လုပ်ကိုင်ခွင့် တားမြစ်ထားသော အငြင်းပွား လယ်ယာမြေအတွင်း ဝင်ရောက် လုပ်ကိုင်နေသူများကြောင့် ဒေသတွင်း မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားမီ အမြန်ဆုံးဖြေရှင်းပေးရန် တောင်းဆို

လုပ်ကိုင်ခွင့် တားမြစ်ထားသော အငြင်းပွား လယ်ယာမြေအတွင်း ဝင်ရောက် လုပ်ကိုင်နေသူများကြောင့် ဒေသတွင်း မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားမီ အမြန်ဆုံးဖြေရှင်းပေးရန် တောင်းဆို
Published 26 December 2017

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်ရှိ ပဒဲကောကျေးရွာအုပ်စု ဘုတ်ချောင်းကျေးရွာအုပ်စု ဆတ်ကျွန်းကျေးရွာအုပ်စုတို့တွင် သစ်တောဌာနမှ စွန့်လွှတ်ထားသော လယ်ယာမြေဧက ၉၀၀ ကျော်တွင် လယ်ယာအငြင်းပွားမှုကြောင့် လုပ်ကိုင်ခွင့် တားမြစ်ထားသော လယ်ယာအတွင်း ဝင်ရောက် လုပ်ကိုင်နေသူများကြောင့် ဒေသတွင်း မလိုလားအပ်သည့် ပြဿနာများမဖြစ်ပွားမီ အမြန်ဆုံးဖြေရှင်းပေးရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရထံသို့ မူလတောင်သူများ ပုသိမ်မြို့တွင် စကားဝါလမ်းရှိ မြစ်ဝကျွန်းပေါ် ကာကွယ်မြှင့်တင်သူများအဖွဲ့ရုံးတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

သစ်တောဦးစီးဌာနမှ စွန့်လွှတ်သည့် လယ်ယာမြေတွင် မူလ တောင်ယာလုပ်ကိုင်သူ ၃၉ ဦးနှင့် တစ်ဖက်မှ တောင်သူ ခုနစ်ဦးတို့မှ အငြင်းပွားလျက် ရှိနေသောကြောင့် နှစ်ဦးနှစ်ဖက် လုပ်ကိုင်ခွင့်အား၂၀၁၇ ခုနှစ် ဇွန်လတွင် အုပ်ချုပ်ရေးအဖွဲ့မှ တားမြစ်ခဲ့သော်လည်း တောင်သူ ခုနစ်ဦးက ဝင်ရောင်လုပ်ကိုင်လျက်ရှိရာ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်း မရှိသဖြင့် ဒေသတွင်း မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေရသောကြောင့် တိုင်းဒေသကြီးအစိုးရမှ အမြန်ဆုံးဖြေရှင်းပေးပါရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ဒေသခံ မူလတောင်သူများထံမှ သိရသည်။

“၂၁၀၅ ခုနှစ်မှာ ကျွန်တော်တို့ မူလ တောင်သူတွေ ဆင်းထွန်းလိုက်တယ်။ မူလ တောင်သူတွေကို သူတို့ တရားစွဲပါတယ်။ ကျွန်တော်တို့ လယ်သမားတွေကို ရဲက ဖမ်းတယ်။ ကိုးရက် အချုပ်ထဲမှာနေပြီးတော့ အမှုဆင်ပါတယ်။ အခုချိန်ထိ ကျွန်တော်တို့ ရုံးချိန်းတက်ရတာ တစ်နှစ်ကျော်သွားပြီ။ ၂၀၁၇ မှာ တစ်ခါဆင်းထွန်တော့ နှစ်ဦးနှစ်ဖက်စလုံးကို မြို့နယ်က တားပါတယ်။ ဒေသခံတောင်သူတွေနဲ့ လက်ငုတ်တောင်သူတွေက နားလိုက်တယ်။ တစ်လကြာတော့ လက်ရှိလုပ်နေတဲ့ သူတွေက စက်အလုံး ၂၀ လောက်နဲ့ ဝင်ထွန်တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကို ကျွန်တော် ကိုယ်တိုင်ပဲ တက်ပြီးတော့တိုင်တော့ တစ်ခါတည်းတားပြီး အရေးမယူချင်ဘူးဆိုလို့ သုံးခါပြည့်အောင် တားစာစောင့်ပါတယ်။ သုံးခါပြည့်လည်း ထွန်တာပါပဲ။ နောက်ဆုံးရိတ်ချိန် ရောက်တော့လည်း ဘာမှမထူးဘူး။ မူလ တောင်သူတွေ မတရားသဖြင့် ခံစားနေရတာတွေ တားမြစ်တာကို ကျူးတဲ့သူတွေက အမှုမဖြစ်တော့ အဲဒါတွေကိုလည်း အရေးယူပေးစေချင်တယ် ဒီအတိုင်း ဆက်သွားနေတော့မယ်ဆိုရင် မခံစားနိုင်တော့ဘဲ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တဲ့အတွက် အချိန်မီအခါမီ အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟု မူလတောင်သူတစ်ဦးဖြစ်သူ ဦးဌေးမြင့် က ပြောကြားသည်။

လုပ်ကိုင်ခွင့် တားမြစ်လယ်မြေများပေါ် တွင် တောင်သူခုနစ်ဦး ကျူးကျော် စိုက်ပျိုးခဲ့သဖြင့် စပါးများပင် ရိတ်သိမ်းချိန်ဖြစ်နေကာ အဆိုပါစပါးများ လာရောက်ရိတ်သိမ်းစဉ် မူလတောင်သူများနှင့် ထိပ်ဆိုင်တွေ့ဆုံကာ အပြန်အလှန် ပြဿနာများ ဖြစ်ပွားလျက်ရှိကြောင်း၊ မလိုလားအပ်သည့် ပဋိပက္ခများ မဖြစ်ပွားရန် ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ဖြေရှင်းပေးမှုကို စောင့်နေသော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကလည်း အရေးယူဆောင်ရွက်မှု မရှိသောကြောင့် အရေးယူဆောင်ရွက်ပေးရန် မူလတောင်သူများမှ ဆက်လက် တောင်းဆိုခဲ့သည်။

Most Read

Most Recent