ရူဒီဂါ၏ဂိုးကို မကာကွယ်နိုင်ခဲ့သည့် ပေါ့ဘာအား ဂယ်ရီနဗီးလ်နှင့် ဂျေမီရက်ပ်နက်တို့ ပြစ်တင်ဝေဖန်

ရူဒီဂါ၏ဂိုးကို မကာကွယ်နိုင်ခဲ့သည့် ပေါ့ဘာအား ဂယ်ရီနဗီးလ်နှင့် ဂျေမီရက်ပ်နက်တို့ ပြစ်တင်ဝေဖန်
Published 21 October 2018

 

ချယ်လ်ဆီး (၂-၂) မန်ယူပွဲတွင် ပွဲချိန် (၂၁)မိနစ်၌ ချယ်လ်ဆီးအသင်းဘက်သို့ ပေးခဲ့ရသည့် ဦးဆောင်ဂိုးအတွက် မန်ယူကွင်းလယ်လူ ပေါ့ဘာ ကို ပရီးမီးယားလိဂ် ဂန္ထဝင်ကစားသမားများဖြစ်သည့် ဂယ်ရီနဗီးလ်နှင့် ဂျေမီရက်နက်ပ်တို့ကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။

ယင်းပွဲကို ရုပ်သံမှဝေဖန်နေသည့် ဂယ်ရီနဗီးလ်နှင့် ဂျေမီရက်နက်ပ်တို့က ပေါ့ဘာသည် ယင်းဂိုးကို ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါသွင်းယူချိန်၌ အာရုံလျော့ပါးနေကြောင်း၊ ယင်းဂိုးပေးရခြင်းတွင် အဓိကတာဝန်ရှိသူမှာ ၎င်းပင်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

ချယ်လ်ဆီးကွင်းလယ်လူ ဝီလီယံက ထောင့်ကန်ဘောကို ကန်တင်ချိန်၌ ပေါ့ဘာသည် ရူဒီဂါကို လူကပ်ရမည့် တာဝန်ရှိသော်လည်း ထိထိရောက်ရောက်မကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။ ရူဒီဂါသည် ရုတ်တရက် ပြေးထွက်ကာ လွတ်လွတ်ကျွတ်ကျွတ်ခေါင်းခုန်တိုက်သွားခဲ့ခြင်းဖြစ်ပြီး ဂယ်ရီနဗီးလ်က Sky Sports ရုပ်သံ၌ " ပေါ့ဘာကို ကြည့်ကြပါဦး။ သူ အိပ်ပျော်နေတယ်ထင်တယ်။ သူ့ရဲ့တုံ့ပြန်မှုက စိတ်ဝင်စားစရာကောင်းပါတယ်။ သူ ဘယ်သူ့ကို အပြစ်တင်မလဲဆိုတာ ကြည့်ကြရအောင်"ဟု ပြောကြားခဲ့သည်။



 

ဂယ်ရီနဗီးလ်ကဲ့သို့ပင် လီဗာပူးလ်ကွင်း လယ်လူဟောင်း ဂျေမီရက်နက်ပ်ကလည်း ပေါ့ဘာကို ယင်းဂိုးအတွက် ပြစ်တင်ခဲ့သည်။ "အဓိက ပြဿနာကတော့ လိုက်နာမှုမရှိသေးတာပါပဲ။ ကျွန်တော်တို့ ပွဲမစခင်ကတည်းက ပေါ့ဘာနဲ့ပတ်သက်ပြီး သတိပေးပြောကြားခဲ့ပါတယ်။ သူ့ရဲ့အခန်းကဏ္ဍက အရေးကြီးပါတယ်။  ဒါပေမဲ့ သူဟာ လိုအပ်သလောက် ကောင်းအောင်မကစားနိုင်ပါဘူး။ ရူဒီဂါကို သူ သေသေချာချာမကာကွယ်နိုင်ခဲ့ပါဘူး။ သူဟာ အာရုံစူးစိုက်မှုမရှိခဲ့သလို၊ သူ့အလုပ်ကို တာဝန်မကျေခဲ့တာပါ။ သူ့ရဲ့နည်းပြခိုင်းသလိုမလိုက်နာတဲ့ကစားပုံက အသင်းကို ထိခိုက်စေခဲ့ပါတယ်"ဟု ရက်နက်ပ်က ပြောကြားခဲ့သည်။

ယင်းဂိုးပေးအပြီးတွင် ပေါ့ဘာသည် ကွင်းထဲ၌ ဒေါသပေါက်ကွဲနေပြီး ရူဒီဂါကို ထိရောက်စွာမကာကွယ်နိုင်ခဲ့ခြင်းအတွက် ၎င်း၏ပြေးလမ်းရှေ့မှ ပိတ်ဆို့နေသော မန်ယူနောက်ခံလူ လင်ဒီလော့ဖ်ကို ပြစ်တင်ခဲ့သေးကြောင်းလည်း ဂယ်ရီနဗီးလ်က ပြောကြားခဲ့သည်။

Most Read

Most Recent