အခက်အခဲများကို ကျော်လွှားခြင်း

အခက်အခဲများကို ကျော်လွှားခြင်း
Published 25 October 2018

လူသားတိုင်း၊ အဖွဲ့အစည်းတိုင်း၊ နိုင်ငံတိုင်းတွင် အခက်အခဲ အကျပ်အတည်းများကို ရင်ဆိုင်ကျော်လွှားကြရလေ့ရှိသည်။ အခက်အခဲ အကျပ်အတည်း သို့မဟုတ် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရာတွင် ထိုသို့တွေ့ကြုံနေရသော အခြေအနေအပေါ် မည်သို့မည်ပုံ ရှုမြင်သုံးသပ်မည်ဆိုခြင်းနှင့် ပတ်သက်၍ လုံလောက်သောအချိန်တစ်ခု ယူရမည်ဖြစ်သည်။ တွေ့ကြုံနေရသော အခက်အခဲ အကျပ်အတည်းအပေါ် မိမိအမြင်သည် ရှေ့သို့ ထိုးထွက်သွားနိုင်သည်လား သို့တည်းမဟုတ် တွေ့ကြုံနေရသော အခက်အခဲများအကြား ပိတ်မိသွားမလားဆိုသည်ကို စဉ်းစားကြရလေ့ရှိသည်။ တစ်နည်းအားဖြင့် အခက်အခဲများမှ ကျော်လွှား၍ ရှေ့သို့တက်လှမ်းနိုင်စေရန် အထောက်အကူပြုစေသည့် အတွေးများဖြင့် ရင်ဆိုင်နေရသော စိန်ခေါ်မှုများမှ ထွက်ပေါ်လာနိုင်သည့် အပြုသဘောဆောင်သော အရာများကို ထည့်သွင်းတွက်ချက် ကျော်ဖြတ်ကြရမည်ဟု လေ့လာသူများက အကြံပြုလေ့ရှိသည်။

Ink Bolt Test ဟူသည့် စိတ်ပညာဆိုင်ရာ စမ်းသပ်စစ်ဆေးမှုတစ်ရပ်ရှိပြီး အဆိုပါ စမ်းသပ်ချက်တွင် လူတစ်ဦးအား မင်စွန်းနေသည့်အကွက်အား ကြည့်ရှုစေပြီး မည်သည့်အရာနှင့် တူညီနေသည်ဟု ထင်မြင်ကြောင်း ရှင်းပြစေသည့် စမ်းသပ်မှုဖြစ်သည်။ စိတ်ပညာရှင်အချို့က အဆိုပါ စမ်းသပ်ချက်ကို စိတ်ခံစားမှုဆိုင်ရာ အခြေအနေနှင့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ စရိုက်လက္ခဏာရပ်များအား ပိုမိုသိနားလည်နိုင်ရန် အသုံးပြုလေ့ရှိသည်။ လူတစ်ဦးသည် အခက်အခဲ အကျပ်အတည်း တစ်ရပ်ရပ်နှင့် ရင်ဆိုင်ကြရသည့်အခါ ၎င်းအနေဖြင့် ကွဲပြားခြားနားသောအမြင်များ ထွက်ပေါ်လာနိုင်ကြောင်း ဆန်းစစ်ချက်များက ဆိုသည်။ 

သိပ္ပံနည်းကျ လေ့လာချက်များစွာတွင် လူသားတို့၏ အတွေးပုံစံများက ကျန်းမာရေးနှင့် ချမ်းသာကြွယ်ဝရေးတို့အပေါ် သက်ရောက်ကြောင်း သဘောတရားသက်သက် မဟုတ်ဘဲ အမှန်တကယ်ပင်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ အမေရိကန်ဆေးပညာအဖွဲ့က ပြုလုပ်ထားသည့် လေ့လာချက်များတွင် လူနာအများအပြား၏ ရောဂါလက္ခဏာရပ်များသည် ကောင်းသောအတွေးများ မတွေးနိုင်ခြင်းမှ မြစ်ဖျားခံသည့် ဖိစီးမှုနှင့် ပတ်သက်နေသည်ဟု ဖော်ပြထားသည်။ လူတို့သည် အလေ့အထဟောင်းများ၌ ခေါင်းမာနေတတ်ပြီး ဆင်းရဲစေသော စိတ်ထားများ မိမိကိုယ်တိုင် မွေးမြူခဲ့သော မကောင်းသည့်အတွေးများကို ဖယ်ရှားရန် ခက်ခဲနေတတ်သည်။ လတ်တလောတွင် ချမ်းသာကြွယ်ဝမှု မရှိသော်လည်း အပြုသဘောဆောင်သည့် အတွေးများ တွေးခြင်းဖြင့် မိမိလက်တစ်ကမ်းရှိ အခွင့်အလမ်းကောင်းများအတွက် လက်လွှတ်စရာမလိုသော သတိဉာဏ်မျက်စိ ဖွင့်ထားရန် လိုအပ်မည် ဖြစ်သည်။ စိတ်ဓာတ်ခိုင်မာမှုများဖြစ်ရန် ကြင်နာမှု၊ စာနာမှုရှိရန် လိုသည်။ မိမိကိုယ်တိုင်သော်လည်းကောင်း၊ အခြားသူများကိုသော်လည်းကောင်း ပို၍ကြင်နာခြင်းနှင့် စာနာစိတ်ထားခြင်းက မကောင်းသော စိတ်ခံစားမှုများစွာကို များစွာလျှော့ချနိုင်ပြီး ကောင်းသောစိတ်ခံစားမှုများကို ပွင့်လန်းလာစေနိုင်မည်ဖြစ်သည်။ တစ်ဦးတစ်ယောက်ချင်းမှသည် အစုအဖွဲ့အလိုက် တွေ့ကြုံရနိုင်သော အခက်အခဲ အကျပ်အတည်းများကို တွန်းလှန်တောင့်ခံရန်၊ မျှဝေခံစားနားလည်ရန် စိန်ခေါ်မှုများအဖြစ်လည်း ရှုမြင်နိုင်ပါသည်။  

သို့ပါ၍ မည်သူမဆို ဘဝအခက်အခဲ အကျပ်အတည်းများ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ကြရနိုင်ပါသည်။ ခက်ခဲသော အခြေအနေများ၊ အခက်အခဲ အကျပ်အတည်း အချိန်ကာလများကို ကျော်ဖြတ်နိုင်သူများအား စိတ်ဓာတ်ခိုင်မာသူများဟု ညွှန်းဆိုကြလေ့ရှိပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၂၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent