
ထိုင်းနိုင်ငံအတွင်း သက်သေခံလက်မှတ် ပြုလုပ်နေသည့် ရွှေ့ပြောင်းလုပ်သားများအား တွေ့ရစဉ်
ထိုင်းနိုင်ငံအတွင်း အလုပ်ရှင် အလုပ်သမားဥပဒေပြင်ဆင်ပြီး နောက် အထောက်အထားမရှိသူ များအား အလုပ်လုပ်ကိုင်ခွင့်လက်မှတ် အထောက်အထား ပြုလုပ်ပေးရန် စင်တာ ၉၉ နေရာ၌ ဇူလိုင် ၂၄ ရက်မှစ၍ အလုပ်ရှင်ထောက်ခံချက်ဖြင့် စာရင်းပေးသွင်းစေခဲ့ရာ ဇူလိုင် ၂၇ ရက်အထိ မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယား စသည့်အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သား ၁၈၃၀၀၀ ကျော် စာရင်းပေးသွင်းပြီး ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ အလုပ်သမား ရှာဖွေနေရာချထားရေးရုံးသို့ မြန်မာ ၁၁၀၂၆၁ ဦး၊ ကမ္ဘောဒီးယား ၄၇၀၂၆ ဦး၊ လာအို ၂၆၂၉၃ ဦး စာရင်းသွင်းထားပြီး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရေး စင်တာများ တိုးချဲ့ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်း လုပ်သားများအား CI စာအုပ် အချိန်မီ ထုတ်ပေးနိုင်ရေးအတွက် CI ထုတ်ပေးရေး စင်တာများကို မြန်မာအလုပ်သမား အများစု အလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ စွန်ခလာ၊ ချင်းမိုင်ဒေသတို့တွင် ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားရန် ပြင်ဆင်လျက်ရှိ ကြောင်း သိရသည်။
မြန်မာအလုပ်သမားများကို CI ထုတ်ပေးမည့် အစီအစဉ်နှင့်ပတ်သက်၍ အလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင်က “အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေကို အထောက်အထား ထုတ်ပေးနိုင်ဖို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနကနေပြီးတော့ မြို့နယ် ၁၁ နေရာမှာ အလုပ်သမားစိစစ်ရေးဌာန ၉၉ ခုဖွင့်လှစ်ပြီး ဇူလိုင် ၂၄ ရက်ကနေ သြဂုတ် ၈ ရက်အထိ ရက်ပေါင်း ၁၅ ရက်အတွင်း အထောက်အထားမရှိ အလုပ်သမားတွေကို စာရင်းကောက်ယူမှုတွေ လုပ်နေတယ်။ စာရင်းကောက်ယူမှုတွေပြီးတာနဲ့ အလုပ်သမားတွေကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးဖို့ လုပ်ဆောင်သွားမှာပါ” ဟု ဆိုသည်။
CI စာအုပ်ပြုလုပ်ရန် စာအုပ်ဖိုးအား 7 Eleven စတိုးဆိုင်များတွင် သွားရောက်ပေးသွင်းရမည်ဖြစ်ပြီး ငွေသွင်းပြီးပါက ငွေသွင်းပြေစာယူကာ CI ထုတ်ပေးရေးစင်တာများတွင် လုပ်ကိုင်ရမည်ဖြစ်သည်။
CI စာအုပ်ထုတ်ယူသူများကို ကျန်းမာရေးစစ်ဆေးမှု၊ ဗီဇာ၊ Work Permit ပြုလုပ်မှုများကို တစ်နေရာတည်း One Stop Service ဖြင့် လုပ်ဆောင်နိုင်ရန် သြဂုတ် ၁၈ ရက် မှစ၍ CI ထုတ်ပေးရေး စင်တာများတွင် ထိုင်းအလုပ်သမားဌာန ထိုင်းလဝက၊ ထိုင်းကျန်းမာရေးဌာနမှ တစ်ပြိုင်တည်းရုံးထိုင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဦးမိုးအောင်ခိုင်က ပြောကြားသည်။
ဗီဇာသက်တမ်း အနေဖြင့် ယခု CI စာအုပ်လုပ်ဆောင်နေသော ပန်းရောင်ဘတ်သမားများအတိုင်း ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိ ထိုင်းဗီဇာပေးမည်ဖြစ်ပြီး ဗီဇာသက်တမ်းနှင့် ပတ်သက်၍ နှစ်နိုင်ငံအကြမ်းဖျင်း ညှိနှိုင်းထားမှုများ ရှိကြောင်း၊ ထိုင်းအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက် ကျလာပါက ကြေညာပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။















