ဧရာဝတီတိုင်းအတွင်း မြို့နယ်အသီးသီးတွင် လိုင်စင်မဲ့အရက်ဆိုင်များ၊ လိုင်စင်ရှိပြီး စည်းကမ်းနှင့်မညီညွတ်သော အရက်ဆိုင်များနှင့် ဥပဒေနှင့်မညီသော လိုင်စင်စီများကို အရေးယူရုပ်သိမ်းပေးရေးအဆို လွှတ်တော်တွင်အတည်ပြု

ဧရာဝတီတိုင်းအတွင်း မြို့နယ်အသီးသီးတွင် လိုင်စင်မဲ့အရက်ဆိုင်များ၊ လိုင်စင်ရှိပြီး စည်းကမ်းနှင့်မညီညွတ်သော အရက်ဆိုင်များနှင့် ဥပဒေနှင့်မညီသော လိုင်စင်စီများကို အရေးယူရုပ်သိမ်းပေးရေးအဆို လွှတ်တော်တွင်အတည်ပြု
Published 29 December 2017

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးနှင့် ရပ်ကွက်ကျေးရွာများတွင် လိုင်စင်မဲ့အရက်ဆိုင်များ၊ လိုင်စင်ရှိပြီး လိုင်စင်စည်းကမ်းနှင့်မညီညွတ်သော အရက်ဆိုင်များနှင့် ဥပဒေနှင့်မညီညွတ်သော လိုင်စင်စီများကို အရေးယူရုပ်သိမ်းပေးရေးအဆိုအား ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒသမနေ့တွင် လွှတ်တော်အတွင်း ကန့်ကွက်သူမရှိ အတည်ပြု မှတ်တမ်းတင်ခဲ့ကြောင်း သတင်းရရှိသည်။

နဝမပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ညောင်တုန်းမြို့နယ်မဲဆန္ဒနယ် အမှတ် (၁) မှ ဒေါ်နီနီမိုးက တင်သွင်းခဲ့သည့် ယင်းအဆိုအား လွှတ်တော်အတွင်း ကိုယ်စားလှယ် ၁၄ ဦးအထိ ဆွေးနွေးခဲ့ပြီးနောက် ယင်းကဲ့သို့ အတည်ပြုမှတ်တမ်းတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုနှင့်ပတ်သက်၍ ငပုတောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ဦးဖြိုးဇော်ရွှေက လွှတ်တော်အတွင်း ဆွေးနွေးရာတွင် “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ဆဲ ကာလအတွင်းမှာ အရက်၊ ဘီယာတွေကြောင့် လူငယ်တွေပျက်စီးပြီး မှုခင်းတွေများပြားလာ တာတွေဟာ တိုင်းပြည်အတွက် အလွန်စိုးရိမ်စရာ ကောင်းပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ ဧရာဝတီတိုင်းဒေသကြီးက မိမိကိုယ်ကိုယ် သတ်သေတာနဲ့ လူသေမှုအများဆုံးဖြစ်ပြီး ဒီသတ်သေမှုနဲ့ လူသေမှုတွေရဲ့ ရာခိုင်နှုန်း ၈၀ ကျော်ကလည်း အရက်ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မှုခင်းတွေရဲ့ ထက်ဝက်ကျော်ကလည်း အရက်နဲ့ စပ်ဆက်နေပါတယ်။ ကျွန်တော့်ရဲ့ ငပုတောမြို့နယ်အတွင်းမှာ ယစ်မျိုးလိုင်စင်ချထားပေးတဲ့ ဆိုင်ပေါင်း ၄၃၀ ကျော် ရှိပါတယ်။ ဒါဟာအလွန်စိုးရိမ်ဖွယ်ရာများ ပြားတဲ့ပမာဏပါ။ ဘာကြောင့်လဲဆိုရင် ငပုတောမြို့နယ်က အသက် ၁၅ နှစ်အထက် ယောကျ်ားလေးဦးရေနဲ့ ယစ်မျိုးလိုင်စင်ချ ထားပေးတဲ့အရက်၊ ဘီယာဆိုင်အရေအတွက် ကိုအချိုးချတဲ့အခါမှာ အယောက် ၂၅၀ ကျော်ကို အရက်၊ ဘီယာဆိုင်တစ်ဆိုင်နှုန်း ရှိနေပါတယ်။ ဒါက တရားဝင်လိုင်စင်ချထားတဲ့ စာရင်းတွေအရပဲရှိပါသေးတယ်။ တရားမဝင် လိုင်စင်ပွား၊ လိုင်စင်မရှိဘဲ ရောင်းချနေတဲ့ဆိုင်တွေလည်း ရှိနေနိုင်ပါသေးတယ်။ လိုင်စင်အတည်ပြုဖွင့်လှစ်ခွင့်ပြုထားတဲ့ ဆိုင်တည်နေရာ ဖော်ပြထားချက်တွေဟာ မြေပြင်မှာ အမှန်တကယ်ဖွင့်လှစ်ထားတဲ့ တည်နေရာများနဲ့ ကွဲလွဲမှုများရှိနေတာကိုလည်း တွေ့ရပါတယ်။ နမူနာအနေနဲ့ ငပုတောမြို့ အဓိက အဝင်လမ်းဖြစ်တဲ့ မဂ္ဂင်လမ်းပေါ်မှာ လိုင်စင်တည်နေရာအရ ယစ်မျိုးဆိုင်ခြောက်ဆိုင်ရှိပေမယ့် တကယ့်မြေပြင်မှာတော့ သုံးဆိုင်သာဖွင့်လှစ်ထားရှိတာကိုတွေ့ရပြီး ကျန်ဆိုင်တွေက လိုင်စင်က ခွင့်ပြုထားတဲ့နေရာမှာမဖွင့်ဘဲနေ ရာပြောင်းဖွင့်လှစ်နေပုံရကြောင့် တွေ့ရမှာပါ။ အခုလိုနေရာပြောင်းလဲ ဖွင့်လှစ်တာတွေအနေနဲ့ ယစ်မျိုးဥပဒေအရ လိုင်စင်စည်းကမ်းနဲ့အညီ ဖွင့်လှစ်ထားတာရှိမရှိကို တာဝန်ရှိ ဌာနတွေအနေနဲ့ မျက်ကွယ်မပြုဘဲ စစ်ဆေးအရေးယူမှုတွေ ပြုလုပ်ဖို့ ပျက်ကွက်နေတာ တွေတွေ့ရတဲ့အတွက် အဂတိလိုက်စားမှုတွေ ရှိနေလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပြီး အစိုးရအဖွဲကအနေနဲ့ စိစစ်ကြပ်မတ်ဖို့လိုနေပါတယ်” ဟု ဦးဖြိုးဇော်ရွှေက ပြောကြားသည်။

ယင်းအဆိုအား လွှတ်တော်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ဝန်ကြီးတစ်ဦးက ထောက်ခံဆွေးနွေးရာတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ခွင့်ယူထားသောကြောင့် လျှပ်စစ်၊ လမ်းပန်းနှင့် စက်မှုဝန်ကြီးကသာ ထောက်ခံဆွေးနွေးပေးခဲ့ပြီး လွှတ်တော်အတွင်း ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြောင်း သိရသည်။

Most Read

Most Recent