ကျပ် ၅၅၇၅ သန်း အကုန်အကျခံ၍ ပြင်ဆင်ထိန်းသိမ်းသော ဖောင်းပြင်-ပင်လည်ဘူးလမ်းပိုင်း ၂၉ မိုင် (လမ်းသစ်) သတ်မှတ်ရက်အတွင်း မပြီးစီးဘဲ သြဂုတ်လလယ်ခန့်မှ စတင်အသုံးပြုနိုင်မည်ဟု ခန့်မှန်း

ကျပ် ၅၅၇၅ သန်း အကုန်အကျခံ၍ ပြင်ဆင်ထိန်းသိမ်းသော ဖောင်းပြင်-ပင်လည်ဘူးလမ်းပိုင်း ၂၉ မိုင် (လမ်းသစ်) သတ်မှတ်ရက်အတွင်း မပြီးစီးဘဲ သြဂုတ်လလယ်ခန့်မှ စတင်အသုံးပြုနိုင်မည်ဟု ခန့်မှန်း
Published 30 July 2017

ဖောင်းပြင်-ပင်လည်ဘူး လမ်းပိုင်းတစ်နေရာကို ဇွန်လဆန်းက တွေ့ရစဉ်

ကျပ် ၅၅၇၅ သန်း အကုန်အကျခံ၍ ပြင်ဆင်ထိန်းသိမ်းနေသော ဖောင်းပြင်-ပင်လည်ဘူးလမ်းပိုင်း ၂၉ မိုင် ( လမ်းသစ်) သည် သတ်မှတ်ရက်အတွင်း မပြီးစီးဘဲ သြဂုတ်လလယ်ခန့်မှသာ စတင်အသုံးပြုနိုင်မည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောကြားသည်။

အဆိုပါလမ်းပိုင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းကို မတ် ၃၁ ရက်မှ စပြီး ဇွန်လအတွင်း သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ လုပ်ငန်းများပြီးစီးရန် သတ်မှတ်ထားသော်လည်း ယခုအထိ ပြီးစီးမှုမရှိကြောင်း သိရသည်။

“ဇွန် ၂၄ ရက် ပြီးမယ်ဆိုပြီး သတ်မှတ်ထားပေမယ့် မိုးကျတဲ့ရက်က များနေလို့ လုပ်ငန်းတွေ ယာယီ ရပ်ထားရတယ်။ မိုးများတော့ အောက်ကမြေသားတွေ ပျော့ပြီး တော့ ဗွက်လည်နေတာ။ ကျောက် ခင်းလို့လည်းမရ၊ ကျောက်တွေသယ် လို့လည်းမရတော့ လုပ်ငန်းတွေခဏ ရပ်ထားလိုက်ရတယ်။ ဒါကြောင့် သတ်မှတ်ရက်ဖြစ်တဲ့ ဇွန် ၂၄ မှာ မပြီးနိုင်တော့ဘူး။ ပြည်ထောင်စုဝန်ကြီးလည်း ဇွန် ၂၄ ရက်မှာ လာစစ်သွားပြီး ဒီလိုမိုးရွာနေတဲ့ အချိန်မှာ ခင်းရင် Quality မမီနိုင်ဘူး။ ဆက်ခင်းရင် လုပ်ငန်းတော့ပြီးမယ်။ လုပ်ငန်းပြီးပေမယ့် ရေရှည်မှာ အကျိုးမရှိနိုင်ဘူး။ ပိုက်ဆံကုန်ပြီး အကျိုးမရှိနိုင်တဲ့အတွက် ရာသီဥတုသာယာတဲ့ အချိန်မှ ပြန်လုပ်ဖို့ ညွှန်ကြားခဲ့တယ်။ နောက်ပိုင်းမှာ ရာသီဥတု အခြေအနေကောင်းရင် သြဂုတ်လလယ် ၁၅ ရက်နေ့ကို နောက်ဆုံးထားပြီး ပြီးအောင်လုပ်ကြဖို့တော့ ညွှန်ကြားခဲ့တယ်” ဟု ဦးသန်းညွန့်ဝင်းက ပြောကြားသည်။

အဆိုပါလမ်းပိုင်း ၂၉ မိုင်အား ပြင်ဆင်ထိန်းသိမ်းမှု ပြုလုပ်ရာတွင် ကုမ္မဏီတစ်ခုတည်းကို လုပ်ကိုင်ခွင့် ပေးခဲ့ခြင်း မဟုတ်ဘဲ လုပ်ငန်းအစုအဖွဲ့ ကိုးဖွဲ့ခွဲပြီး ကုမ္မဏီရှစ်ခုအား လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

ထိုသို့လုပ်ကိုင်ခွင့်ပေးရာတွင် သတ်မှတ်စည်းမျဉ်းစည်းကမ်းနှင့်အညီ အရည်အသွေး ပြည့်မီစေရန်နှင့် အချိန်မီပြီးစီးအောင် ခင်းရမည်ဖြစ်ပြီး သတ်မှတ်ရက်ထက် တစ်ရက်ကျော်လွန်ပါက ရက်အလိုက်အ လျော်ပေးရမည်ဟု စာချုပ်ချုပ်ဆိုခဲ့သော်လည်း ရာသီဥတု အခြေအနေကြောင့် ခြွင်းချက်သတ်မှတ် ပေးခဲ့ကြောင်း သိရသည်။

“သူတို့က မလုပ်လို့မဟုတ်ဘူးလေ။ လုပ်ရဲ့သားနဲ့ ရာသီဥတုအခြေ အနေကြောင့်ဆိုတာကို ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ဆင်းစစ်ပြီး Pass ပေးခဲ့တာ။ ပြီးတော့ လမ်းအရည်အသွေးကို အမြဲစောင့်ကြည့်နေတဲ့ QC (Quality Control) အဖွဲ့လည်း ရှိတယ်။ သူတို့က Pass ပေးမှ လုပ်ငန်းဆက်လုပ်လို့ရမှာ။ ရာသီမရွေး သွားလာနိုင်တဲ့ လမ်းဖြစ်အောင်ကလည်း QC Pass ဖြစ်အောင်စောင့်ပြီး သူတို့က ခင်းခိုင်းတဲ့အချိန် ခင်းလို့ရပြီဆိုတဲ့အချိန်မှာ ခင်းရတယ်။ အဲဒီတော့ နည်းနည်းတော့ နှောင့်နှေးပေမယ့် ရေရှည်မှာ အသုံးပြုလို့ရသွားမယ်။ လုပ်ငန်းရဲ့ ၈၇ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်လို့ တစ်ခုလုံးပြီးစီးဖို့ သိပ်မကြာတော့ပါဘူး” ဟု ဦးသန်းညွန့်ဝင်းက ပြောကြားသည်။

ဖောင်းပြင်-ပင်လည်ဘူးလမ်း ပိုင်း ၂၉မိုင် ( လမ်းသစ်) အား အထူး ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်သော ကျပ် ၅၅၇၅ သန်းကို အထူးကိစ္စရပ်အဖြစ် သီးသန့်ရန်ပုံငွေမှ ကျခံသုံးစွဲရန် မတ် ၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအ ထက်ပိုင်း ခန္တီး၊ ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့နယ်များတွင် နေထိုင်သော ဒေသခံများသည် ရေကြာင်းသယ်ယူပို့ဆောင်ရေးကိုသာ အားထားနေရပြီး မိုးရာသီ၌ ချင်းတွင်းမြစ်အတွင်း ရေယာဉ်များ မတော်တဆတိမ်း မှောက်ခြင်း၊ ရေကြီးကာလတွင် ရေ ကြောင်းသွားလာမှုယာယီရပ်ဆိုင်း ခြင်းနှင့် နွေရာသီရေနည်းကာလတွင် သယ်ယူပို့ဆောင်ရေး ခက်ခဲခြင်းတို့ကြောင့် တစ်နှစ်ပတ်လုံး အသုံးပြု သွားလာနိုင်သော ကားလမ်းဖောက်လုပ်ပေးရန် ဒေသခံများက တောင်းဆိုခဲ့သည်။

Most Read

Most Recent