
ဖားကန့်ဒေသ၌ မိုးရာသီအခါ အလုပ်အကိုင်ရှားပါးချိန်တွင် ညအချိန်လုယက် တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားလာကြောင်း ဒေသခံများက ပြောကြားသည်။
ယင်းသို့ လုယက်တိုက်ခိုက်မှုများမှာ ကျေးရွာချင်းဆက်လမ်းပိုင်းများတွင် အဓိကဖြစ်ပွားခြင်းဖြစ်ပြီး ဖားကန့်-မှော်စီစာလမ်းပိုင်း၊ မှော်စီစာ-လုံးခင်းလမ်းပိုင်း၊ လုံးခင်း-ကုဋေမှော်လမ်းပိုင်း၊ ဖားကန့်-ဆိပ်မူလမ်းပိုင်း၊ ဖားကန့်-ဆန်းကြွယ်လမ်းပိုင်း၊ ဆန်းကြွယ်-ဖားပြင်လမ်းပိုင်းတို့မှာ လုယက်တိုက်ခိုက်မှု မကြာခဏ ဖြစ်ပွားရာနေရာများဖြစ်ကြောင်း၊ ယခုနှစ်တွင်မူ ရွှေ့ပြောင်းအခြေချသူ များပြားသည့် လုံးခင်းကျေးရွာအုပ်စုမှာ လုယက်တိုက်ခိုက်မှု အများဆုံးဖြစ်ပွားသည့် နေရာတစ်ခုဖြစ်လာကြောင်း သိရသည်။
လုယက်သူများမှာ ဆိုင်ကယ်သမားများအား အဓိကပစ်မှတ်ထားပြီး ညအချိန်တွင် မှောင်ရိပ်ခိုကာ အုပ်စုဖွဲ့တိုက်ခိုက်လုယက်ခြင်းဖြစ်ကြောင်း၊ လုယက်သူများမှာ ဆိုင်ကယ်၊ ငွေကြေးနှင့်ပါလာသောပစ္စည်းများအား ယူငင်သည့်အပြင် လူကိုလည်း ထိခိုက်ဒဏ်ရာရရှိအောင် ရိုက်နှက်ကြကြောင်း သိရသည်။ ယခင်ကလည်း လုယက်တိုက်ခိုက်သူများ၏ ရိုက်နှက်မှုကြောင့် အသက်သေဆုံးသည်အထိ ထိခိုက်ဒဏ်ရာရသူများရှိခဲ့ကြောင်း သိရသည်။
“ဒီနှစ်မိုးရာသီမှာ ခိုးတာလုတာတွေ တော်တော်များများဖြစ်နေပါတယ်။ ကြိုးကြား ကြိုးကြား တော်တော်ကြားနေရတယ်။ ညနက်ရင် မသွားရဲမလာရဲ အခြေအနေရှိပါတယ်။ လုယက်တဲ့အဖွဲ့တွေက သူတို့ဂရုနဲ့ သူတို့ရှိကြတယ်။ ဒီလိုပြဿနာတွေဟာ စီးပွားရေးအဆင်မပြေမှု၊ မူးယစ်ဆေးစွဲမှုတွေကနေ စတယ်လို့ထင်ပါတယ်။ အခုအချိန်က ကျောက်ဈေးကွက်ကလည်း အေးတယ်။ အလုပ်အကိုင်က အဆင်မပြေဘူး။ ဒါပေမဲ့ လူဦးရေက အင်မတန်ဖောင်းပွနေပါတယ်။ ပြီးခဲ့တဲ့ရာသီချိန်မှာ ရေမဆေးကျောက် ရှာစရာပေါတော့ လူတွေအများကြီး ပြောင်းရွှေ့လာပါတယ်။ ဒီလိုလူတွေများလာပေမယ့် မှတ်တမ်းမှတ်ရာ ဘာမှမလုပ်နိုင်ပါဘူး။ နေချင်သလိုနေကြတယ်။ ဥပဒေစိုးမိုးမှုမရှိဘူး။ ဒီလိုနေရာမျိုးဟာ ရာဇဝတ်မှုတွေ ဖြစ်လွယ်ပါတယ်။ ရာဇဝတ်မှုတစ်ခုဖြစ်လာရင်လည်း လက်သည်ဖော်နိုင်ဖို့ အတော်ခက်ပါတယ်” ဟု လုံးခင်းကျေးရွာအုပ်စုမှ ဦးမောင်နိုင်က ပြောကြားသည်။
ဖားကန့်ဒေသတွင် လုယက်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသော်လည်း ရဲတပ်ဖွဲ့သို့ အမှုဖွင့်သူနည်းပါးကြောင်း သိရသည်။
Writer - အောင်ဟိန်းမင်း















