မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တရားဝင်ဖိတ်ကြားလာခဲ့လျှင် ပုပ်ရဟန်းမင်းက မြောက်ကိုရီးယားသို့ သွားရောက်ရန် အသင့်ရှိနေကြောင်း တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက အောက်တိုဘာ ၁၈ ရက်တွင် ပုပ်ရဟန်းမင်းနှင့်တွေ့ဆုံပြီးနောက် ပြောကြားခဲ့သည်။
စက်တင်ဘာလက ပြုံယမ်းသို့သွားရောက်ခဲ့သည့်အကြောင်းအား မွန်းဂျေအင်းက ဖရန်စစ်ပုပ်ရဟန်းမင်းကို အကျဉ်းရှင်းပြခဲ့ပြီး ကင်ဂျုံအွန်က ပုပ်ရဟန်းအား ကြိုဆိုလိုကြောင်း သတင်းစကားပါးမှုကို မွန်းက ထုတ်ဖော်ပြောကြားခဲ့သည်ဟု တောင်ကိုရီးယားသမ္မတ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
“ကင်က ဖိတ်ကြားဖို့ အဆင်ပြေ၊ မပြေကို သမ္မတမွန်းက မေးတဲ့အခါ ပုပ်ရဟန်းမင်းက လူကြီးမင်း ပြောတာနဲ့ပင် လုံလောက်ပါတယ်။ ဒါပေမဲ့ တရားဝင်ဖိတ်ကြားမှုပေးပို့ ခဲ့ရင် ပိုကောင်းပါမယ်” ဟု ပြောကြားခဲ့ကြောင်း သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်က ကိုရီးယားဘာသာဖြင့် ပြောကြားခဲ့သည်။
ကိုရီးယားကျွန်းဆွယ်တွင် ရှိနေဆဲဖြစ်သော တင်းမာမှုများအား ဖြေရှင်းရန်အတွက် အသုံးဝင်မည့် ဆောင်ရွက်ချက်အားလုံးကို လုပ်ဆောင်သွားရန် စိတ်ပိုင်းဖြတ်ထားကြမှုအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ဗာတီကန်က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်ရန် နှုတ်အားဖြင့် ဖိတ်ကြားမှုရှိခဲ့ကြောင်းကို အတည်ပြုနိုင်ကြောင်း ဗာတီကန်ပြောခွင့် ရပုဂ္ဂိုလ် ဂရက်ဘာကေက အေအက်ဖ်ပီအား ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စိတ်အားထက်သန်စွာ ထောက်ခံကြောင်း ပုပ်ရဟန်းမင်းက ပြောကြားခဲ့ပြီး တောင်ကိုရီးယားသမ္မတ မွန်းအား မရပ်မနား ဆက်လက်ချီတက်ရန် တောင်းဆိုခဲ့ကြောင်း မွန်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ကိုးကားပြောကြားခဲ့သည်။ ထို့ပြင် စိုးရွံ့မနေရန်လည်း မွန်းကို ပုပ်ရဟန်းမင်းက ပြောကြားခဲ့သည်ဟု ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
သီးခြားထုတ်ပြန်သော ကြေညာချက်တွင် ပုပ်ရဟန်းမင်းသည် ထိုင်ဝမ်သို့ သွားရောက်ရန် စီစဉ်မထားကြောင်းလည်း ဗာတီကန်က ပြောကြားခဲ့သည်။ ထိုင်ဝမ်၏ ဒုသမ္မတ ချန်ချိန်ကျန်က ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ပုပ်ရဟန်းမင်းနှင့် တွေ့ဆုံစဉ် ထိုင်ဝမ်သို့ လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း၊ ပုပ်ရဟန်းမင်းဖရန်စစ်က ထိုအချိန်တွင် ပြုံးနေခဲ့ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ ဗာတီကန်သည် ပြီးခဲ့သည့်လတွင် ဂိုဏ်းအုပ်ဘုန်းတော်ကြီးများ ခန့်အပ်ရေး အတွက် ပေကျင်းနှင့် သမိုင်းဝင်သဘောတူညီချက်ကို ရရှိခဲ့သောကြောင့် တရုတ်နှင့် ပြန်လည်ဆက်ဆံရေးအတွက် လမ်းပွင့်သွားခဲ့သည်။ ဗာတီကန်နှင့် ပေကျင်းတို့သည် ၁၉၅၁ ခုနှစ်ကတည်းက သံတမန်ဆက်ဆံရေး မရှိခဲ့ပေ။ ဗာတီကန်နှင့် ပေကျင်းပြန်လည် နီးကပ်လာမှုကြောင့် ထိုင်ဝမ်နှင့်ဗာတီကန်ကြား အနာဂတ်ဆက်ဆံရေးအတွက် စိုးရိမ်မှုများရှိစေခဲ့သည်။ ဗာတီကန်သည် ထိုင်ဝမ်၏ တစ်ဦးတည်းသော တရားဝင် မဟာမိတ်ဖြစ်သည်။ Ref ; AFP














