NCA ရေးထိုးရခြင်း မရှိသေးသည့်အဖွဲ့များ ပါဝင်လာရန် နည်းလမ်းရှာဖွေရေး အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့နှင့် NCA ရေးထိုးထားသည့် ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အလုပ်အဖွဲ့ (PPWT) တို့ ချင်းမိုင်၌ တွေ့ဆုံေ

NCA ရေးထိုးရခြင်း မရှိသေးသည့်အဖွဲ့များ ပါဝင်လာရန် နည်းလမ်းရှာဖွေရေး အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့နှင့် NCA ရေးထိုးထားသည့် ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အလုပ်အဖွဲ့ (PPWT) တို့ ချင်းမိုင်၌ တွေ့ဆုံေ
Published 4 August 2017

ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့နှင့် NCA ရေးထိုးထားသည့် ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလုပ်အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်၌ သြဂုတ် ၃ ရက်က ကြိုတင်ညှိနှိုင်း အစည်းအဝေး ပြုလုပ်စဉ်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးရခြင်း မရှိသေးသည့်အဖွဲ့များ ပါဝင်လာရန်အတွက် နည်းလမ်းရှာဖွေရေး အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့နှင့် NCA ရေးထိုးထားသည့် ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလုပ်အဖွဲ့ (PPWT) တို့ ထိုင်းနိုင်ငံ ချင်းမိုင်၌ သြဂုတ် ၃ ရက်က ကြိုတင်ညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက အစည်းအဝေး အဖွင့်အမှာစကားတွင် သာမန်အားဖြင့် မိမိတို့အနေဖြင့် တစ်ဖွဲ့ချင်းစီမှ ဖြစ်သော်လည်း NCA အရ ကြည့်ပါက တစ်ဖွဲ့တည်းက လူများသာဖြစ်ကြောင်း၊ NCA အောင်မြင်ရန်၊ ငြိမ်းချမ်းရေး Process အောင်မြင်ရန်အတွက် အဖွဲ့အစည်း တစ်ခုတည်းမှ အတူလုပ်ကိုင် ဆောင်ရွက်ကြမည့် လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ကြောင်း၊ သို့ ဖြစ်၍ မိမိတို့အနေဖြင့် မကြာခဏ တွေ့ဆုံဆွေးနွေးနေရန် လိုအပ်ကြောင်း၊ ရှေ့ဆက် လုပ်ဆောင်ရန် လုပ်ငန်းများစွာ ကျန်သေးကြောင်း၊ အချိန်ဇယားအရ ငြိမ်းချမ်းရေးညီလာခံကို တစ်နှစ် နှစ်ကြိမ် လုပ်ရမည်ဖြစ်သည့်အတွက် ယခု ၂၀၁၇ ခုနှစ်အတွင်း၌ လာမည့် နိုဝင်ဘာ၊ ဒီဇင်ဘာလ ဝန်းကျင်တွင် ငြိမ်းချမ်းရေးညီလာခံကို ပြန်လည် ကျင်းပရမည်ဖြစ်သောကြောင့် ညီလာခံမကျင်းပမီ ကြားထဲတွင် ညီလာခံကို အောင်အောင်မြင်မြင်ဖြင့် ကျင်းပနိုင်ရန်အတွက် UPDJC အတွင်းရေးမှူး အစည်းအဝေးများ၊ UPDJC အစည်းဝေးများ၊ လုပ်ငန်းကော်မတီ အစည်းအဝေးများ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကိစ္စများကို ညှိနှိုင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

“တစ်ဖက်ကလည်း အရင် NCA Draft တုန်းက အတူတူ ပါဝင်ခဲ့ကြပြီးတော့မှ ကျွန်တော်တို့နဲ့ NCA စည်းဝိုင်းထဲကို မရောက်သေးဘဲနဲ့ ကျန်နေသေးတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်တွေကိုလည်း ဒီထဲမှာ ပါဝင်လာအောင် ကျွန်တော်တို့ နှစ်ဖက်ညှိနှိုင်းပြီးတော့မှ ဘယ်လို ဆောင်ရွက်ကြမလဲ ဆိုတာလည်း နည်းလမ်းရှာဖွေ လုပ်ရမယ့်ကိစ္စလေးတွေ ရှိနေပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုတာကတော့ တစ်ဖွဲ့ကျန်ရင် ကျန်သလို ဆူးလေးတစ်ချောင်း စူးနေတာမျိုး ဖြစ်နေတတ်ပါတယ်။ အားလုံး ပါလာဖို့ကိုလည်း အားလုံး သဘောထားရှိပြီးသား ဖြစ်တဲ့အတွက်ကြောင့် သူတို့မှာ ဘာတွေအခက်အခဲ ရှိနေသလဲ။ ကျွန်တော်တို့ ဘယ်လိုတွေ ဝိုင်းဝန်းပူးပေါင်းပြီး လက်တွဲခေါ်ကြမလဲဆိုတာ ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားမယ်ဆိုရင်တော့ ပိုမိုအဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့ခေတ်ကာလက Dialogue Culture ဖြစ်လာတဲ့အခါကျတော့ အခုလို ဆွေးနွေးအဖြေရှာခြင်းသာလျှင် အားလုံးအတွက် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်ဆိုတဲ့ အတွက်ကြောင့် တရားဝင်အစည်းအဝေးတွေမှာ တွေ့ကြမယ့်အစား အခုလိုမျိုး Informal အစည်းအဝေးတွေ မကြာခဏ တွေ့ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်း ဖလှယ်တယ်။ ယူဆချက် ညှိနှိုင်းတယ်။ အမြင်ချင်း မတူတာတွေ၊ တူတာတွေကို တူလာအောင် လုပ်ရင်းနဲ့ အဓိက ကတော့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အရေးကြီးဆုံးဖြစ်တဲ့ ယုံကြည်မှု တည်ဆောက်ခြင်းကို ဆောင်ရွက်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ရည်မှန်းချက်က မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူနဲ့ အောင်မြင်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့်လည်း အခုလိုမျိုး တွေ့ဆုံပြီးတော့မှ ညှိနှိုင်းရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေရာမှာ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းနဲ့ပဲ ကိုယ့်ရဲ့ အမြင်တွေ၊ အယူအဆတွေ၊ ရှေ့ဆက်သွားရမယ့် ဟာတွေ ဒါတွေကို လက်တွေ့ကျကျ ပေါင်းစပ်ဆွေးနွေး ညှိနှိုင်းနိုင်ကြမယ်လို့ ယုံကြည်ပါတယ်” ဟု ဦးခင်ဇော်ဦးက ပြောကြားသည်။

ထို့အတူ ရှေ့ဆက်၍ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည်ဖော်သည့် နေရာတွင် ပိုမိုအောင်မြင်နိုင်ရန်အတွက် NCA ရေးထိုးထားသည့်အဖွဲ့ ရှစ်ဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်လုပ်ငန်းများကို ပြန်လည် သုံးသပ်ခဲ့ကြောင်း၊ တစ်ဖွဲ့ချင်း၌လည်း ပြန်လည် သုံးသပ်ခဲ့ကြောင်း၊ မိမိတို့သည် NCA အပေါ် အခြေခံရမည့် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်သည့်အတွက် NCA ကို ပြန်လည် သုံးသပ်ခဲ့ကြောင်း၊ ထိုသို့ သုံးသပ်ခြင်းသည် ပြင်ဆင်ရန်အတွက် မဟုတ်ကြောင်း၊ NCA ၌ လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ၌ သုံးစွဲသည့် ဝေါဟာရ၊ ဆိုလိုရင်း စသည်တို့ တူညီမှု ရှိ၊ မရှိ အပေါ်ပြန်သုံးသပ်သည့်အခါ အချို့ဝေါဟာရများသည် အဓိပ္ပာယ်ပြန်ဖော်၍ နားလည်မှု တူရန်၊ ရပ်တည်မှု တူရန် ပြန်လည်လုပ်ဆောင်ရန် လိုအပ်သည်ဟုမြင်ကြောင်း PPWT ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

“ဆိုလိုတာက ကျွန်တော်တို့တွေ ကြားထဲမှာ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ဖို့အတွက် နားတော့ မနားဘူး။ ဒီဘက်နဲ့ အစိုးရဘက်မှာ ခုနကပြောသလို ကျွန်တော်တို့က ငြိမ်းချမ်းရေး အသင်းဝင်တွေ၊ ငြိမ်းချမ်းရေး အသင်းဝင်လို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ဒီ NCA လက်မှတ် ရေးထိုးတဲ့အသင်းထဲမှာပါတဲ့ အစုအဖွဲ့တွေတိုင်း NCA အောင်မြင်ဖို့ တာဝန်ရှိတယ်။ ဒါကြောင့်မို့လို့ အခုလာမယ့် ဒီအစည်းအဝေးပွဲ ပြီးလို့ရှိရင် ကျွန်တော်တို့ PPWT ၊ PPST အစည်းအဝေး ထိုင်ပြီးတော့ ပြန်လည်တင်ပြမှာ ဖြစ်တယ်။ ကျွန်တော်တို့ ဆောင်ရွက်မှုကတော့ ခုနကတင် ပြောသလို ပိုမိုကောင်းမွန်တဲ့၊ ပိုမိုအောင်မြင်နိုင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တစ်ခုချမှတ်နိုင်ဖို့ အတွက် ကျွန်တော်တို့ဘက်က သုံးသပ်ပြီး အဲဒါအစိုးရဘက်ကို ကျွန်တော်တို့ တရားဝင် ပြန်ညှိပြီး ကျွန်တော်တို့ ဆက်သွားမှာဖြစ်ပါတယ်။ ခုနက တင်ပြသလို အခက်အခဲရှိတဲ့အပေါ်မှာ အမြင်အမျိုးမျိုး ရှိတာပေါ့။ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်မှာ ရရှိလာတဲ့ ရလဒ်အပေါ်မှာရော တချို့က အားရမှုရှိသလို တချို့က အားရမှုမရှိတဲ့အပိုင်းလည်း ရှိတယ်။ သို့သော်လည်းပဲ ဒါတွေက နှစ်ဖက်လုံးက ပိုမိုခိုင်မာဖို့အတွက် တည်ဆောက်ရမယ့် အလုပ်ဖြစ်ပါတယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့ရှစ်ဖွဲ့၏ ပြန်လည်သုံးသပ်ရေးအဖွဲ့ အနေဖြင့် NCA အပေါ် သုံးသပ်မှုများအား ရက်သတ္တပတ် တစ်ပတ်ခန့် ပြုလုပ်ခဲ့ပြီး သုံးသပ်ချက်မှာ အပြီးသတ် မရရှိသေးဘဲ သုံးသပ်မှုများကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အလုပ်အဖွဲ့ (PPWT) ပြန်လည်ပေါင်းစပ်၍ ထိုမှတစ်ဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တင်ကာ အတည်ပြု၍ အစိုးရဘက်တွင် တာဝန်ရှိသည့် ငြိမ်းချမ်းရေးကော်မရှင် နှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပဒိုစောကွယ်ထူးဝင်း၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ NCA ညှိတဲ့အချိန်ကတည်းက တချို့ဝေါဟာရတွေက အဓိပ္ပာယ်ဖွင့်ဆိုချက် ပြန်ရေးမယ်ဆိုတာ အခုထက်ထိ ပြန်မရေးရသေးတာ။ အမှန်တကယ်ရှိတဲ့အပေါ်မှာ ပြန်လည် ဆွေးနွေးပြီးတော့ အစုအဖွဲ့အလိုက် တာဝန်ပေးတာပါ။ ကျွန်တော်တို့ NCA ကို အခြေခံပြီး ငြိမ်းချမ်းရေးတည် ဆောက်နေတဲ့ အတွက်ကြောင့် NCA အပေါ်မှာပါတဲ့ ပြဋ္ဌာန်းချက်နဲ့အညီ လိုအပ်တဲ့ ဆောင်ရွက်မှုကို ဆောင်ရွက်တဲ့နေရာမှာ Structure ကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်။ အနှစ်သာရပိုင်း၊ တာဝန်ခွဲဝေမှုပိုင်းကို ကျွန်တော်တို့ သုံးသပ်ပြီးတော့ အားနည်းချက်တွေ၊ လိုအပ်မှုတွေ ရှိနေတယ်။ ဒါကြောင့်မို့လို့ ပိုမိုကောင်းမွန်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည် ဖော်နိုင်ဖို့အတွက် လိုအပ်တဲ့ ပြန်လည်ပြင်ဆင်မှုတွေကို ဆောင်ရွက်မှာ ဖြစ်တယ်လို့ ကျွန်တော်တို့ ပြန်သုံးသပ်တယ်။ အထူးသဖြင့် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့ထဲမှာပဲ သုံးသပ်လို့ မရဘူး။ ဆက်လက်ပြီးတော့ ကျွန်တော်တို့ သက်ဆိုင်ရာအဖွဲ့အစည်းကို ဦးဆောင်တဲ့ ဦးဆောင်ကော်မတီကို တင်ပြမှာ ဖြစ်ပါတယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် PPWT တို့၏ အစည်းအဝေးမှာ အလွတ်သဘော ဖြစ်ပြီး ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့အား ကော်မရှင်အတွင်းရေးမှူး ဦးခင်ဇော်ဦးက ဦးဆောင်ကာ PPWT ဘက်မှ ကရင် အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဦးဆောင် ဆွေးနွေးခဲ့သည်။

Most Read

Most Recent