လက်ရှိအချိန်၌ အနာဂတ်လှုပ်ခတ်နေသောနည်းပြ ဒီဖရန်ဆက်စကိုလက်ထက်တွင် ရိုးမားအသင်းသည် ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်ရှုံးပွဲမရှိသေးကြောင်း သိရသည်။ ဒီဖရန်ဆက်စကိုသည် ရိုးမားအသင်းနှင့်အတူ ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်(၈)ပွဲအထိ တာဝန်ယူခဲ့ပြီး (၇)ပွဲနိုင်၊ (၁)ပွဲ သရေကျထားပြီး ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့သည်။
ပြီးခဲ့သည့် တစ်ပတ်စီးရီးအေပွဲစဉ်တွင် အိမ်ကွင်း၌ SPAL အသင်းကို ရိုးမားအသင်း (၀-၂)ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီးနောက် နည်းပြ ဒီဖရန်ဆက်စကို၏ အနာဂတ်မှာ ပြန်လည်လှုပ်ခတ်လာခဲ့ပြီး ရိုးမားအသင်း တာဝန်ရှိသူများသည် ဒီဖရန်ဆက်စကို၏ အနာဂတ်ကို နောက်ထပ် (၄)ပွဲသာစောင့်ကြည့်၍ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။
ထို့ကြောင့် ပြီးခဲ့သည့် CSKA မော်စကိုအသင်းနှင့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ရိုးမားအသင်းနည်းပြ ဒီဖရန်ဆက်စကိုအတွက် အမှားမခံသောအနေအထား ဖြစ်ခဲ့ပြီး ယင်းပွဲတွင် ရိုးမားအသင်းမှာ (၃-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် ဖိအားများအနည်းငယ်လျော့ပါးခဲ့ရသည်။
CSKA မော်စကိုအသင်းနှင့်ပွဲအပြီးတွင် ဒီဖရန်ဆက်စကိုက " ဖိအားတွေကြားထဲရောက်နေချိန်မှာ ကျွန်တော်တို့ စိုးရိမ်ပူပန်မှုတွေနဲ့ ကစားခဲ့ရပါတယ်။ CSKA မော်စကို အသင်းကလည်း တန်ပြန်တိုက်စစ်တွေနဲ့ ကျွန်တော်တို့ကို ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းက အခွင့်အရေးတွေပိုရခဲ့ပြီး (၃)ဂိုးအထိ သွင်းယူနိုင်ခဲ့လို့ ကျေနပ်ရပါတယ်။ ဒုတိယပိုင်းစပြီးသိပ်မကြာမီမှာ တတိယဂိုးရသွားတာဟာ ကျွန်တော်တို့အသင်းအတွက် အရေးပါပြီး CSKA မော်စကိုအသင်း ပြန်လာရခက်သွားပါတယ်။ CSKA မော်စကို အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပေမယ့် ကျွန်တော်တို့အသင်းမှာ လိုအပ်ချက်များစွာရှိနေပါသေးတယ်" ဟု ပြောကြားခဲ့သည်။