ဆန်းချက်ဇ်အနေဖြင့် မော်ရင်ဟိုနှင့်ပြေလည်မှုရရန် အဖြေရှာသင့်ဟု ပီရက်စ် မှတ်ချက်ပြု

ဆန်းချက်ဇ်အနေဖြင့် မော်ရင်ဟိုနှင့်ပြေလည်မှုရရန် အဖြေရှာသင့်ဟု ပီရက်စ် မှတ်ချက်ပြု
Published 26 October 2018

 

အာဆင်နယ် ကွင်းလယ်လူဟောင်း ပီရက်စ်က ဆန်းချက်ဇ်အနေဖြင့် မန်ယူအသင်းနည်းပြ မော်ရင်ဟိုနှင့် ပြေလည်မှုရရန် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးသင့်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။

အသက် (၂၉)နှစ်အရွယ်ရှိ ချီလီတောင်ပံကစားသမား ဆန်ချက်ဇ်သည် မန်ယူအသင်းတွင် နည်းပြ မော်ရင်ဟိုနှင့် ဆက်ဆံရေးတင်းမာနေပြီး လာမည့်ဇန်နဝါရီတွင် အသင်းပြောင်းရွှေ့ရန် စီစဉ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။

ဆန်းချက်ဇ်သည် မန်ယူအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံတွင် (၈)ပွဲသာ ကစားထားရပြီး (၁)ဂိုးသာ သွင်းယူထားကာ နောက်ပိုင်းပွဲစဉ်များတွင် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသူဖြစ်သည်။

ပီရက်စ်က "ကစားသမားတွေနဲ့ နည်းပြရဲ့ ဆက်ဆံရေးဟာ အလွန်အရေးကြီးပါတယ်။ ဒါပေမဲ့ ဆန်းချက်ဇ်နဲ့ မော်ရင်ဟိုရဲ့ ဆက်ဆံရေးကတော့ ရှုပ်ထွေးပါတယ်။ မန်ယူအသင်းရဲ့ နည်းပြအနေနဲ့ ပေါ့ဘာတို့ ဆန်းချက်ဇ်တို့လို ကစားသမားတွေကို ဂရုစိုက်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ အသင်းနိုင်ပွဲရဖို့က အဓိက ဖြစ်လို့ပါ။ အခုတော့ မော်ရင်ဟိုနဲ့ ဆန်းချက်ဇ်တို့အကြား ပြဿနာတွေရှိနေပါတယ်။ ဒါကို ဆန်းချက်ဇ်အနေနဲ့ မော်ရင်ဟိုနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး အဖြေရှာသင့်ပါတယ်။ ဆန်းချက်ဇ်ဟာ အရန်ခုံမှာ ထိုင်နေရမယ့် ကစားသမားမျိုးမဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ပီရက်စ်က ဆန်းချက်ဇ်အနေဖြင့် မန်စီးတီးအသင်းသို့သာ ပြောင်းရွှေ့ခဲ့မည်ဆိုလျှင် လက်ရှိအချိန်တွင် အခြေအနေမှာ တစ်မျိုးဖြစ်နေမည်ဟု ထင်ကြောင်းလည်း ပြောကြားခဲ့သည်။

"တကယ်တမ်းပြောရရင် ဆန်းချက်ဇ်အနေနဲ့ အာဆင်နယ်အသင်းက ထွက်သွားလိမ့်လို့ ကျွန်တော် ထင်တောင်မထားခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူက အသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်တယ်။ ဒါပေမဲ့ သူ့ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ လေးစားရမှာပါ။ မော်ရင်ဟိုနဲ့ ဂွါဒီယိုလာတို့က ဆုဖလားတွေ ရအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ကောင်းကောင်းသိတဲ့ နည်းပြတွေ ဖြစ်တယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ မန်စီးတီးအသင်းက မန်ယူအသင်းထက် ပိုကောင်းတာပေါ့။ တကယ်လို့ ဆန်းချက်ဇ်အနေနဲ့ မန်ယူအသင်းကို မပြောင်းဘဲ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကိုသာ ပြောင်းဖြစ်ခဲ့မယ်ဆိုရင်တော့ အခုအချိန်မှာ သူ့ရဲ့အခြေအနေက တစ်မျိုးဖြစ်နေမှာပါ"ဟု ပီရက်စ်က ပြောကြားခဲ့သည်။

ဆန်းချက်ဇ်အနေဖြင့် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် မန်ယူအသင်းမှထွက်ခွာရန် စီစဉ်နေသော်လည်း ၎င်း၏ မြင့်မားလှသည့်လစာငွေကြောင့် ခေါ်ယူမည့်အသင်းမှာ လက်တွန့်သွားနိုင်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

Most Read

Most Recent