အမေရိကန် မေဂျာလိဂ်ကလပ် DC ယူနိုက်တက်အသင်းသည် အင်္ဂလန်ဝါရင့်တိုက်စစ်မှူး ရွန်နီ၏သွင်းဂိုးများဖြင့် နယူးယောက်စီးတီးအသင်းကို (၃-၁)ဂိုးဖြင့်အနိုင်ယူကာ MLS Cup Play-offs ဝင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
DC ယူနိုက်တက်အသင်းအနေဖြင့် အဆိုပါပွဲစဉ်တွင်် ရွန်နီ၏သွင်းဂိုး(၂)ဂိုးအပါအဝင် (၃-၁)ဂိုးဖြင့်အနိုင်ရရှိခဲ့ခြင်းမှာ လိဂ်နောက်ဆုံး(၅)ပွဲဆက်နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်ပြီး (၉)ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းကိုလည်း ပိုင်ဆိုင်ခဲ့သည်။
DC ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ဇွန်လက အဲဗာတန်မှ ရွန်နီရောက်ရှိလာချိန်တွင် အမှတ်ပေးဇယား၏အောက်ဆုံး၌ ရပ်တည်နေပြီး နိုင်ပွဲတစ်ပွဲရရန်ပင် ရုနး်ကန်ခဲ့ရသည့်အသင်းဖြစ်သည်။ ရွန်နီရောက်ရှိလာပြီးနောက် ရလဒ်များတောက်လျှောက်ကောင်းမွန်ခဲ့ပြီး ရာသီပြီးဆုံးရန် တစ်ပွဲအလိုမှာပင် ၂၀၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် MLS Cup ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။
မန်ယူနှင့် အဲဗာတန်အသင်းတိုက်စစ်မှူးဟောင်း ရွန်နီသည် DC ယူနိုက်တက်အသင်းအတွက် (၁၉)ပွဲပါဝင်ကစားခဲ့ရာတွင် (၁၂)ဂိုးသွင်းယူပေးခဲ့ပြီး (၇)ဂိုးဖန်တီးပေးခဲ့သည်။
ယခုနှစ်တွင် (၂၃)ကြိမ်မြောက်အဖြစ်ကျင်းပမည့် MLS Cup 2018 ပွဲစဉ်များအား DC ယူနိုက်တက်အသင်းပါဝင်သည့် အရှေ့ပိုင်းဇုန်မှ (၆)သင်း၊ ပြီးခဲ့သည့်နှစ်က ဒုတိယရရှိခဲ့သော ဆက်တဲလ်ဆောင်းဒါးအသင်းပါဝင်မည့် အနောက်ပိုင်းဇုန်မှ (၆)သင်း စုစုပေါင်း (၁၂)သင်းပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ဗိုလ်စွဲခဲ့သော တိုရွန်တိုအသင်း မပါဝင်သည့် ယခုနှစ်ပြိုင်ပွဲအား အောက်တိုဘာ (၃၁)ရက်တွင် စတင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒီဇင်ဘာ(၈)တွင်ဗိုလ်လုပွဲကိုကျင်းပ
သွားမည်ဖြစ်ကြောင်း သိရသည်။