စိတ်ကျန်းမာရေး ဆေးရုံကြီးတွင် အရက်ကြောင့်ဖြစ်သော နောက်ဆက်တွဲ စိတ်ဝေဒနာ ရောဂါဖြင့် တက်ရောက်ကုသသူဦးရေ အမြင့်ဆုံး ဖြစ်နေ

စိတ်ကျန်းမာရေး ဆေးရုံကြီးတွင် အရက်ကြောင့်ဖြစ်သော နောက်ဆက်တွဲ စိတ်ဝေဒနာ ရောဂါဖြင့် တက်ရောက်ကုသသူဦးရေ အမြင့်ဆုံး ဖြစ်နေ
Published 29 October 2017

ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီး (ရွာသာကြီး) တွင် အရက်သောက်သုံးမှုများကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ စိတ်ဝေဒနာရောဂါ ကုသရမှုမှာ အခြား မူးယစ်ဆေးဝါးများ သုံးစွဲမှုထက် များပြားနေဆဲဖြစ်ကြောင်း ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီး၏ စာရင်းအချက်အလက်များအရ သိရသည်။

၂၀၁၆ ခုနှစ် တစ်နှစ်လုံးတွင် ဆေးရုံလာရောက်တက်ရောက်သူ စာရင်းများအရ အရက်၏ ဆိုးကျိုးကြောင့် တက်ရောက်သူ ၇၄၀၀ ခန့်၊ စိတ်ကြွရောဂါကြောင့် တက်ရောက်သူ ၃၅၀၀ ခန့်၊ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် တက်ရောက်ကုသသူ ၂၂၀၀ ခန့်၊ စိတ်ကစဉ့်ကလျားကြောင့် တက်ရောက်သူ ၁၈၀၀ ခန့်ရှိကြောင်း သိရသည်။

စိတ်ကျန်းမာရေးဆေးရုံမှာ ရန်ကုန်နှင့် မန္တလေးမြို့တွင်ရှိပြီး စိတ်ကျန်းမာရေး ဆေးရုံကြီး (ရန်ကုန်) မှာ ခုတင် ၁၂၀၀ ဆံ့ ဆေးရုံကြီးဖြစ်ကာ လက်ရှိတွင် လူနာစုစုပေါင်း တစ်ထောင်ကျော် ကုသမှု ခံယူနေကြောင်း သိရသည်။

ခန္ဓာဗေဒ ဖွဲ့စည်းပုံအရ လူတစ်ဦး၏ ဦးနှောက်သည် အသက် ၂၁ နှစ်အရွယ်တွင် အဖွံ့ဖြိုးဆုံးဖြစ်ပြီး ယင်းအသက်အရွယ်တွင် အရက်သောက်သုံးမိပါက ဖြတ်ရခက်ခဲသွားကာ အရက်စွဲမှုအဆင့်မှ စိတ်ဝေဒနာ ခံစားရမှုများ ဖြစ်သွားကြောင်း သိရသည်။

စိတ်ကျန်းမာရေး လူနာများသည် နာတာရှည်ဝေဒနာကို ခံစားနေကြရပြီး လူနာအချို့မှာလည်း အသက်ဆုံးပါးသွားသည်အထိ ရောဂါစွဲကပ်ကာ အချို့သော လူနာများမှာလည်း ကုသ၍ ပျောက်ကင်းသွားတတ်ကြောင်း သိရသည်။

အရက်ဖြတ်သည့် လူနာများမှာ အသက် ၄၀ ကျော်၊ ၅၀ အရွယ် အများဆုံးဖြစ်ပြီး၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် လူနာများလည်း လာရောက်ကုသမှု ရှိသော်လည်း ကုသမှုနည်းကြောင်း သိရသည်။ ထို့ပြင် အသက် ၂၀ နှင့် ၄၀ ကြား အရက်စွဲ လူနာများကိုလည်း တွေ့ရှိရကြောင်း သိရသည်။

အခြားနိုင်ငံများတွင် အရက်၊ ဆေးလိပ်သောက်သုံးမှုကို ၂၁ နှစ်ကျော်မှသာ စတင်အသုံးပြုခွင့်ပေးပြီး မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်ကတည်းက သုံးစွဲခွင့်ပြုထားကြောင်း သိရသည်။ ယင်းဆေးရုံကြီး ပြင်ပ လူနာဌာနတွင် တစ်နေ့လျှင် လူနာ ၈၀ ခန့် ကုသလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent