ဆရာ ဆရာမများကို အမည်တပ်၍ (By Name) ဖြင့် ပြည်ပခရီးစဉ်များ ဖိတ်ကြားခံရလျှင် ခွင့်မပြုကြောင်း ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ကို လုံးဝရုပ်သိမ်းပေးရန် NNER ကြေညာချက်ထုတ်ပြန်

ဆရာ ဆရာမများကို အမည်တပ်၍ (By Name) ဖြင့် ပြည်ပခရီးစဉ်များ ဖိတ်ကြားခံရလျှင် ခွင့်မပြုကြောင်း ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ကို လုံးဝရုပ်သိမ်းပေးရန် NNER ကြေညာချက်ထုတ်ပြန်
Published 29 December 2017

ဆရာ ဆရာမများကို အမည်တပ်(By Name) ၍ ပြည်ပခရီးစဉ်များ ဖိတ်ကြားခံရလျှင် ခွင့်မပြုကြောင်း ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ကို လုံးဝရုပ်သိမ်းပေးရန် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER )က သဘောထား ကြေညာချက်ထုတ်ပြန်သည်။

ဆရာ၊ ဆရာမများကို ပြည်ပနိုင်ငံများသို့ သင်တန်း၊ ပညာသင်၊ ဆွေးနွေးပွဲ၊ အစည်းအဝေး၊ စာတမ်းဖတ်ပွဲ၊ ညီလာခံ၊ ဖိုရမ်၊ ချစ်ကြည်ရေး၊ လေ့လာရေးခရီးစဉ်များတွင် ပါဝင်ရန်၊ တက်ရောက်ရန် (By Nmae ဖြင့်) အမည်တပ်၍ ဖိတ်ကြားခံရလျှင် ထိုပြည်ပခရီးစဉ်များကို ခွင့်မပြုကြောင်း ပညာရေးဝန်ကြီးဌာနက တင်းကျပ်စွာတားမြစ်သည့် တရားဝင်ညွှန်ကြားချက်များ ထွက်ပေါ်လာခြင်းကြောင့် NNER အပါအဝင် တက္ကသိုလ်များရှိ ဆရာများ သမဂ္ဂများက ယင်းကဲ့သို့ကြေညာချက်များ ထုတ်ပြန်လာခြင်းဖြစ်သည်။

NNER ၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ အစိုးရအနေဖြင့် အကောင်အထည်ဖော်နေသော လက်ရှိအမျိုးသားပညာရေးဥပဒေ၊ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေများသည် ဗဟိုချုပ်ကိုင်မှုကို ဦးတည်နေခြင်း ၊ ပညာရေးလွတ်လပ်ခွင့်နှင့် ဆရာ၊ ဆရာမများ၏ လွတ်လပ်ခွင့်ကို အာမခံမှု ကင်းမဲ့နေခြင်းတို့ကြောင့် ယခုကဲ့သို့ကိစ္စရပ်များ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ထို့ပြင် ပညာရေးဝန်ကြီးဌာနသည် လက်ရှိအမျိုးသားပညာရေးဥပဒေများက လုပ်ပိုင်ခွင့် ပေးအပ်ထားသည့် ဗဟိုချုပ်ကိုင်မှုကို ကျင့်သုံးပြီး ဆရာ၊ ဆရာမများ၏ တစ်သက်တာ သင်ယူနိုင်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်းအပေါ် NNER အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် ဗဟိုချုပ်ကိုင်မှု လွန်ကဲနေသည့် အမျိုးသားပညာရေး ဥပဒေအပါအဝင်၊ ပညာရေးဆိုင်ရာ အခြားဥပဒေများ၊ လုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြားချက်များကို အမြန်ဆုံး ပြင်ဆင်ပေးရန် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

မြန်မာနိုင်ငံ အစိုးရသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် တရားဝင်လက်မှတ်ထိုး၍ ကတိကဝတ်ပြုထားကြောင်း၊ အဆိုပါ ကတိကဝတ်များအနက် ပညာရေးရည်မှန်းချက် (SDG4) အရ လူသားတိုင်း အကျုံးဝင်သော သာတူညီမျှမှုနှင့် အရည်အသွေးရှိသော ပညာရေးကို တစ်သက်တာလုံး သင်ယူနိုင်ခွင့် ပိုမိုရရှိအောင် လူတိုင်းအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန် အစိုးရအနေဖြင့် တာဝန်ရှိကြောင်း၊ SDG4.C တွင်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများနှင့် ကျွန်းငယ်နိုင်ငံများတွင် ဆရာအတတ်သင်တန်းဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မ ှုနည်းနာအပါအဝင် အရည်အသွေးမြင့် ဆရာများ ဖြည့်ဆည်းပေးမှုကို ရေရှည်တိုးမြှင့်သွားရန်ဟု ဖော်ပြထားကြောင်း NNER ၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်ကို တွေ့ရသည်။

လက်ရှိအချိန်တွင် အဆိုပါဆရာ၊ ဆရာမများအား ပြည်ပနိုင်ငံများသို့ သင်တန်း၊ ပညာသင်၊ ဆွေးနွေးပွဲ၊ အစည်းအဝေး၊ စာတမ်းဖတ်ပွဲ၊ ညီလာခံ၊ ဖိုရမ်၊ ချစ်ကြည်ရေး၊ လေ့လာရေး ခရီးစဉ်များတွင် ပါဝင်ရန်၊ တက်ရောက်ရန် (By Name ဖြင့်) အမည်တပ်၍ ဖိတ်ကြားခံရလျှင် ထိုပြည်ပခရီးစဉ်များကို ဝန်ကြီးဌာနမှ ခွင့်မပြုကြောင်း တင်းကျပ်စွာ တားမြစ်သည့် တရားဝင်ညွှန်ကြားချက်နှင့် ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ်ဆရာ၊ ဆရာမများသမဂ္ဂ၊ ပုသိမ်တက္ကသိုလ်ဆရာများ သမဂ္ဂ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဆရာများသမဂ္ဂနှင့် ဒဂုံတက္ကသိုလ်ဆရာများသမဂ္ဂတို့ကလည်း သဘောထားကြေညာချက်များ ထုတ်ပြန်၍ ညွှန်ကြားချက်ကို လုံးဝရုပ်သိမ်းပေးရန် တောင်းဆိုထားကြောင်း သိရသည်။

Most Read

Most Recent