လမ်းလျှောက်မေတ္တာ

လမ်းလျှောက်မေတ္တာ
လားရှိုးမြို့တွင် မဟာသင်္ကြန်ကာလအတွင်း တရားစခန်း ဝင်ရောက်မှုများအား တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းနေလှိုင်၊ နောင်ပိန်)
လားရှိုးမြို့တွင် မဟာသင်္ကြန်ကာလအတွင်း တရားစခန်း ဝင်ရောက်မှုများအား တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းနေလှိုင်၊ နောင်ပိန်)
Published 18 October 2018
မောင်ကြည်

လမ်းလျှောက်နေစဉ် ‘မေတ္တသုတ်’ ရွတ်သည့်အကျင့် ကျွန်တော်စွဲမြဲလာသည်မှာ သိပ်မကြာလှသေးပါ။ ယခင်က ကြိုကြားကြိုကြား လုပ်ဖြစ်ခဲ့သည်။ သို့သော် ယခုကဲ့သို့ မစွဲမြဲ။ ယခုကဲ့သို့ ပုံမှန်လုပ်ဖြစ်လာသည်မှာ ကျွန်တော်တို့ အိမ်ပြောင်းပြီးနောက်ပိုင်းဟု ဆိုရပေလိမ့်မည်။ ယခင်အိမ်ဟောင်းကို ရောင်းပြီး ယခုအိမ်သစ်သို့ ပြောင်းရွှေ့လာခဲ့သည်မှာ နှစ်လကျော်ကျော်ပဲ ရှိပါသေးသည်။ ယခင်နေရာနှင့် ယခုနေရာက ရပ်ကွက်ချင်း ခြားသွားသော်လည်း ကျွန်တော်သည် မိမိ၏ နေရပ်ဟောင်းနှင့် သိဟောင်းကျွမ်းဟောင်းများကို ခင်မင်တွယ်တာလှသည် ဖြစ်သောကြောင့် မစွန့်လွှတ်နိုင်သေးပါ။ ထို့ကြောင့် လက်ရှိအိမ်သစ်မှာနေရသော်ငြားလည်း နေ့စဉ်ပုံမှန် နေရာဟောင်းသို့သွားကာ လက်ဖက်ရည်ဆိုင်ထိုင်လေ့ ရှိပါသည်။

ထိုအခါ ယခုလက်ရှိ မိမိနေသည့်အိမ်မှ ယခင်နေရာဟောင်းရှိ လက်ဖက်ရည်ဆိုင်သို့ တစ်နေ့သုံးခေါက် မှန်မှန်ရောက်ပါသည်။ ကျွန်တော့်အိမ်မှ ထိုလက်ဖက်ရည်ဆိုင်သို့သွားဖို့ လမ်းသွယ်တစ်ခုကိုဖြတ်၊ လမ်းမကြီး တစ်ခုကိုကျော်၊ နောက်လမ်းသွယ်တစ်ခုကို ထပ်ဖြတ်မှ ရောက်ပါသည်။ မိတ်ဆွေများက သွားရလာရအဆင်ပြေစေရန် စက်ဘီးတစ်စီးလောက်ဝယ်ဖို့ အကြံပေးကြသည်။ သို့သော် ကျွန်တော်က အထိုင်အညောင်းအညာသမား ဖြစ်သောကြောင့် နေ့စဉ်ပုံမှန် ထိုကဲ့သို့ လမ်းလျှောက်ရခြင်းသည် မိမိအတွက် အညောင်းအညာပြေစေသည်ဟု ယူဆကာ လမ်းလျှောက်ဖို့သာ ဆုံးဖြတ်ခဲ့ပါသည်။ တစ်ပြိုင်တည်းမှာ ကိစ္စနှစ်ခုပြီးစေသည်မဟုတ်ပါလား။ ဤသို့ဖြင့် ကျွန်တော်သည် ရပ်ကွက်ခြားမှာရှိသည့် လက်ဖက်ရည်ဆိုင်သို့ နေ့စဉ်ပုံမှန် လမ်းလျှောက်ဖြစ်နေပါတော့သည်။

ထိုကဲ့သို့ လမ်းလျှောက်နေချိန်မှာ မေတ္တသုတ်ရွတ်ကာ လမ်းလျှောက်လျှင် ပိုမကောင်းဘူးလားဟု ကျွန်တော်စဉ်းစားမိသည်။ ထိုကဲ့သို့သာ လမ်းလျှောက်နိုင်မည်ဆိုလျှင် လမ်းလျှောက်ချိန်ကလေးကို တန်ဖိုးရှိရှိ ကျက်သရေရှိရှိ ကုန်လွန်စေရာ ရောက်လိမ့်မည်ဟုလည်း တွေးမိပါသည်။ ထိုသို့တွေးမိသည့်နောက်ပိုင်း ကျွန်တော်သည် လမ်းလျှောက်စဉ်မှာ မေတ္တသုတ်ရွတ်သည့်အကျင့်ကို တစ်စတစ်စ ထူထောင်လာခဲ့လေတော့သည်။ အိမ်ထဲမှထွက်ကာ လမ်းပေါ်ရောက်သည်နှင့် မေတ္တာသုတ်ပါဠိကို စရွတ်ပါသည်။ ပါဠိတစ်ခေါက်ပြီးလျှင် မြန်မာလို ‘အားလုံး သောသတ္တဝါတွေ ကျန်းမာချမ်းသာကြပါစေ’ ဟု ရိုးရိုးကလေး ရွတ်ပါသည်။ ထို့နောက် အမေ၊ အဘ၊ အကြီး၊ ညီအစ်ကိုမောင်နှမများနှင့် မိမိချစ်ခင်တွယ်တာ မြတ်နိုးရသူ အစရှိသဖြင့် အစဉ်အတိုင်း မေတ္တာပို့သွားပါသည်။ မြန်မာလိုမေတ္တာပို့ပြီးလျှင် မေတ္တသုတ်ပါဠိကို နောက်တစ်ခေါက် ထပ်ရွတ်ပါသည်။ ပြီးလျှင် မြန်မာလိုမေတ္တာပို့ထပ်ရွတ်။ ဤသို့ဖြင့် လက်ဖက်ရည်ဆိုင်သို့ ရောက်မှန်းမသိရောက် သွားပါသည်။ မိမိသောက်ချင်သည့် လက်ဖက်ရည်ကို သောက်ရသည်။ မိမိသိဟောင်းကျွမ်းဟောင်းများနှင့် တွေ့ဆုံရသည်။ မေတ္တာလည်း ပို့ဖြစ်သွားသည်။ ညောင်းညာ ကိုက်ခဲနေသည်များလည်း ပြေပျောက်သွားရသည်။ တစ်ပြိုင်တည်းနှင့် ကိစ္စလေးခုလောက်ပြီး ပြည့်စုံသွားသည်ဟု ပြောလို့ရပါသည်။

အထူးသဖြင့် လမ်းလျှောက်ချိန်လေးသည် တန်ဖိုးရှိလှသည်ဟု ကျွန်တော်ထင်မိသည်။ လမ်းလျှောက်ရင်း မေတ္တာပို့နေသောကြောင့် မိမိခြေလှမ်းများက မေတ္တာခြေလှမ်းများ ဖြစ်နေသည်။ ထိုစဉ်အချိန်မှာ အဓိပ္ပာယ်မဲ့ခြေလှမ်းတွေ မဟုတ်တော့။ အမှုမဲ့ အမှတ်မဲ့ခြေလှမ်းတွေ မဟုတ်တော့။ တကယ်တော့ မေတ္တာဖြင့်နေခြင်းသည် လမ်းလျှောက်ချိန်လေးမှသာ ကွက်ကွက်လေးနေရမည်မဟုတ်ပါ။ “ရပ်နေစဉ်သော်လည်းကောင်း၊ သွားနေစဉ်သော်လည်းကောင်း၊ ထိုင်နေစဉ်သော်လည်းကောင်း၊ လဲလျောင်းနေစဉ်သော်လည်းကောင်း၊ မအိပ်မငိုက်သမျှ ကာလပတ်လုံး မေတ္တာစိတ်နှင့်ယှဉ်၍ နေထိုင်ခြင်းကို မြတ်သောနည်း” ဟူ၍ ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင် ဟောကြားထားတော်မူသည် မဟုတ်ပါလား။ သို့သော် ကျွန်တော်က ဤနေရာတွင် လမ်းလျှောက်ခြင်းဖြစ်စဉ်လေးတစ်ခုကိုသာ အဓိကထား ပြောချင်သောကြောင့် လမ်းလျှောက်ချိန် မေတ္တာပို့ခြင်းအကြောင်းကိုသာ ရေးသားနေမိခြင်း ဖြစ်ပါသည်။

ကျွန်တော်က ထိုကဲ့သို့ လမ်းလျှောက်ချိန် မေတ္တာပို့ခြင်းကို ‘လမ်းလျှောက်မေတ္တာ’ ဟု မိမိသာဘာ နာမည်တပ်လိုက်ပါသည်။ မိမိသွားရာလမ်းတစ်လျှောက် မေတ္တာပို့ကို ရွတ်ဆိုသွားသောကြောင့် လမ်းတစ်လျှောက်လုံး မေတ္တာဓာတ်တွေ ဖုံးလွှမ်းနေသည်ဟု ထင်မိသည်။ ထို့ပြင် မေတ္တာဓာတ်သည်လည်း မိမိနှင့်အတူ လမ်းလျှောက်နေသည်ဟု ထင်မိသည်။ မိမိသွားရာလမ်းတစ်လျှောက် မြင်မြင်သမျှ လူများ၊ အဆောက်အအုံများ၊ အရာဝတ္ထုများ၊ တိရစ္ဆာန်များအားလုံးအပေါ်သို့ပါ မေတ္တာရနံ့တွေ သင်းပျံ့မွှေးထုံသွားစေချင်မိပါသည်။ လောလောဆယ်အားဖြင့် ကျွန်တော်သည် မိမိပတ်ဝန်းကျင်ရှိ လူများပေါ်တွင် ငွေအား၊ လူအားဖြင့် ထိထိရောက်ရောက် မကူညီနိုင်သေးသော်ငြားလည်း လက်ရှိပစ္စုပ္ပန် အချိန်လေးမှာ မေတ္တာဓာတ်ကလေးဖြင့် မေတ္တာရနံ့ကလေးဖြင့်၊ မေတ္တာစကားကလေးဖြင့် တစ်ပိုင်တစ်နိုင် ကူညီနိုင်ဖို့ရန် ကြိုးစားအားထုတ်ကြည့်သည့် သဘောဟုလည်း ပြောမည်ဆိုလျှင် ပြောလို့ရပါသည်။

သို့သော် အမှန်အတိုင်းဝန်ခံရလျှင် ကျွန်တော်သည် လမ်းလျှောက်ထွက်တိုင်း အချိန်ပြည့် မေတ္တာစိတ်ဖြင့်နေနိုင်သူတော့ မဟုတ်ပါ။ နှုတ်ကသာ မေတ္တာပို့နေသော်လည်း စိတ်က အခြားတစ်နေရာသို့ ရောက်ရှိနေသည့် အချိန်များလည်း ရှိပါသည်။ အလေ့အကျင့်၏ သဘောသဘာဝအရ နှုတ်က မေတ္တာသုတ်ကို မမှားအောင် ရွတ်ဆိုနိုင်ပါသော်လည်း စိတ်က မေတ္တသုတ်ထဲမှာ ရှိချင်မှရှိသည်။ အခြားတစ်ပါးသော အာရုံများမှာ ကျက်စားနေသည်ကိုလည်း ခဏခဏကြုံရပါသည်။ သို့သော် အရေးကြီးသည်မှာ စိတ်ပျံ့လွင့်ခြင်းမဟုတ် ထိုကဲ့သို့ပျံ့လွင့်နေသည့်စိတ်ကို မေတ္တသုတ်ထံသို့ လိမ္မာပါးနပ်စွာ အသာတကြည်လေး ပြန်လည်ခေါ်ဆောင်လာနိုင်ဖို့သာ ဖြစ်ပါသည်။ ပျံ့လွင့်တိုင်း ပြန်ပြန်ခေါ်ဖို့ရာ မပျင်းမရိ လုံ့လအားထုတ်ဖို့ပဲ လိုသည်ဟု ထင်ပါသည်။

ကျွန်တော်သည် လမ်းလျှောက်စဉ် မေတ္တသုတ်ရွတ်သည့်အခါတိုင်း မိမိ၏ပတ်ဝန်းကျင်ကိုလည်း သတိပြုကြည့်ရှုလေ့ ရှိပါသည်။ လမ်းတစ်လျှောက်ရှိ မြင်စရာ၊ ကြားစရာ၊ နံစရာ၊ ထိတွေ့စရာ အာရုံပေါင်းစုံအပေါ်မှာ မေတ္တာစိတ် မည်ကဲ့သို့ထားရမည်ဟုလည်း မကြာမကြာ စဉ်းစားတွေးတောမိပါသည်။ လူသည် တစ်ယောက်တည်းနေ၍မရသော သတ္တဝါဖြစ်သည်။ လူသည် သူ၏ပတ်ဝန်းကျင်နှင့် (မဆက်ဆံချင်သော်လည်း) အမြဲတစေ ထိတွေ့နေရပါသည်။ မိမိက ပတ်ဝန်းကျင်ကို မထိတွေ့ချင်သော်လည်း ပတ်ဝန်းကျင်က မိမိနှင့်အမြဲထိတွေ့နေသည့် သဘောမှာ ရှိပါသည်။ ဥပမာ-ပတ်ဝန်းကျင်က ဖွင့်သည့် သီချင်းသံကို မိမိက နားမထောင်ချင်သော်လည်း ထိုသီချင်းသံက မိမိနားထဲသို့ ဝင်လာမည်သာဖြစ်သည်။ ထိုအခါကျွန်တော်တို့ မည်ကဲ့သို့ တုံ့ပြန်မည်နည်း။ တုံ့ပြန်ပုံ တု့ံ ပြန်နည်းက လူတစ်ဦးချင်းစီကိုလိုက်ကာ ပုံစံ အမျိုးမျိုး ရှိနိုင်ပါသည်။ ထိုအချက်ကို မဝေဖန် မသုံးသပ်လိုပါ။

ကျွန်တော်ပြောလိုသည်က ပတ်ဝန်းကျင်ကို တုံ့ပြန်ပုံ တုံ့ပြန်နည်းတစ်နည်းသာ ဖြစ်ပါသည်။ အဆိုပါနည်းသည် ဗုဒ္ဓမြတ်စွာပေးသည့် မေတ္တာပို့နည်းဖြစ်ပါသည်။ ကျွန်တော်သည် လမ်းလျှောက်ထွက်လာသည့် အခါတိုင်း မေတ္တသုတ်ရွတ်ဖို့ ကြိုးစားပါသည်။ မြန်မာလို မေတ္တာပို့နိုင်အောင်လည်း ကြိုးစားအားထုတ်ပါသည်။ မေတ္တာစိတ် အပြည့်အဝ မထားနိုင်သေးသော်ငြားလည်း တတ်နိုင်သလောက် ရနိုင်သလောက် ကြိုးစားကြည့်ပါသည်။ တကယ်တော့လည်း မိမိပတ်ဝန်းကျင်အပေါ် မည်ကဲ့သို့ မေတ္တာထားမည်နည်းဟူသော ကိစ္စသည် ကျွန်တော်တို့ဘဝ တစ်သက်တာမှာ အရေးကြီးဆုံး ကိစ္စတစ်ခုဟု ထင်ပါသည်။ ထို့ကြောင့် ကျွန်တော်ကတော့ လမ်းလျှောက်ထွက်သည့်အခါတိုင်း မေတ္တသုတ်ကို စိတ်ပါလက်ပါ ရွတ်ဆိုနိုင်ဖို့ အခုချိန်အထိ ကြိုးစားအားထုတ်နေဆဲပါပဲ။

Most Read

Most Recent