၂၀၁၇ ခုနှစ် ဇွန်လတွင် စားသုံးသူဈေးဆနှုန်း(CPI)  ၁၃၂ ဒသမ ၅၈ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် သုံးရာခိုင်နှုန်းနီးပါး မြင့်တက်

၂၀၁၇ ခုနှစ် ဇွန်လတွင် စားသုံးသူဈေးဆနှုန်း(CPI)  ၁၃၂ ဒသမ ၅၈ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် သုံးရာခိုင်နှုန်းနီးပါး မြင့်တက်
Published 30 July 2017

ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်း ဈေးရောင်းချနေသည့် မြင်ကွင်း

၂၀၁၇ ခုနှစ် ဇွန်လတွင် စားသုံးသူဈေးဆနှုန်း (Consumer Price Index – CPI) ၁၃၂ ဒသမ ၅၈ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် သုံးရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်း အဖွဲ့မှထုတ်ပြန်သည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၁၇ ခုနှစ် ဇွန်လအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၁၄၄ ဒသမ ၅၉၊ အစားအစာ မဟုတ်သောအုပ်စုအတွက် ၁၁၅ ဒသမ ၆၅ နှင့်အုပ်စုအားလုံးအတွက် ၁၃၂ ဒသမ ၅၈  ရှိပြီး ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇွန်လတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူဈေးဆနှုန်းနှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၉၂ ရာခိုင်နှုန်း ပိုမိုခဲ့ကြောင်း သိရသည်။

စားသုံးသူဈေးဆနှုန်းကို လေ့လာပါက အစားအစာအုပ်စု၏ ဈေးဆနှုန်းမှာ ယခင်လထက် ၀ ဒသမ ၁၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ အစားအစာမဟုတ်သော အုပ်စု၏ ဈေးဆနှုန်းမှာ ၁၁၅ ဒသမ ၆၅ ဖြစ်သဖြင့် ယခင်လအခြေအနေ ၁၁၅ ဒသမ ၆၄  နှင့်နှိုင်းယှဉ်ပါက  သိသာစွာပြောင်းလဲမှု မရှိခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇွန်လတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူဈေးဆနှုန်းကို ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ရခိုင်ပြည်နယ်၏ စားသုံးသူ ဈေးဆနှုန်းမှာ ၇ ဒသမ ၈၈ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး ပြောင်းလဲမှုဖြစ်ပေါ်ခဲ့ပြီး ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်လည်း  ပြောင်းလဲမှုရာခိုင်နှုန်းများခဲ့သည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင်  ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့ နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင် စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့သည်။၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်းအမျိုးအစားများမှာ အများသုံးစွဲသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အမျိုးအစားပေါင်း ၄၃၈ မျိုးပါဝင်ကြောင်း သိရသည်။ စားသုံးသူ ဈေးဆနှုန်း တွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာမဟုတ်သော အုပ်စုတွင် ကုန်ပစ္စည်းအမျိုးအစား ၁၆၆ မျိုး ရွေးချယ်ကောက်ယူခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent