သင်္ကဿနဂိုရ်မြို့မှ အစပြုခဲ့သည့် မီးထွန်းပွဲတော်ကို ဖြတ်သန်းကြည့်ခြင်း

သင်္ကဿနဂိုရ်မြို့မှ အစပြုခဲ့သည့် မီးထွန်းပွဲတော်ကို ဖြတ်သန်းကြည့်ခြင်း
၂၀၁၇ ခုနှစ် သီတင်းကျွတ်ကာလက ပြုလုပ်ခဲ့သည့် ရေကျော်ပွဲစျေးမြင်ကွင်း
၂၀၁၇ ခုနှစ် သီတင်းကျွတ်ကာလက ပြုလုပ်ခဲ့သည့် ရေကျော်ပွဲစျေးမြင်ကွင်း
Published 21 October 2018
နေဝန်းထက်

အိန္ဒိယနိုင်ငံ၌ သင်္ကဿနဂိုရ်ဟု အမည်ရသည့် မြို့တစ်မြို့ရှိခဲ့ဖူးသည်။  မျက်မှောက်ခေတ်အရ ဒီမြို့တည်ရှိသည့် နေရာသည် အိန္ဒိယနိုင်ငံ ဖာရပ်ခါဘတ်မြို့အနီးတွင်ရှိသော သံကိသ-ဝသန္တပုရဟုအမည်ရှိ ရွာလေး၌ဖြစ်ကြောင်း  ၁၈၄၂ ခုနှစ်၌ ဗြိတိသျှလူမျိုး ကျောက်စာဝန် အလက်ဇန္ဒရားကမ်းနီဟမ်က ရှာဖွေဖော်ထုတ်ထား၏။ ဒီနေရာသည် မြတ်စွာဘုရားရှင်တိုင်း မစွန့်သော အဝိဇဟိတဌာန ( မရွှေ့ပြောင်းသော အထိမ်းအမှတ်နေရာ) လေးနေရာအနက်မှ တစ်ခုလည်း ဖြစ်သည်။ မည်သည့်အတွက်ကြောင့် သင်္ကဿနဂိုရ်မြို့သည် အဝိဇဟိတဌာန လေးနေရာအနက်မှ တစ်ခုဖြစ်ခဲ့ပါသနည်း။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၆၀၀ ကျော် ကာလတွင်ဖြစ်ပြီး သင်္ကဿနဂိုရ်မြို့၏ မြို့ဝင်တံခါးဝတွင်ဖြစ်၏။ ကောင်းကင်၌ ငွေလဝန်းသည် တောက်ပစွာဖြင့် ရွှန်းလဲ့ဝင်းလက်စွာ တည်ရှိနေသဖြင့် ညအချိန်သည် အလွန်တရာ လှပနေခဲ့ပြီး ကောင်းကင်နှင့် မြေပြင်အကြားတွင် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းသုံးခုတို့ကလည်း အဆန်းတကြယ် တည်ရှိနေ၏။ မြတ်စွာ ဘုရားရှင်၏ တပည့်ကြီးဖြစ်ပြီး ဉာဏ်ပညာအရာတွင် ဘုရားရှင်နောက်တွင် အထူးချွန်ဆုံးဖြစ်သည့် ရှင်သာရိပုတ္တရာမထေရ်မြတ်နှင့် ရဟန်းသံဃာများ၊ ရှင်ဘုရင်နှင့် သင်္ကဿနဂိုရ်မြို့သူမြို့သားများကလည်း စောင်းတန်းကြီး သုံးခုအနီးတွင် ကြီးကျယ်မြင့်မြတ်သည့် ပုဂ္ဂိုလ်တစ်ဦးအား စောင့်ဆိုင်းနေဟန် ရှိနေသည်။

ထိုအချိန်တွင် စောင်းတန်းသုံးခုတွင် အလယ်စောင်းတန်းဖြစ်သည့် ပတ္တမြားစောင်းတန်းမှ လောကသုံးပါး၌ အမြတ်ဆုံးသော မြတ်စွာဘုရားရှင်သည် တာဝတံသာ နတ်ပြည်၌ အဘိဓမ္မာတရား ဟောကြားခဲ့ပြီးနောက် နတ်ဗြဟ္မာများ ခြံရံမှုနှင့်အတူ ကြွချီလာခဲ့၏။  သင်္ကဿနဂိုရ်မြို့တံခါးဝအနီး ကြိုဆိုနေကြသည့် လူပရိသတ်များကလည်း မြတ်စွာဘုရားရှင်ကို ဆီမီးများ၊ ပန်းနံ့သာများဖြင့် ကြိုဆိုပူဇော်ခဲ့ကြပြီး ထိုအချိန်က သင်္ကဿနဂိုရ်မြို့၏ မြင်ကွင်းသည် ကမ္ဘာပေါ်တွင် အလှပဆုံး၊ အလင်းလက်ဆုံး ဖြစ်ခဲ့ပေလိမ့်မည် ဖြစ်သည်။ ဒါသည် အဝိဇဟိတ ဌာနလေးနေရာအနက်မှ တစ်ခုအဖြစ် သင်္ကဿနဂိုရ်မြို့ကို သတ်မှတ်ခဲ့သည့် အချိန်လည်းဖြစ်ပြီး မြန်မာတို့၏ လသတ်မှတ်မှုအရ သီတင်းကျွတ်လတွင် ဖြစ်ခဲ့ခြင်းလည်း ဖြစ်၏။

ထိုအချိန်မှစတင်၍ ဗုဒ္ဓဘာသာတို့ထံတွင် သီတင်းကျွတ်လရောက်တိုင်း ဆီမီးထွန်း၍ မြတ်စွာဘုရားရှင်အား ရည်စူးပူဇော်သည့် ဓလေ့တစ်ရပ် ပေါ်ထွန်းလာခဲ့ခြင်းဟု ဆိုနိုင်ပြီး အထူးသဖြင့် မြန်မာပြည်သူပြည်သားများသည် လွန်ခဲ့သည့် နှစ် ၁၀၀၀ လောက်ကပင် ဒီဓလေ့ကို အစဉ်အဆက် ထိန်းသိမ်းခဲ့ကြသည်။ သီတင်းကျွတ်လသည် တန်ခူးလမှစသည့် မြန်မာလများထဲတွင် သတ္တမမြောက်ဖြစ်ပြီး ဥပုသ်သီတင်းသီလများ အထူးစောင့်ထိန်းကြသည့် ၀ါတွင်းကာလအပြီး သီတင်းကျွတ်လပြည့်ကျော်တစ်ရက်တွင် သီတင်းကျွတ်ခြင်းကြောင့် သီတင်းကျွတ်လဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း ဝေါဟာရလီနတ္ထဒီပနီကျမ်း၌ ရေးသားထားမှုအရ သိခွင့်ရခဲ့သည်။

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်တို့အတွက် သီတင်းကျွတ်ကာလသည် အလှူဒါနများပြုလုပ်ခြင်းများ၊ ပွဲလမ်းသဘင်များ ပြုလုပ်ရာ ကာလတစ်ခုဖြစ်ပြီး အထူးသဖြင့် မြတ်စွာဘုရားရှင်အား ဆီမီးများဖြင့် ပူဇော်ခြင်းသည် ဒီကာလ၏ အဓိကအဓိပ္ပာယ် သတ်မှတ်ချက်တစ်ခုလည်း ဖြစ်၏။  ထို့ပြင် သီတင်းကျွတ်လပြည့်နေ့အား အဘိဓမ္မာ အခါတော်နေ့ဟုလည်း ခေါ်ဆိုကြပြီး ထိုကဲ့သို့ ခေါ်ဆိုရခြင်းမှာ ခိုင်မာသည့် အကြောင်းရင်းတစ်ရပ်ကြောင့်လည်း ဖြစ်သည်။

သီတင်းကျွတ်လမတိုင်မီ ၀ါတွင်းသုံးလတာကာလတွင် မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်နေသည့် ယခင်ဘဝက မိခင်တော်စပ်ခဲ့ဖူးသူ မယ်တော်မိနတ်သားအား မွေးကျေးဇူးဆပ်သည့်အနေဖြင့် အဘိဓမ္မာတရားတော်အား ဟောကြားခဲ့ကြောင်း ဗုဒ္ဓဝင်ကျမ်းဂန်များတွင် ရေးသားထားမှုအရ သိရ၏။ ထိုသို့ မြတ်စွာဘုရားရှင်၏ တရားဟောကြားပြသမှုကြောင့် မယ်တော်မိနတ်သားသည် အပါယ်တံခါးပိတ်ရာ အရိယာအဖြစ်သို့ ကျွတ်တမ်းဝင်ခဲ့သည့်အတွက် ဘုရားရှင်သည် မိဘကျေးဇူးကို အကျေဆပ်နိုင်ခဲ့သည့် အချိန်ကာလတစ်ခုလည်းဖြစ်သည်။ ထို့ကြောင့် မြတ်စွာဘုရားရှင် အဘိဓမ္မာတရားတော်အား ဟောကြားပြီး လူ့ပြည်သို့ ပြန်လည်ကြွချီလာခဲ့သည့် သီတင်းကျွတ်လပြည့်နေ့အား အဘိဓမ္မာအခါတော်နေ့အဖြစ် သတ်မှတ်ကြခြင်းလည်းဖြစ်ကြောင်း သိရ၏။

မြန်မာနိုင်ငံ၌ သီတင်းကျွတ်လပြည့်နေ့ မတိုင်မီတစ်ရက်အလိုမှ လပြည့်ကျော်တစ်ရက်နေ့အထိ ညစဉ် ဗုဒ္ဓဘာသာဝင်တို့၏ အိမ်များတွင် ဆီမီးများ ထွန်းညှိထားသည်ကို လှပစွာမြင်တွေ့နိုင်မည်ဖြစ်သည်။ ထို့ပြင် လမ်းများတွင်လည်း မီးပုံးများ၊ မီးသီးများဖြင့် လင်းလက်နေမည်ဖြစ်ပြီး အချို့သောနေရာများတွင် ပွဲလမ်းသဘင်များဖြင့် အထူးစည်ကားနေသည်ကို တွေ့မြင်ရနိုင်မည်လည်း ဖြစ်သည်။ ထို့အတူပင် မီးပုံးပျံများအားလည်းကောင်းကင်တွင် မကြာမကြာ တွေ့မြင်နိုင်မည်ဖြစ်ပြီး မီးရှူးမီးပန်းများ ပစ်ဖောက်သံကိုလည်း ကြားနိုင်သည့် ကာလလည်းဖြစ်၏။

ကုန်တိုက်များ၊ စတိုးဆိုင်များ၊ စျေးများတွင်လည်း လူကြီးမိဘများကို ကန်တော့ရန်အတွက် လှူဖွယ်ပစ္စည်းအမျိုးမျိုးအား ထုပ်ပိုးမှု ပုံစံအမျိုးမျိုးဖြင့် ရောင်းချနေသည်ကို မြင်တွေ့နိုင်၏။ ဒီကာလသည် ကလေး၊ လူငယ်များအတွက် ပျော်ရွှင်မှုများစွာတို့ဖြင့် ပြည့် နှက်နေသည့်ကာလတစ်ခုအဖြစ် သတ်မှတ်၍ရနိုင်ပြီး လူကြီးမိဘများအား ကန်တော့ဂါဝရပြုပြီးနောက် ပြန်လည်ပေးသည့် မုန့်ဖိုးများဖြင့် ဟိုဟိုဒီဒီ သွားလာလည်ပတ်နိုင်ခြင်းကြောင့်လည်း ဖြစ်သည်။ ဒီကာလသည် လူကြီးလူရွယ် ကလေးသူငယ်မရွေး ပျော်ရွှင်နေကြသည်ဟုဆိုနိုင်မည့် ကာလတစ်ခုလည်း ဖြစ်၏။

 

မကြာမီ သီတင်းကျွတ်ကာလသို့ ရောက်ရှိတော့မည်ဖြစ်သည်။ သီတင်းကျွတ်တွင် ပလ္လင်ဆေးမိုး ရွာသွန်းဖြိုး ဟူသည့် ကဗျာစာချိုးအတိုင်းပင် မိုးကလည်း ဖြိုင်ဖြိုင်ရွာသွန်းခဲ့ပြီးလည်း ဖြစ်၏။ ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးနီးပါး သီတင်းကျွတ်ပွဲတော်အတွက် ပြင်ဆင်ထားမှုများကို တွေ့နေရပြီလည်း ဖြစ်သည်။ အားလပ်ရက်အချို့ရရှိနိုင်သည့် ကာလဖြစ်ခြင်းကြောင့် ခရီးသွားသူများ၊ မိသားစုနှင့် ဝေးနေကြသူများကလည်း မိသားစုထံ သွားလာကြသည်ကိုလည်း နှစ်စဉ်မြင်တွေ့နေကျအတိုင်း မြင်တွေ့ကြရမည် ဖြစ်သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များကလည်း လက်ရှိမျက်မှောက်ခေတ်ကဲ့သို့ပင် သီတင်းကျွတ်ကာလသည် စည်ကားခဲ့၏။ အချို့သော အရာလေးများကတော့ ရှားပါးခဲ့ပြီလည်း ဖြစ်သည်။ ဥပမာ ဖယောင်းစက်လေးများအား သံအဖုံးလေးထဲထည့်ပြီး မြေတွင်းခပ်သေးသေးလေးတူးကာ မီးအပူပေး၍ ငရဲမီးဆော့ကစားခြင်းမျိုးကို လက်ရှိကာလတွင် သိပ်မတွေ့ရတော့ပေ။ ဒါကလည်း ပျော်ရွှင်စရာဖြစ်ပေမယ့် မီးဘေးအန္တရာယ်ရှိနိုင်ခြင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

နောက်ထပ် မတွေ့ဖြစ်တော့သည့် အရာလေးတစ်ခုက လက်ဖြင့်တွန်းရသည့် ပုံစံမျိုးစုံဖြင့် လုပ်ထားသည့် အရုပ်မီးပုံးလေးများဖြစ်ပြီး ယခင်နှစ်များစွာကတော့ သီတင်းကျွတ်ကာလရောက်သည်နှင့် ဒီလက်လုပ်မီးပုံးတွန်းလှည်းလေးများက ကလေးငယ်လေးများအတွက် အဓိကဆော့ကစားရာတစ်ခု ဖြစ်ခဲ့ဖူး၏။ ထို့အတူပင် တဖောင်းဖောင်းမြည်သည့် ယမ်းသေနတ်လေးများအား မတွေ့ရတော့ပေ။ ဒါတွေက ခေတ်ကာလပြောင်းလဲခြင်း၏နောက် အမှတ်ရစရာများ ဖြစ်လာခဲ့ခြင်းလည်း ဖြစ်ပေမည်။

မပြောင်းလဲဘဲ ပီတိဖြစ်စရာ ကြည်နူးစရာများအဖြစ် သီတင်းကျွတ်ကာလတိုင်းတွင် ဘုရားစေတီပုထိုးများ၌ ဆီမီးများအား ထူးခြားလှပစွာ ပူဇော်ကြခြင်းများကို အစဉ်အလာမပြတ် တွေ့မြင်နိုင်မည် ဖြစ်သည်။ ထပ်တိုးလာသည့် သီတင်းကျွတ်ကာလ အမှတ်အသားများတော့ ရှိလာပြီဖြစ်သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်မှ စတင်ကာ သီတင်းကျွတ်ကာလများတွင် နာမည်ကျော် အနုပညာရှင်များ၏ ဖျော်ဖြေပွဲများစွာတို့ကို နှစ်စဉ်မြင်တွေ့ခဲ့ကြရ၏။ သီတင်းကျွတ်ကာလသည် လူငယ်များ၊ ဆယ်ကျော်သက်များ အတွက် သူတို့ချစ်ခင်နှစ်သက်အားပေးသည့် အနုပညာရှင်များ၏ ဖျော်ဖြေပွဲများကို သွားရောက်အားပေးကြခြင်းကလည်း နောက်ထပ်တိုးလာသည့် သီတင်းကျွတ်အမှတ်အသားများ ဖြစ်လာခဲ့ပြီး အခြားသောအရာများလည်း ရှိနေမည်လည်း ဖြစ်သည်။

သီတင်းကျွတ်ကာလသည် စတုဒိသာ ကုသိုလ်ပြုသည့် အလှူများ၊ ဘုရားပွဲစျေးများ စသည့်ဖြင့် အလှူအတန်းပွဲများ၊ ပျော်ပွဲရွှင်ပွဲများစွာ ပြုလုပ်ရာကာလဖြစ်ပြီး အားလပ်ရက်ကာလဖြစ်ခြင်းကြောင့်လည်း လာရောက်ဆင်နွှဲသူ များပြားလေ့ရှိသည့် ကာလလည်း ဖြစ်သည်။ ထို့သို့ လာရောက်ဆင်နွှဲသူ များပြားခြင်းကြောင့် ပွဲတော်ရက်ကာလအပြီးတွင် ပွဲတော်ဆင်နွှဲသူများ ချန်ခဲ့သည့် အမှိုက်သရိုက်များစွာတို့ဖြင့် ပွဲစျေးတန်းများ ပြုလုပ်ခဲ့သည့် နေရာများတွင် ရုပ်ပျက်ဆင်းပျက်ကျန်ခဲ့သည့် အခြေအနေမျိုးများက ယခင့်ယခင် နှစ်များတွင် တွေ့ကြုံမြင်တွေ့ခဲ့ ရဖူးသည်။ ဒီလိုမျိုးအခြေအနေမျိုးအတွက် လည်း စနစ်တကျ စည်းကမ်းရှိစွာဖြင့် ပွဲစျေး တန်းနေရာများ၌ ဆင်နွှဲခြင်းမျိုးလည်း လိုအပ်လျက်ရှိ၏။

သီတင်းကျွတ်ပွဲတော်ရက် ဆင်နွှဲသူများအတွက် နောက်ထပ်သတိပြုရမည့် အချက်တစ်ချက်က မီးဖြင့် ဆင်နွှဲသည့်ပွဲတော်ဖြစ်ခြင်းကြောင့် မီးဘေးအန္တရာယ်ကို သတိပြုရန်လိုအပ်လှ၏။ လှပစွာ လွှတ်တင်လိုက်သည့် မီးပုံးပျံများစွာတို့သည် သီတင်းကျွတ်ကာလတွင် ကောင်းကင်၌ ပျံဝဲနေကြသည်ကို မြင်တွေ့ရသည်က သီတင်းကျွတ်ပွဲတော်၏ အစဉ်အလာအနက်မှ တစ်ခုအပါအဝင်ဖြစ်သည်။ သို့ရာတွင် မီးပုံးပျံလွှတ်တင်ခြင်း အခြေအနေများမှတစ်ဆင့် သီတင်းကျွတ်ကာလတွင် မီးဘေးကြုံတွေ့ခဲ့ရဖူးသည့် ဖြစ်ရပ်များစွာ ရှိခဲ့ဖူးခြင်းကြောင့် အထူးဂရုပြု လွှတ်တင်ရန်လည်း လိုအပ်လှ၏။

ထို့ပြင် အိမ်ရှေ့ အိမ်နောက်တစ်အိမ်လုံးအနှံ့ ဆီမီးဖယောင်းတိုင်များ ထွန်းညှိသည့် အလေ့အထသည်လည်း သီတင်းကျွတ်ကာလ၏ အဓိက အမှတ်အသားတစ်ခုဖြစ်ပြီး ထိုသို့ မီးထွန်းညှိရာမှလည်း မီးဘေးကို ကြုံတွေခဲ့သည့် ဖြစ်ရပ်များ ရှိခဲ့ဖူး၏။ ထို့ကြောင့်လည်း ဆီမီးများကို ထွန်းညှိကြရာတွင်လည်း ဂရုတစိုက်ရှိမှသာလျှင် မီးဘေးအတွက် စိတ်ချရမည်လည်း ဖြစ်၏။

သီတင်းကျွတ်မီးထွန်းပွဲတော်ဟူသည် သင်္ကဿနဂိုရ်မြို့မှ စတင်ခဲ့ပြီး ဘုရားရှင်အား ဆီမီးများဖြင့် ပူဇော်ရာမှ အစပြုခဲ့သည့် ထူးခြားမြင့်မြတ်သည့် ပွဲတော်တစ်ခုလည်း ဖြစ်၏။ မြတ်စွာဘုရားရှင် မိဘကျေးဇူးကို အကျေဆပ်ခဲ့သည့် ကာလလည်းဖြစ်ပြီး မရေမတွက်နိုင်သည့် လူနတ်ဗြဟ္မာများစွာ မြတ်စွာဘုရား၏ တရားတော်ကြောင့် သံသရာမှ လွတ်မြောက်ခဲ့သည့် ကာလလည်း ဖြစ်ပေသည်။ ထို့ကြောင့် သီတင်းကျွတ်ကာလတွင် မြတ်စွာဘုရားအား ရည်စူး၍ ဆီမီးများဖြင့် ပူဇော်ကြခြင်းဖြစ်ပြီး ဘုရားရှင်က မိဘကျေးဇူးအကျေဆပ်ခဲ့သည့် ကာလဖြစ်ခြင်းကြောင့် မိမိတို့၏ လူကြီးမိဘများ၊ ကျေးဇူးရှိသူများအား ဂါရဝပြု ကန်တော့ကြသည့် ကာလလည်း ဖြစ်သည်။

မြင့်မြတ်ထူးခြားသည့် ဒီကာလတွင် မွန်မြတ်တန်ဖိုးရှိသည့် ကုသိုလ်ဒါနပြုလုပ်ခြင်း အလုပ်များဖြင့် ကုန်လွန်ဖြတ်သန်းခြင်း၊ မိဘများ ဂါရဝပြု ကျေးဇူးဆပ်ခြင်းများဖြင့် ကုန်လွန်ဖြတ်သန်းခြင်းသည် သီတင်းကျွတ်ဆိုသည့် အချိန်ကာလအား အကောင်းဆုံး ပုံဖော်ပေးခြင်းလည်း ဖြစ်ပေမည်။ ခိုက်ရန်ဖြစ်ပွားခြင်းများ၊ အရက်သေစာ အလွန်အကျွံ သောက်သုံးမှုများစသည့် မကောင်းမှုများကို တတ်နိုင်သမျှ ဒီကာလတွင် မပြုလုပ်ခြင်းကလည်း သီတင်းကျွတ်ကာလအား နောက်ထပ်အကောင်းဆုံးပုံဖော်ခြင်းလည်း ဖြစ်မည်ဖြစ်ပြီး သင်္ကဿနဂိုရ်မြို့မှ ဖြစ်တည်လာခဲ့သည့် မီးထွန်းပွဲတော်ကာလအား ပြည်သူအများ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းနေမိတော့သည်။