အကင်လှည်းကို သော့ဖျက်ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ ကမာရွတ်မြို့နယ် စည်ပင်ရုံးအား ဈေးသည်နှစ်ဦးက လမ်းလျှောက်ဆန္ဒထုတ်ဖော်

အကင်လှည်းကို သော့ဖျက်ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ ကမာရွတ်မြို့နယ် စည်ပင်ရုံးအား ဈေးသည်နှစ်ဦးက လမ်းလျှောက်ဆန္ဒထုတ်ဖော်
Published 27 December 2017

ကမာရွတ်မြို့နယ် စည်ပင်ရုံးရှေ့တွက် ဆန္ဒထုတ်ဖော်နေသူနှစ်ဦးကို ဒီဇင်ဘာ ၂၆ ရက်က တွေ့ရစဉ်

အကင်လှည်းအား သော့ဖျက်ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ ကမာရွတ်မြို့နယ် စည်ပင်ရုံးအား ဈေးသည်နှစ်ဦးက ဒီဇင်ဘာ ၂၆ ရက်တွင် လှည်းတန်းစင်တာရှေ့မှ ကမာရွတ်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ရှေ့သို့သွားရောက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

“ဈေးလှည်းကို ညဘက်မှာ သိမ်းတယ်။ မနက် ၅ နာရီထိုးမှာ သော့ရိုက်ဖြုတ်ပြီး ယူသွားတယ်။ ကျွန်တော်တို့လည်း မသိဘူး။ ဒါကြောင့်ရှာတော့ စည်ပင်ရုံးအနောက်မှာ တွေ့တယ်။ ဒါလေးကိုတော့ ပြန်ပေးပါလို့ တောင်းပန်တယ်။ လိုင်စင်ရှိလားမေးတယ်။ မရှိဘူးဆိုတော့ မပေးဘူးကွာဆိုပြီး ပြောတယ်။ လှည်းထဲကပါသွားတဲ့ ပစ္စည်းတွေနဲ့ ပိုက်ဆံ ၈၀၀၀ လောက် ပါသွားတာလည်း ပြန်မပေးဘူး။ ကျွန်တော်တို့ကိုသိမ်းတာ ၁၁ လပိုင်း ၂၃ ရက်က သိမ်းတာပါ” ဟု ဆန္ဒထုတ်ဖော်သူ ဦးရဲဝင်းက ပြောကြားသည်။

အကင်လှည်း သိမ်းဆည်းခံရခြင်းအတွက် ဆန္ဒထုတ်ဖော်ရာတွင် ပြည်သူအပေါ် ချေငံစွာ ဆက်ဆံပြောဆိုပေးရေး၊ ကမာရွတ်စည်ပင်မှ ပိုင်ရှင်မသိဘဲ သိမ်းယူသွားသော ငွေနှင့်ပစ္စည်းများ ပြန်ပေးရေး၊ ပြည်သူမနှစ်သက်သော စည်ပင်ဥပဒေ အမြန်ဆုံး ပယ်ဖျက်ရေးနှင့် ကမာရွတ်စည်ပင်ရုံးမှ လုပ်ဆောင်မှုများ ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ စစ်ဆေးပေးရေးစသည့် ကြွေးကြော်သံများကို ဈေးသည်နှစ်ဦးက ကြွေးကြော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ရန်အတွက် ဈေးသည်နှစ်ဦးက သက်ဆိုင်ရာသို့ တရားဝင် အသိပေး အကြောင်းထားကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကမာရွတ်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်မေးမြန်းရာ အုပ်ချုပ်ရေးမှူးမရှိသောကြောင့် ၎င်း၏ လက်ကိုင်ဖုန်းအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားခဲ့ခြင်း မရှိပေ။

Most Read

Most Recent