တောင်ပြုံးပွဲတော်တွင် ဖွင့်လှစ်ထားသည့် နတ်နန်းများနှင့် ဈေးဆိုင်များ စတင်ဖျက်သိမ်းမှု ပြုလုပ်နေပြီး ပွဲတော်ဝင်လမ်းကို လုံခြုံရေးချထားကာ သွားလာခြင်းအား စိစစ်ကန့်သတ်နေ

တောင်ပြုံးပွဲတော်တွင် ဖွင့်လှစ်ထားသည့် နတ်နန်းများနှင့် ဈေးဆိုင်များ စတင်ဖျက်သိမ်းမှု ပြုလုပ်နေပြီး ပွဲတော်ဝင်လမ်းကို လုံခြုံရေးချထားကာ သွားလာခြင်းအား စိစစ်ကန့်သတ်နေ
Published 31 July 2017

ဆိုင်ခန်းများ စတင်ဖျက်သိမ်းနေသည်ကို ဇူလိုင် ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မင်းသန့်)

ဇူလိုင် ၃၁ ရက်တွင် စတင်ကျင်းပပြုလုပ်မည့် တောင်ပြုံးပွဲတော်အား ရာသီတုပ်ကွေး H1N1 ရောဂါပိုးထိန်းချုပ်နိုင်သည့်ကာအထိ ရက်အကန့်အသတ်မရှိ ရွှွေ့ဆိုင်းကြောင်း ဇူလိုင် ၃၀ ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ပြီးနောက် ပွဲတော်အတွင်း ဖွင့်လှစ်ထားသည့် ယာယီနတ်နန်းများနှင့် ဈေးဆိုင်များကို သြဂုတ် ၂ ရက် နောက်ဆုံးထား ဖျက်သိမ်းရန် ညွှန်ကြားချက်အရ ဈေးဆိုင်တချို့ စတင်ဖျက်သိမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ပွဲတော်အဝင်လမ်းတွင်လည်း ပိတ်ဆို့၍ လူနှစ်ဦးထက် ပိုမိုဝင်ရောက်ခြင်းကို ကန့်သတ်စိစစ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။

“ကျွန်မတို့လိုဈေးသည်တွေအနေနဲ့ ခုလိုညွှန်ကြားချက်ကြောင့် ကသီကုန်တာတွေ ရှိတာပေါ့။ ဒါပေမဲ့ ကျန်းမာရေးအခြေအနေအရ မဖြစ်မနေထုတ်ပြန်ပြီး ရွှေ့ပြောင်းရတယ်ဆိုတာလည်း နားလည်လက်ခံပါတယ်။ ကိုယ့်အတ္တ ကိုယ့်ဆုံးရှုံးမှုကို ရှေ့တန်းတင်လို့ မရပါဘူး။ ဒါက လူအများနဲ့သက်ဆိုင်တဲ့ အခြေအနေပါ။ နှစ်ရက်အတွင်း ပြောင်းရွှေ့ပေးဖို့ ကနေ့မနက်မှာ ဝန်ကြီးချုပ်လာရောက်ပြီး ဈေးသည်တွေနဲ့ ညှိနှိုင်းဆုံးဖြတ်တာကို လက်ခံကြပါတယ်။ ဆိုင်ခန်းငှားခ စရန်ငွေတွေကိုတော့ နောက်နှစ်ပွဲအတွက် ပွဲတော်ကျင်းပရေးကော်မတီက ထိန်းသိမ်းပေးထားပြီး ပြန်အမ်းတာမျိုး မလုပ်တော့ပါဘူး။ ဈေးသည်အများစုက ဒီပွဲကို ရှိသမျှလေးနဲ့ အားခဲထားပြီး တကယ်ရောင်းရမယ့်အချိန်မှ အခုလိုဖြစ်သွားတော့ အခက်အခဲတော့ ဖြစ်ကြတာပေါ့။ ၁၉၈၈ အရေးအခင်း ကာလတုန်းကတောင် ခုလောက်မဆိုးဘူး။ ကျွန်မတို့က ဒီပွဲမှာ ဈေးရောင်းလာတာ နှစ် ၃၀ ကျော်နေပါပြီ။ ဘယ်တတ်နိုင်မှာလဲ” ဟု မြင်းခြံမြို့မှ လာရောက်၍ အုန်းငှက်ပျောရောင်းချသူတစ်ဦးက ပြောကြားသည်။

ထိုသို့ ပွဲတော်အား ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခြင်းကြောင့် ပွဲတော်ကာလအတွင်း ကန်ထရိုက်လေလံ အောင်မြင်ထားသည့် လုပ်ငန်းခြောက်ခုအား လေလံကြေးငွေများ ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ သိရပြီး ဖွင့်လှစ်ထားသည့် ဈေးဆိုင်ပေါင်း ၈၀၀ ကျော်မှ ပေးသွင်းထားသည့် ဆိုင်ခန်းငှားခငွေများကို နောင်နှစ်ပွဲတော်ကာလအတွက် စရန်ငွေအဖြစ် သတ်မှတ်ခဲ့ကြောင်း ဘုရားဂေါပကအတွင်းရေးမှူး ဦးဝေလင်းက ပြောကြားသည်။

“ဒီနန်းကြီးနားမှာ ပန်းရောင်းခုံအတွက် ပေးသွင်းရငွေက ၂၂ သိန်းရှိပြီး စရန်ငွေ ၁၀ သိန်း သွင်းထားရပါတယ်။ အခုဆိုရင် ကြိုမှာပြီးလှောင်ထားတဲ့ပန်းတွေက ပျက်စီးဆုံးရှုံးရပါပြီ။ ဒါကြောင့် နောက်ဆုံးရောင်းချလို့ရတဲ့အထိ လာတဲ့ဧည့်သည်တွေကို ရောင်းနေရမှာပါပဲ” ဟု ပန်းရောင်းချသူတစ်ဦးက ပြောကြားသည်။

“တောင်ပြုံးပွဲဆိုတာက တစ်နိုင်ငံလုံးက လာကြမှာ။ အဓိက,က ရန်ကုန်ပါလာမယ်။ ရန်ကုန်မှာက ရောဂါဖြစ်နေတယ်။ ဒီနေရာမှာ ရောဂါဖြစ်နေပြီဆိုရင် ဒေသတွင်းမှာရှိတဲ့ ပွဲမိန့်တွေ အကုန်ပိတ်ရမယ်။ အဲဒါက ကျန်းမာရေးရဲ့ ညွှန်ကြားချက်။ ကျွန်တော်တို့ သိထားရသလောက်ဆိုရင် သံသယဖြစ်ဖွယ်လူနာတွေက နေပြည်တော်အထိ ရောက်လာနေပြီ။ တိုင်းခြောက်ခုလောက်ဖြစ်နေပြီ။ ဒီကနေ့ ကျွန်တော်တို့အစိုးရအဖွဲ့ကနေ ကြေညာချက်ထွက်ပါမယ်။ အဓိက,က နေပြည်တော်ကို ရောက်လာတာ ကျွန်တော်တို့က စိုးရိမ်တယ်။ ကျွန်တော်တို့ မန္တလေးနဲ့ နီးလာပြီ။ ရောဂါထိန်းချုပ်နိုင်ဖို့အတွက် တောင်ပြုံးပွဲ ကိုလာမယ့်သူတွေကို တားဖို့လိုလာပြီ။ ဒီရောဂါကူးစက်မယ့် အန္တရာယ်က တော်တော်များလာနိုင်ပါတယ်။ ရောဂါကူးစက်လွယ်တဲ့သူတွေက ဒီလိုပွဲတွေမှာ အများကြီး ရှိနေနိုင်ပါတယ်။ ဒါကြောင့် မန္တလေးကနေ တစ်နေရာဆီကို ထပ်ပြီးပျံ့နှံ့သွားမှာ အဖြစ်မခံနိုင်ဘူး။ ကျွန်တော်တို့ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ကျန်းမာရေးရှုထောင့်ကနေ ပိတ်ကိုပိတ်ရမှာဖြစ်တယ်။ ဒီလို Virus တွေက ကြိုတင်ကာကွယ်ခြင်းထက် ထိရောက်တဲ့ကုသမှု မရှိပါဘူး။ ဒါဟာ အမျိုးသားကျန်းမာရေးအမြင်ဖြစ်တယ်။ စီးပွားရေး အကျိုးသက်ရောက်မှုတွေလည်း ပါလာနိုင်တယ်။ ဒီလို တောင်ပြုံးပွဲ ပိတ်လိုက်တဲ့အတွက် နောက်ထပ်ပွဲတွေကိုလည်း ကျွန်တော်တို့ ကြည့်ရမယ်။ H1N1 ရောဂါကင်းစင်တဲ့အချိန်အထိ စောင့်ကြည့်ရမယ်။ နောက်ပြီးတော့ ဒီရာသီတုပ်ကွေးဟာ မျိုးရိုးဗီဇပြောင်းလဲသွားခဲ့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ နောက်ပိုင်းမှာ ရောဂါထိန်းချုပ်နိုင်ဖို့အတွက် အတော်လေးကို ခက်ခက်ခဲခဲ လုပ်ဆောင်လာရမယ်။ ဒါကြောင့် မဖြစ်ခင်က ကြိုတင်ကာကွယ်ရမှာ ဖြစ်တယ်။ မနက်ဖြန်ကစပြီး ပွဲတော်ကို ပိတ်လိုက်ပြီဖြစ်တယ်။ နောက်ထပ်လည်း ပွဲတော်တွေ ရှိသေးတဲ့အတွက် ထိန်းချုပ်ကာကွယ်လိုက်တာ ဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ထို့ပြင် H1N1 ရောဂါဖြစ်ပွားမှု သံသယဖြစ်ဖွယ် လူနာတွေ့ရှိလာပါက နီးစပ်ရာ စာသင်ကျောင်းများကို ပိတ်သွားမည်ဖြစ်ကြောင်း လက်ရှိအချိန်တွင် ရောဂါဖြစ်ပွားမှု မရှိစေရန်နှင့် ကူးစက်မှုမဖြစ်ပွားစေရေးအတွက် လုပ်ဆောင်လျက်ရှိပြီး ဆေးရုံများတွင်လည်း ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ရိုးရာဓလေ့ပွဲတော်တစ်ခုဖြစ်သည့် တောင်ပြုံးပွဲတော်အား နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်မှ ဝါခေါင်လပြည့်နေ့အထိ ကျင်းပပြုလုပ်လေ့ရှိသည့် ပွဲတော်တစ်ခုဖြစ်သည်။ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများ၊ တောင်ပြုံးမင်းနှစ်ပါးအား လာရောက် ဆုတောင်းပသကြသူများဖြင့် စည်ကားသည့် ပွဲတော်တစ်ရပ်ဖြစ်ကြောင်း သိရသည်။ တောင်ပြုံးပွဲတော်ကျင်းပခဲ့သည့် သက်တမ်းအတွင်း ယခုအကြိမ်မှာ H1N1 တုပ်ကွေး ရောဂါဖြစ်ပွားမှုများကြောင့် ပထမဆုံးအကြိမ် ပွဲတော်ကျင်းပခွင့်အား ရက်ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

Writter : မင်းသန့်

Most Read

Most Recent