ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် မိုက်ကယ်ကျော်မြင့်အား ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေတစ်ဦးကို စစ်ဆေး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် မိုက်ကယ်ကျော်မြင့်အား ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေတစ်ဦးကို စစ်ဆေး
Published 29 December 2017

ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် မိုက်ကယ်ကျော်မြင့်ကို တာမွေမြို့နယ်တရားရုံး၌ ဒီဇင်ဘာ ၂၈  ရက်က ရုံးထုတ်ရာ တရားလိုဘက်မှ တရားလိုပြ သက်သေတစ်ဦးကို စစ်ဆေးခဲ့ကြောင်း တာမွေမြို့နယ်တရားရုံးမှ သိရသည်။

မိုက်ကယ်ကျော်မြင့်ကို စွဲဆိုထားသည့် ပုဒ်မ ၅၀၅(ခ)အမှုအတွက် အဆိုပါရုံးထုတ်တွင်  တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့သော်လည်း  ငြိမ်းစုစီပုဒ်မ ၁၉ အတွက် အမှုကို မစစ်ဆေးဖြစ်ဘဲ  ရုံးချိန်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ  ၅ ရက်သို့  ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ စီမံကိန်း အပိုင်း (၂)အကောင်အထည်ဖော်နေသည့် မြေယာကိစ္စများနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးတင်ထွန်းဆိုသူက ငွေကြေးများ လာဘ်ယူခဲ့သည်ဟုဆိုကာ ဇွန် ၂ ရက်က တာမွေမြို့နယ် ကျိုက္ကဆံကွင်းအတွင်းရှိ ဟစ်တိုင်အနီးတွင် မိုက်ကယ်ကျော်မြင့်က သတင်းစာရှင်းလင်းခဲ့ကြောင်း သိရပြီး ယင်းသို့ရှင်းလင်းမှုအပြီးတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သော အကြောင်းအရာများသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အများပြည်သူ၏ အကြည်အညိုပျက်စေရန်၊ ထိတ်လန့်ကြောက်ရွံ့စေရန် အကြံဖြင့် မမှန်မကန် ကောလာဟလဖြန့်ဝေပြီး ပြည်သူလူထုမှ အစိုးရအဖွဲ့အပေါ် ပြစ်မှုကျူးလွန်ချင်လာအောင် အများပြည်သူကို မဟုတ်မမှန်လုပ်ကြံ ကောလာဟလဖြန့်ဝေသည်ဟုဆိုကာ မိုက်ကယ်ကျော်မြင့်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက အောက်တိုဘာ ၂၃ ရက် ညနေ ၃ နာရီတွင် တာမွေမြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဟိန်း၏ ဦးတိုက်လျှောက်ထားမှုနှင့် ပတ်သက်ပြီး တာမွေမြို့နယ် တရားသူကြီးက ရာကြီးအမှတ် ၇၃၁/  ၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် လက်ခံခဲ့ကာ မိုက်ကယ်ကျော်မြင့်အား ခံဝန်မဲ့ဖြင့် ဖမ်းဝရမ်း ထုတ်ဆင့်ပေးခဲ့သဖြင့် မိုက်ကယ်ကျော်မြင့်အား ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent