ဇူလိုင်လကုန်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၆ ဒသမ ၆ သိန်းကျော်တင်ပို့မှုမှ ဒေါ်လာ ၄၈၄ သန်းရရှိထားပြီး ပဲဈေးကျဆင်းနေသဖြင့် ယခင်နှစ်ကာလတူ ပဲတင်ပို့မှုမှရငွေ၏ ထက်ဝက်နီးပါးလျော့နည်း

ဇူလိုင်လကုန်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၆ ဒသမ ၆ သိန်းကျော်တင်ပို့မှုမှ ဒေါ်လာ ၄၈၄ သန်းရရှိထားပြီး ပဲဈေးကျဆင်းနေသဖြင့် ယခင်နှစ်ကာလတူ ပဲတင်ပို့မှုမှရငွေ၏ ထက်ဝက်နီးပါးလျော့နည်း
Published 8 August 2017


ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်အတွင်းရှိ ပဲစိုက်ခင်းများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၆ ဒသမ ၆ သိန်းကျော်တင်ပို့မှုမှ ဒေါ်လာ ၄၈၄ သန်းရရှိထားကြောင်း၊ ယခုနှစ်အတွင်း ပဲဈေးများကျဆင်းနေသဖြင့် ယခင်နှစ်ကာလတူထက် ပဲတင်ပို့မှုမှ ရငွေထက်ဝက်နီးပါး လျော့နည်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ယခင်နှစ်က ပဲမျိုးစုံဈေးနှုန်းသည် တစ်တန်လျှင် ဒေါ်လာ ၁၁၀၀-၁၂၀၀ ဝန်းကျင်ခန့် ဈေးရရှိခဲ့သော်လည်း ယခုနှစ်တွင် ပျမ်းမျှဈေးနှုန်း ဒေါ်လာ ၈၀၀-၉၀၀ ဝန်းကျင်ခန့်ဖြင့် ဈေးနှုန်းလျော့နည်းရရှိကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၂၈ ရက်အထိ မြန်မာနိုင်ငံမှ အများဆုံးတင်ပို့လျက်ရှိသည့် မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်း၊ တန်ဖိုးဒေါ်လာ ၁၉၉ သန်းရှိပြီး ဒုတိယအများဆုံးအနေဖြင့် ပဲတီစိမ်းတန်ချိန် ၁ ဒသမ ၇ သိန်း၊ တန်ဖိုးဒေါ်လာ ၁၃၇ သန်းဖြစ်ကြောင်း၊ တတိယအများဆုံးအနေဖြင့် ပဲစဉ်းငုံတန်ချိန် ၁ ဒသမ ၄ သိန်း၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၇၃ သန်းတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ကုလားပဲတင်ပို့မှုအနေဖြင့် ယခုနှစ်အတွင်း တန်ချိန်သုံးသောင်းခန့် တင်ပို့မှုမှ တန်ဖိုးဒေါ်လာ ၂၄ သန်းခန့် တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် တန်ချိန်တစ်သောင်းကျော်၊ တန်ဖိုးဒေါ်လာ ၁၂ သန်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပဲမျိုးစုံ အများဆုံးတင်ပို့လျက်ရှိသည့် နိုင်ငံများမှာ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ပါကစ္စတန်၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁၂ သိန်းနှင့် ၁၄ သိန်းကြားတင်ပို့နိုင်ရန် ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။

သြဂုတ် ၂ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၇၄၅၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၈၀၀၀၀၊ သြဂုတ် ၄ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၇၅၀၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၉၇၀၀၀ အထိ ဈေးကျဆင်းခဲ့သည်။

ပြီးခဲ့သည့် ဇွန်၊ ဇူလိုင်လများအတွင်း မတ်ပဲဈေး အတက်အကျဖြစ်ပေါ်နေခဲ့ပြီး သြဂုတ်လ ပထမပတ်အတွင်း၌လည်း ပဲဈေးများ ဆက်လက်ကျဆင်းနေသည်။ အိန္ဒိယ၏ ဝယ်လိုအားအပေါ်မူတည်ကာ ပြည်တွင်းပဲဈေးကွက်၌ အတက်အကျဖြစ်ပေါ်လေ့ရှိကြောင်း ပဲကုန်သည်များက ဆိုသည်။

Writer - နီလာ

Most Read

Most Recent