မန်းရွှေစက်တော်ဘုရားပွဲ တည်းခိုဆောင် လုပ်ကိုင်ခွင့်များကို မူလသတ်မှတ်သည့် မဲစနစ်ဖြင့် မဟုတ်တော့ဘဲ အိတ်ဖွင့်တင်ဒါ ခေါ်ယူမည်

မန်းရွှေစက်တော်ဘုရားပွဲ တည်းခိုဆောင် လုပ်ကိုင်ခွင့်များကို မူလသတ်မှတ်သည့် မဲစနစ်ဖြင့် မဟုတ်တော့ဘဲ အိတ်ဖွင့်တင်ဒါ ခေါ်ယူမည်
Published 26 December 2017

ရွှေစက်တော်ဘုရား အောက်ခြေတော်ရာ တန်ဆောင်း၊ တဲကျောင်းများနှင့် ဆိုင်ခန်းများကို သစ္စာဗန္ဓတောင်တော်ပေါ်မှ တွေ့ရစဉ်

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်း နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ ကျင်းပလေ့ရှိသည့် မန်းရွှေစက်တော် ဘုရားပွဲတော်တွင်း ၂၀၁၈ ခုနှစ် ပွဲတော်ချိန်အတွက် တည်းခိုဆောင် (တဲကျောင်း) လုပ်ကိုင်ခွင့်များအား မူလသတ်မှတ်သည့် မဲစနစ်ဖြင့် မဟုတ်တော့ဘဲ အိတ်ဖွင့်တင်ဒါ ခေါ်ယူမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ဝင် ဦးမြင့်သိန်းထံမှ သိရသည်။

ရွှေစက်တော် ပွဲတော်တွင်း တဲကျောင်း လုပ်ကိုင်ခွင့်များအတွက် မူလက မဲစနစ်ဖြင့် လျှောက်လွှာ တစ်စောင်လျှင် ကျပ် ၂၀၀,၀၀၀ နှင့် ကြိုတင်ပေးသွင်းငွေ ကျပ်သိန်း ၄၀ ဟု သတ်မှတ်ခဲ့ကြောင်း၊ ထိုသတ်မှတ်ချက်နှင့်အညီ လျှောက်ထားသူ ၁၃၃ ဦး ရှိခဲ့ကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်ကြောင့် ထိုလျှောက်လွှာများအတွက် ငွေပြန်အမ်း၍ အိတ်ဖွင့်တင်ဒါစနစ်ဖြင့်သာ လုပ်ကိုင်ခွင့်ချထားပေးရန် ပြန်လည်စီစဉ်ခဲ့ကြောင်း၊ ယင်းသို့ တင်ဒါခေါ်နိုင်ရန် တဲကျောင်းများ ဆောက်လုပ်မည့် မြေနေရာများအတွက် မြေပုံရေးဆွဲပြီး၍ ကြမ်းခင်းဈေးများ သတ်မှတ်ရန် လိုအပ်သေးကြောင်း သိရသည်။

“တဲကျောင်းလုပ်ငန်းရှင်များ ကိုယ်စားဆိုပြီး ဘုရားဂေါပက နာယကအဖွဲ့ဆီကို ကိုဝင်းမင်းလတ် ဆိုသူက တင်ဒါစနစ်နဲ့လုပ်ရင် ဘုရားကြီးအတွက်လည်း အကျိုးရှိတယ်။ ငွေနည်းတဲ့ လူတွေလည်းပဲ လုပ်ကိုင်ခွင့်ရမယ်။ ဒါကြောင့်မို့လို့ တင်ဒါစနစ်နဲ့ လုပ်ချင်ပါတယ် ဆိုတဲ့အပေါ်မှာ နာယကအဖွဲ့က အိတ်ဖွင့်တင်ဒါစနစ်နဲ့ပဲ လုပ်ပါဆို ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်တို့က မဲစနစ်နဲ့ လုပ်တာက ပိုကောင်းမွန်မယ်လို့ တင်ပြပေမယ့် “ဝယ်ပြီးသား လျှောက်လွှာတွေ ပြန်အမ်းပါ”လို့ ကျွန်တော်တို့ကို ညွှန်ကြားလာပါတယ်”ဟု ဦးမြင့်သိန်းက ပြောကြားသည်။

အဆိုပါ စနစ်အပြောင်းအလဲကြောင့် ရေစပ်နှင့် နီးသည့် တဲကျောင်းနေရာများအတွက်သာ လျှောက်လွှာတင်သူ များလာနိုင်ခြင်း၊ မူလက လျှောက်လွှာကြေးနှင့် ကြိုတင်ငွေ ပေးသွင်းထားသူများအတွက် နစ်နာမှုများ ရှိခြင်းတို့နှင့် ပတ်သက်၍ ဝေဖန်မှုများရှိနေကြောင်း သိရသည်။

လာမည့် မန်းရွှေစက်တော် ပွဲတော်ချိန်တွင် တဲကျောင်းနှင့် ဆိုင်ခန်းများ ဆောက်လုပ်ရန် မြေနေရာညှိခြင်း လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးထားကြောင်း မန်းရွှေစက်တော်ပွဲတော်သို့ အဝင်၀ လှေတင်တံတားကို သံကူကွန်ကရစ် တံတားအဖြစ် တည်ဆောက်နေခြင်းလည်း ရာခိုင်နှုန်း ၉၀ ကျော် ပြီးစီးထားကြောင်း၊ လာမည့် ပွဲတော်ရာသီတွင် ယခင်က အထူးတဲကျောင်းအဖြစ် ထင်ရှားခဲ့သည့် နမ္မဒါတဲကျောင်းမျိုးကို နေရာသစ်တစ်ခုတွင် ထပ်မံ ခွင့်ပြုသွားမည် ဖြစ်ကြောင်း၊ နှစ်စဉ် ရွှေစက်တော် ပွဲတော်တွင်း တဲကျောင်းနှင့် ဈေးဆိုင်ခန်းပေါင်း ၁၅၀၀ ကျော် တည်ဆောက်ရလေ့ ရှိကြောင်း၊ ယခုနှစ်တွင် ပွဲတော်တွင်း အဆောက်အအုံများ၏ တစ်ဝက်ခန့်ကို သစ်ဝါး အသုံးချမှုလျော့ချရန် ရည်ရွယ်၍ သံထည်များဖြင့် အစားထိုး တည်ဆောက်ရန် စီစဉ်ထားကြောင်း၊ ရွှေစက်တော်ပွဲတော်ချိန်တွင် တဲကျောင်းခများ ဈေးကြီးမြင့်ခြင်းနှင့် ဖုန်းအပျောက်များခြင်းတို့အား ဝေဖန်မှုများမြင့်တက်နေကြောင်း သိရသည်။

Most Read

Most Recent