ဗန်ဒိုက်အား ပေါင်(၆)သန်းဖြင့်ခေါ်ယူရန် အခွင့်အရေးရရှိခဲ့ဖူးဟု ၀ါနော့ခ် ဖွင့်ဟ

ဗန်ဒိုက်အား ပေါင်(၆)သန်းဖြင့်ခေါ်ယူရန် အခွင့်အရေးရရှိခဲ့ဖူးဟု ၀ါနော့ခ် ဖွင့်ဟ
Published 27 October 2018

ကာဒစ်ဖ်အသင်းနည်းပြ နေးလ်ဝါနော့ခ်က လီဗာပူးလ်အသင်းတွင် ခြေစွမ်းပြနေသည့်နယ်သာလန်နောက်ခံလူ ဗန်ဒိုက်အား ပြောင်းရွှေ့ကြေးပေါင်(၆)သန်းဖြင့်ခေါ်ယူရန် အခွင့်အရေးရရှိခဲ့ဖူးကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

၀ါနော့ခ်သည် ခရစ္စတယ်ပဲလေ့စ်အသင်းကို ကိုင်တွယ်နေစဉ် ဆဲလ်တစ်မှ ဗန်ဒိုက်အား ယင်းပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန်အခွင့်အရေးရခဲ့သော်လည်း အသင်း၏ကင်းထောက်ချုပ်က ၎င်းမှာ နှေးကွေးလွန်းသည့်ကစားသမားဖြစ်သည်ဟုမှတ်ချက်ပြုခဲ့ခြင်းကြောင့် မခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗန်ဒိုက်သည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဆောက်သမ်တန်အသင်းမှ လီဗာပူးလ်သို့ နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်(၇၅)သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး အသင်းတွင် ခြေစွမ်းပြကစားလျက်ရှိသည်။

ါနော့ခ်က '' အခုလို ဗန်ဒိုက်ခြေစွမ်းပြနေတာတွေ့ရလို့ ကျွန်တော်ကျေနပ်မိပါတယ်။ ပဲလေ့စ်ကို ကျွန်တော်ကိုင်တွယ်တုန်းက သူ့ကို ပေါင်(၆)သန်းလောက်နဲ့ ခေါ်ယူနိုင်ဖို့ အခွင့်အရေးရခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ကစားသမားကင်းထောက်ချုပ်က ဗန်ဒိုက်ဟာ အရမ်နှေးတဲ့ကစားသမားလို့ မှတ်ချက်ပြုခဲ့တာကြောင့် မခေါ်ဖြစ်ခဲ့တာပါ'' ဟုပြောကြားခဲ့သည်။

ယခုရာသီပရီးမီးယားလိဂ်တန်းတက် ကာဒစ်ဖ်အသင်းသည် လက်ရှိအချိန်ထိနိုင်ပွဲတစ်ပွဲသာ ရရှိထားပြီး စနေနေ့တွင် လီဗာပူးလ်အသင်းအား အန်ဖီးလ်၌ သွားရောက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent