နျူကလီးယား သဘောတူညီချက်မှ အမေရိကန်နုတ်ထွက်အပြီး ဂျွန်ဘိုတန် မော်စကိုသို့ သွားရောက်

နျူကလီးယား သဘောတူညီချက်မှ အမေရိကန်နုတ်ထွက်အပြီး ဂျွန်ဘိုတန် မော်စကိုသို့ သွားရောက်
ဇွန် ၂၇ ရက်တွင် ကရင်မလင်၌ ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံရန် အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးဘိုတန်က စောင့်ဆိုင်းနေစဉ် (Photo: AP)
ဇွန် ၂၇ ရက်တွင် ကရင်မလင်၌ ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံရန် အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးဘိုတန်က စောင့်ဆိုင်းနေစဉ် (Photo: AP)
Published 22 October 2018
Ref: AFP

စစ်အေးခေတ် နျူကလီးယားလက်နက် သဘောတူညီချက်မှ နုတ်ထွက်ကြောင်း ၀ါရှင်တန်က ပြီးခဲ့သော သီတင်းပတ်အကုန်တွင် ကြေညာခဲ့ပြီးနောက် ရုရှားထိပ်တန်း တာဝန်ရှိသူများနှင့် ဆွေးနွေးရန်အတွက် အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုတန်က အောက်တိုဘာ ၂၂ ရက်တွင် မော်စကိုသို့ သွားရောက်ခဲ့သည်။ INF ဟု လူသိများသော ဆယ်စုနှစ်သုံးခု ကြာမြင့်လာပြီဖြစ်သည့် တာလတ်ပစ်နျူကလီးယားလက်နက်များ လျှော့ချရေး သဘောတူညီချက်ကို အမေရိကန်က နုတ်ထွက်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က အောက်တိုဘာ ၂၀ ရက်တွင် မကြေညာမီကတည်းက ဘိုတန်က မော်စကိုသို့ သွားရောက်ရန် စီစဉ်ထားပြီးဖြစ်သည်။ 

အမေရိကန်သမ္မတဟောင်း ရော်နယ်ရေဂင်နှင့် ဆိုဗီယက်ယူနီယံ၏ နောက်ဆုံးခေါင်းဆောင် မီခေးဂေါ်ဘာချက်ဗ်တို့က ၁၉၈၇ ခုနှစ်တွင် လက်မှတ်ထိုးခဲ့သည့် ထိုသဘောတူညီချက်မှ နုတ်ထွက်မှုသည် အသိဉာဏ်ကင်းမဲ့မှုကို ပြသနေပြီး အမှားအယွင်းတစ်ခုဖြစ်ကြောင်း ဂေါ်ဘာချက်ဗ်က အောက်တိုဘာ ၂၁ ရက်တွင် ဝေဖန်ခဲ့သည်။

အောက်တိုဘာ ၂၁ ရက်တွင် မော်စကိုသို့ ရောက်ရှိခဲ့သော ဘိုတန်သည် နှစ်ရက်ကြာ ဆွေးနွေးပွဲအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်၊ ရုရှားလုံခြုံရေးကောင်းစီ အတွင်းရေးမှူး နီကိုလက်ပက် ထရူရှက်ဗ်တို့နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ အမေရိကန်၏ ရည်ရွယ်ချက်များကို ရှင်းရှင်းလင်းလင်း သိရှိလိုနေသော ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဘိုတန်က အောက်တိုဘာ ၂၃ ရက်တွင် တွေ့ဆုံမည်ဟူ ပူတင်၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ထိုသဘောတူညီချက်မှ အမေရိကန်၏ နုတ်ထွက်မှုသည် အလွန်အန္တရာယ်များသော လုပ်ရပ်ဖြစ်လာမည်ဟု လက်ရော့ဗ်၏ လက်ထောက် ဆာဂေးယက်ကော့ဗ်က အောက်တိုဘာ ၂၁ ရက်တွင် သတိပေးခဲ့သည်။ ထိုသဘောတူညီချက်အား ရုရှားက တင်းတင်းကျပ်ကျပ် လိုက်နာပြီး ၀ါရှင်တန်က ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း ၎င်းက စွပ်စွဲခဲ့သည်။

သို့သော် ထရန့်ကရုရှားသည် ထိုသဘောတူညီချက်အား ကာလရှည်ကြာ ချိုးဖောက်ခဲ့ကြောင်း အောက်တိုဘာ ၂၀ ရက်တွင် အခိုင်အမာ ပြောကြားခဲ့သည်။ ယခုနှစ်တွင် ထရန့်နှင့် ပူတင်တို့အကြား ဒုတိယအကြိမ် ထိပ်သီးကျင်းပနိုင်ရန် မျှော်လင့်နေစဉ် ထိုအချင်းများမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မိုင် ၃၁၀ နှင့် ၃၄၀၀ အကြားရောက်အောင် ပစ်ခတ်နိုင်သော ဒုံးများအား ပိတ်ပင်ထားသည့် ထိုသဘောတူညီချက်တွင် အကျုံးဝင်သည့် Novator 9M 729 ဒုံးများအား မော်စကိုက တပ်ဖြန့်နေကြောင်း ထရန့်အစိုးရက တိုင်ကြားခဲ့သည်။ 

INF သဘောတူညီချက်သည် ဆိုဗီယက်၏ နျူကလီးယား ထိပ်ဖူးတပ်ဆင်ထားသော ပဲ့ထိန်းဒုံးများက အနောက်တိုင်း၏ မြိ်ု့တော်များအား ပစ်မှတ်ထားသည့် အကျပ်အတည်းကို ဖြေရှင်းပေးနိုင်ခဲ့သည်။ INF မှ အမေရိကန် နုတ်ထွက်မှုသည် ထိုသဘောတူညီချက်တွင် လက်မှတ်မထိုးထားသဖြင့် တာလတ်ပစ်နျူကလီးယားလက်နက်များအား ထုတ်လုပ်ခွင့်ရှိနေသည့် ပေကျင်းကိုလည်း ရည်ရွယ်ခြင်းဖြစ်သည်။ INF မှ နုတ်ထွက်ရန် ဘိုတန်က ထရန့်ကို ဖိအားပေးခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent