မျိုးဆက်သစ်များအတွက် ရင်းနှီးမြှုပ်နှံခြင်း

မျိုးဆက်သစ်များအတွက် ရင်းနှီးမြှုပ်နှံခြင်း
Published 18 October 2018

Y မျိုးဆက် (ထောင်စုမျိုးဆက်) မှသည် Z မျိုးဆက်အထိ မျိုးဆက်လက်ဆင့်ကမ်းမှုများနှင့်အတူ အသစ်အသစ်သော မျိုးဆက်များ၊ အနာဂတ်များ ရှိနေဦးမည် ဖြစ်ပါသည်။ ထို့ကြောင့် မျိုးဆက်သစ်များအတွက် ရင်းနှီးမြှုပ်နှံခြင်း၊ တစ်နည်းဆိုရသော် လူ့စွမ်းအား အရင်းအမြစ်၏ အရေးကြီးဆုံးသော မျိုးဆက်အလိုက် ပြုစုပျိုးထောင်ခြင်း အစီအမံများမှာ အရေးကြီးသော အခန်းကဏ္ဍတွင် ရှိနေပါသည်။ မျိုးဆက်သစ်များဟု ကင်ပွန်းတပ်လေ့ရှိသော ကလေးသူငယ်များအတွက် ရင်းနှီးမြှုပ်နှံရမည်ဟူသော သဘောတရားမှာ အငြင်းပွားဖွယ်ရာ မရှိသလို နိုင်ငံနှင့် လူထုအားလုံး၏ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်းဟုပင် ရှုမြင်ကြရမည် ဖြစ်ပါသည်။

ယူနီဆက်ဖ်၏ ကိုပင်ဟေဂင် သဘောတူညီချက်တွင် ထုတ်လုပ်မှုစွမ်းအား အမြင့်ဆုံး ဖြစ်စေသည့် ထိပ်တန်းရင်းနှီးမြှုပ်နှံမှု အချက် ၁၀ ချက်တွင် ခုနစ်ချက်မှာ မျိုးဆက်သစ် ကလေးငယ်များနှင့် တိုက်ရိုက် ပတ်သက်နေသည်။ ကလေးများအတွက် ကျောင်းနေစရိတ်များ လျှော့ချရန်၊ ကာကွယ်ဆေးထိုးခြင်းကို မြှင့်တင်ရန်၊ မိုက်ခရိုအာဟာရများကို တိုးချဲ့ပေးရန်နှင့် မိန်းကလေးများ ပညာသင်ကြားရေးတွင် တွေ့ကြုံရသော အဟန့်အတားများကို ဖယ်ရှားရန် စသည့်အချက်များ ပါဝင်နေသည်။

မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေခြင်းနှင့် ကလေးလုပ်သား ပြဿနာများကြောင့် ကျောင်းပြင်ပရောက် ကလေးငယ်ဦးရေ များပြားနေကြောင်း စစ်တမ်းများတွင် ဖော်ပြထားချက်အရ သိရသည်။ ကျောင်းပြင်ပရောက် ကလေးသူငယ်များအား ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာတစ်ခုတွင် (၁) ဆင်းရဲမွဲတေခြင်း (၂) ပညာရေးဝန်ဆောင်မှု အားနည်းချက်များ (၃) ပညာရေး၏ အရေးပါမှုနှင့် မိဘများ၏ ပညာရေးအပေါ် စိတ်ဝင်စားမှု (၄) ကလေးလုပ်သား ပြဿနာရပ်များ (၅) မသန်စွမ်းကလေးငယ်များ ဖြစ်နေခြင်း (၆) ပထဝီ အနေအထား ကွဲပြားခြားနားခြင်း စသည့်အချက်များသည် အဟန့်အတားများအဖြစ် ရှိနေကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံသည် ကလေးသူငယ်ဘဝ ဆုံးရှုံးရသူ အရေအတွက်များသော နိုင်ငံများစာရင်းတွင် ပါဝင်ပြီး နိုင်ငံပေါင်း ၁၇၂ နိုင်ငံတွင် အဆင့် ၁၁၂ ဖြင့် ရပ်တည်နေကြောင်း Save the Children ၏ ထုတ်ပြန်ချက် စာတမ်းတစ်ခုတွင် ပါဝင်သည်။ ကမ္ဘာပေါ်ရှိ ကလေးသူငယ် အရေအတွက်၏ လေးပုံတစ်ပုံပေါ် အခြေပြု၍ သုတေသနပြုလုပ်ထားချက်အရ မတော်တဆမှုနှင့် ကာကွယ်နိုင်သောရောဂါများကြောင့် သေဆုံးခြင်း၊ ကျောင်းမနေနိုင်ခြင်း၊ အလုပ်လုပ်ရခြင်းနှင့် အာဟာရချို့တဲ့ခြင်း၊ အရွယ်မတိုင်မီ လက်ထပ်ခြင်းနှင့် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုပြဿနာ၊ အကြမ်းဖက်မှုများ စသည့် ပြဿနာရပ်များကြောင့် ကလေးများ၏ ကလေးဘဝ ဆုံးရှုံးစေမှုများ ဖြစ်ပေါ်စေသည့် အကြောင်းရင်းများအဖြစ် ယင်းသုတေသနစာတမ်းတွင် ဖော်ပြထားခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံ၌ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အာဟာရ စသည့်ကဏ္ဍများအတွက် ယူနီဆက်ဖ်၏ ငါးနှစ်တာစီမံကိန်းသစ်တွင် ပဋိပက္ခ ဒဏ်ခံစားရသည့် ကလေးငယ်များ၊ နေရပ်စွန့်ခွာနှင့် အခြားသော လူသားချင်းစာနာ ထောက်ထားမှုဖြစ်ပေါ်နေသည့် ရခိုင်၊ ကချင်၊ ချင်း စသည့် ပြည်နယ်များအတွက် ရည်မှန်းထားသည်ဟု သိရသည်။ ကျန်းမာရေးနှင့် အာဟာရကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ရေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကဏ္ဍ၊ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးကဏ္ဍနှင့် လူမှုရေးဆိုင်ရာမူဝါဒ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ စောင့်ကြည့်သုံးသပ်ရေးကဏ္ဍတို့လည်း ပါဝင်နေသည်။

မျိုးဆက်သစ်များအဖြစ် အားထားကြမည့် ကလေးငယ်များအပေါ် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ စနစ်တကျ လုပ်ဆောင်သည့်နိုင်ငံများသည် အနာဂတ်တွင် ကမ္ဘာ့အလယ်၌ တင့်တယ်နိုင်မည့် နိုင်ငံများအဖြစ် ရပ်တည်နိုင်မည်ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ တိုးတက်ကြွယ်ဝမှုအတွက် နိုင်ငံသားများ အထူးသဖြင့် မျိုးဆက်သစ်ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ ရှင်သန်ရေးနှင့် ကာကွယ်စောင့်ရှောက်မှုပေါ်၌ များစွာမူတည်နေပါသည်။ ထို့ကြောင့် အနာဂတ်မျိုးဆက်သစ်များအတွက် မှန်ကန်သော ရင်းနှီးမြှုပ်နှံမှုများ စနစ်တကျ လုပ်ဆောင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၁၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent