမှာရှိတဲ့ စားသောက်ဆိုင်တွေမှာ မြန်မာထမင်းဟင်းအဝစား ကျပ် ၂၅၀၀ နှုန်းနဲ့စျေးသတ်မှတ်ပေးထားပါတယ်။ နောက်ပြီး စားသောက်ဆိုင်၊ ထမင်းဆိုင်တွေနဲ့ တစ်ဆက်တည်းရှိနေတဲ့ တည်းခိုဆောင်တွေနဲ့ပတ်သက်ပြီး ဂေါပကအဖွဲ့အသစ်အနေနဲ့ စည်းကမ်းချက်တွေကို ဆိုင်ရှင်တွေနဲ ့ညှိနှိုင်းပြီး ထုတ်ပြန်ထားပေးတယ်လို ့သိရပါတယ်။ ဒါပေမဲ့…
“တချို့ဆိုင်တွေက တစ်ညအိပ်ရင် တစ်ယောက်ကို ၅၀၀၀ ကျပ်တောင်းတယ်။ ညစာနဲ့ မနက်စာပါမယ်ပေါ့။ အဲဒါကအဆင်ပြေတယ်။ တချို့ဆိုင်တွေကျတော့ ဘယ်နှယောက် တည်းမှာလဲ။ လေးယောက်တည်းခိုလို့ရတဲ့ အခန်းဆိုရင် ၂၀၀၀၀ ကျပ်လောက် အထိတောင်းတယ်။ သူတို့က (ဆိုင်တွေက) ပြောတာက စနေ၊ တနင်္ဂနွေနဲ့အခါကြီး ရက်ကြီးတွေမှ ဒီလိုသတ်မှတ်တာပါ။ ကြားရက်တွေဆိုရင် ထမင်းစားပြီး အလကားတည်းခိုလို့ ရပါတယ်လို့ပြောတယ်” လို ့ရန်ကုန်မြို့က ဘုရားဖူးလာသူတစ်ဦးက သတင်းစကားပါးပါတယ်။
ညပိုင်းမှာတော့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီးကို ရည်မှန်းပြီးတော့ ရွှေသင်္ကန်းကပ်လှူပူဇော်နေကြသူများ၊ ပန်းရေချမ်းဆီမီးများ ကပ်လှူပူဇော်နေကြသူများ၊ မြတ်ဗုဒ္ဓကို ရည်မှန်းပြီး ဂုဏ်တော်များ ရွတ်ဖတ်ပွားများ ပူဇော်နေကြသူများကို တွေ့မြင်ရပါတယ်။ အင်မတန်မှ စိတ်ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီးက တိမ်တိုက်တွေကြား ရွှေတောင်ကြီးသဖွယ် သပ္ပာယ်လွန်းလှပါတယ်။ ကြေးစည်သံ၊ ဆည်းလဲသံတွေကလည်း သာယာနာပျော်ဖွယ်ရာပါ။ “ဂြိုဟ်ပြေ၊ နံပြေ ကိုယ့်မွေးရက်အလိုက် ရေသပ္ပာယ်လို့ရပါတယ်။ ရေတစ်ပုံး ၁၀၀၀ ကျပ်တည်းပါ” မိုးငွေ့ပါတဲ့ လေကညနက်လေ လေ၊ ပိုပြီးတိုက်လေလေပါပဲ။ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီးကို ဘုရားဖူးများ အနေနဲ ့နံနက်စောစောထပြီး အရုဏ်ဆွမ်း ကပ်လှူပူဇော်ကြလေ့ရှိပါတယ်။ ဆွမ်းတော်ပွဲ စျေးနှုန်းအနေနဲ့ကလည်း ၃၀၀၀ ကျပ်၊ ၅၀၀၀ ကျပ် စသည်ဖြင့် စျေးနှုန်းအမျိုးမျိုးရှိတယ်လို့ သိရတယ်။ နံနက်ခင်း လေပြည်ညင်းနဲ့အတူ စေတီတော်ကြီးကို အာရုံပြု ဖူးမျှော်ရတာကလည်း ထူးခြားတဲ့ ခံစားမှုတစ်ခုဖြစ်ပါတယ်။ မိုးရိပ်နည်းနေလို့ရှေ့ဆီက ရောင်နီလေး ပြူထွက်လာနေပါတယ်။
“ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့အသစ်အနေနဲ့ ဘုရားဖူးပြည်သူများအတွက် အခမဲ့အိမ်သာ၊ အခမဲ့သုံးရေ၊ သောက်ရေများရရှိစေရေး၊ နွေရာသီမှာ တောင်ပေါ်မှာ သောက်သုံးရေ ရှားပါးမှုတွေဖြစ်တတ်တဲ့အတွက် သောက်သုံးရေဖူလုံစွာရရှိစေရေး ဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုပါတယ်” လို့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ (ယာယီ) အဖွဲ့ဝင် ဦးကျော်ဝင်းလှိုင်က သုုံးသပ်ပြောဆိုထားပါတယ်။
နှစ်စဉ် ဘုရားဖူး ၂ ဒသမ ၅ သန်းနဲ့ သုံးသန်းကြားလာရောက်လေ့ရှိတဲ့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီး တည်ရှိတဲ့တောင်ပေါ်မှာ နေရာထိုင်ခင်းအတွက် ပြဿနာကြီး ကြီးမားမားမရှိပေမဲ့ ဘုရားဖူးတွေအတွက် သန့်ရှင်းတဲ့ သောက်သုံးရေ၊ အစားအစာနဲ့ သန့်ရှင်းတဲ့ ယင်လုံအိမ်သာစနစ်တွေရှိဖို့ လိုအပ်နေဆဲလို့ မြင်မိပါတယ်။ နောက်ပြီး ဘုရားဖူးတွေကို ဝန်ဆောင်မှုပေးတယ်ဆိုတဲ့ လုပ်ငန်းတွေက တစ်ခါတစ်ရံဝန်ဆောင်မှုပုံစံမျိုး မဟုတ်ဘဲ ခြိမ်းခြောက်ခံရတဲ့ ပုံစံမျိုးတွေ့ကြုံခဲ့ရတယ်လို့ ရန်ကုန်ကနေ ဘုရားဖူးလာတဲ့ ကိုမိုးဟိန်းရဲ့ပြောကြားချက်အရ သိရပါတယ်။
ကျိုက်ထီးရိုးဒေသမှာ ဘုရားဖူးလာရောက်သူတွေများသလို အမှိုက်တွေလည်း အလွန်များပြားလှပါတယ်။ တစ်ရက်ကို ငါးတန်ခန့်ထွက်ရှိတဲ့ အမှိုက်တွေကို ရှင်းလင်းနိုင်ဖို ့ မွန်ပြည်နယ်အစိုးရအဖွဲ့က ကျိုက်ထီးရိုး တောင်ပေါ်မှာ အမှိုက်ခွဲစက်တစ်လုံး တည်ဆောက်နေတယ်လို ့သိရပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံသား ဘုရားဖူးပြည်သူတွေအနေနဲ ့ကိုယ့်ဆီက စွန့်ပစ်မယ့်အမှိုက်ကို သတ်မှတ်ထားတဲ့ နေရာတွေ၊ အမှိုက်ပုံးတွေမှာသာ စနစ်တကျစွန့်ပစ်ကြမယ်ဆိုရင် ကျိုက်ထီးရိုးဒေသမှာ နေရာအနှံ့မြင်တွေ့နေရတဲ့ အမှိုက်တွေ လျော့ပါးသွားနိုင်ပါတယ်။
အပြန်မှာတော့ ကျိုက်ထီးရိုးတောင်ရင်ပြင်တော်စခန်းကနေ ရသေ့တောင်စခန်းအထိ တောင်တက်ကားလမ်းအဟောင်းအတိုင်း ခြေကျင်လျှောက်ကာ ဆင်းပါတယ်။ အရင်က ရသေ့တောင်စခန်းကနေ ရင်ပြင်တော်စခန်းအထိ ခြေကျင်တက်သူ၊ ဆင်းသူတွေနဲ ့စည်ကားခဲ့တဲ့လမ်းဟာ အခုဆိုရင်တော့ လူနေအိမ်တချို့၊ စျေးဆိုင်တချို့နဲ့ ကျိုးတိုးကျဲတဲပဲ ရှိပါတော့တယ်။ ရသေ့တောင် စခန်းမှာဆိုရင်လည်း စျေးဆိုင်တန်းတွေက ဟိုးအရင်လို စည်စည်ကားကားမရှိတော့တာ အမှန်ပါပဲ။ မြန်မာနိုင်ငံရဲ ့ပထမဦးဆုံးဖြစ်တဲ့ ကျိုက်ထီးရိုးတောင် Cable Car ကတော့ ဘုရားဖူးတွေကို တောင်ပေါ်ကို တင်လိုက်၊ ရသေ့တောင်မှာ ပြန်ချလိုက်နဲ့ မိုးသားတွေ ပြန်တက်လာတော့ ကောင်းကင်ကြီးက အုံ့မှိုင်းမှိုင်းကြီး ဖြစ်နေပါတယ်။
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီးရဲ့ ထူးခြားမှုတွေ၊ ကျော်ကြားမှုတွေအပြင် သဘာဝအတိုင်း နီးနီးရှိနေသေးတဲ့ တောတောင်ရှုခင်းတွေရှိတဲ့ သဘာဝခရီးသွားနယ် မြေဖြစ်နေတဲ့အတွက်ကြောင့် ပြည်တွင်းသာမက ပြည်ပနိုင်ငံတွေက နိုင်ငံခြားသားတွေလည်း အမြဲမပြတ်လာရောက်လေ့ရှိတဲ့ နေရာဖြစ်တဲ့အတွက်လည်း ရှိရင်းစွဲ သဘာဝအမွေကို ထိန်းသိမ်းပြီးတိုးတက်အောင် ဆောင်ရွက်သင့်ကြတယ်လို့လည်း မြင်ပါတယ်။
ကျိုက်ထီးရိုးစေတီတော်ကြီးကို ဘယ်အချိန်ပဲ ဖြစ်ဖြစ်၊ ဘယ်နှကြိမ်ပဲဖြစ်ဖြစ် သွားရောက်ဖူးမြော်ရတိုင်း ထူးခြားတဲ့ ခံစားမှုအမြဲပဲ ခံစားမိပါတယ်။ မြန်မာတွင်သာမက ကမ္ဘာပေါ်မှာပါ Golden Rock လို ့ကျော်ကြားတဲ့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို နောက်တစ်ခါ သွားရောက်ဖူးမြော်ခွင့်ရရင်ဖြင့် ပြောင်းလဲမှုတိုးတက်မှုတွေ မြင်တွေ့ခွင့်ရမယ်လို ့မျှော်လင့်ရင်း။
တောင်ခြေကင်မွန်းစခန်းရောက်တော့ နေမင်းကြီး ထိန်ထိန်သာနေပါပြီ။










