ကုမ္ပဏီပိုင် YBS မော်တော်ယာဉ်လိုင်း ၂၀ ခန့်သာ စပယ်ယာမပါသည့် စနစ်ကျင့်သုံးဟု သိရ

ကုမ္ပဏီပိုင် YBS မော်တော်ယာဉ်လိုင်း ၂၀ ခန့်သာ စပယ်ယာမပါသည့် စနစ်ကျင့်သုံးဟု သိရ
Published 29 July 2017


စပယ်ယာမပါသည့် YBS ယာဉ်တစ်စီးကို တွေ့ရစဉ်

ကုမ္ပဏီပိုင် YBS မော်တော်ယာဉ်တိုင်းတွင် စပယ်ယာမပါသည့် စနစ်ကို ကျင့်သုံးလာပြီ ဖြစ်သော်လည်း ယာဉ်လိုင်း ၂၀ ခန့်သာ ရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

“ကားသစ်တွေ ဝင်ရောက်တဲ့နှုန်းက သိသိသာသာ များလာတယ်။ စပယ်ယာမပါတဲ့ စနစ်ဟာ လိုင်း ၂၀ လောက် ရှိလာပြီ။ ကုမ္ပဏီ အစစ်အမှန် YBPC လို ဟာမျိုးတွေ၊ YUPT ဆိုလည်း ကုမ္ပဏီအဆင့်ကို ပြောင်းနေပြီ။ Omini Focus က ဟာမျိုးတွေ၊ ဦးပိုင်ဟာမျိုးဆိုရင် စပယ်ယာမပါတဲ့ စနစ်ကို ကားတိုင်းနီးပါး ကျင့်သုံးလာပြီ” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

YBS ယာဉ်လိုင်းစနစ်တွင် ကိုယ်ရကိုယ်ယူစနစ် ကျင့်သုံးနေသူများကို ဝေပုံကျ (ရှယ်ယာ) စနစ်သို့ ဇူလိုင်လအတွင်း ပြောင်းလဲကြရန်နှင့် ယာဉ်များတွင် ငွေပုံးတပ်ဆင်ပြီး စပယ်ယာမပါဝင်သည့် စနစ်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သတင်းရရှိသည်။

“YUPT မှာဆိုရင် မြို့ထဲကိုဝင်တဲ့ တကယ့်အဓိကလိုင်းတွေ YBS ၃၆၊ YBS ၃၇၊ YBS ၆၅ တို့ ဆယ်လိုင်းကို ဖြန့်ပြီးတော့ ထည့်မှာ ဖြစ်ပါတယ်။ YBPC ကုမ္ပဏီမှာလည်း မှော်ဘီ GTU ကို ဆက်ပြီးတော့ ပြေးထားတယ်၊ လှည်းကူး ဆက်ပြေးထားတယ်။ YBS ၈၇၊ YBS ၈၈ ပြေးနေပြီ။ YBS ၈၇ ကတော့ ဒဂုံတက္ကသိုလ်၊ ဆူးလေ။ YBS ၈၈ ကတော့ ဒဂုံတက္ကသိုလ်ကနေ အင်းစိန်မှာရှိတဲ့ YTU၊ ကြိုကုန်းမှာ ရှိတဲ့ GTI အထိပါ ဆက်ပြေးမှာ ဖြစ်ပါတယ်။ မကြာခင်မှာ သာကေတက လိုင်းတစ်လိုင်း တော်တော်များများကလည်း မြို့ထဲအထိရောက်တဲ့ လိုင်းမရှိတဲ့အတွက် လိုင်းတစ်လိုင်းပြေးမှာ ဖြစ်ပါတယ်။ YBPC က ဖော်ဆောင်ပေးမှာ ဖြစ်ပါတယ်။ Omini Focus ဘက်ကလည်း သူတို့ အဆိုပြုထားတဲ့ လိုင်းခြောက်လိုင်း ရှိပါတယ်။ ဒါလည်း မကြာခင်ပေးနိုင်အောင်လုပ်မှာ ဖြစ်ပါတယ်။ ဒီလိုင်းတွေ အားလုံးဟာ ကားသစ်တွေ ဖြစ်တဲ့အတွက်ကြောင့် စပယ်ယာလည်း မပါဘူး။ Cash Box နဲ့ Fully အဲယာကွန်းနဲ့ တကယ့်ကို စမတ်ကျကျ စီးရမယ့်လမ်းကြောင်း ဖြစ်ပါတယ်” ဟု အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

ထိုကဲ့သို့ YBS လမ်းကြောင်းအသစ်များတွင် မော်တော်ယာဉ် အသစ်များဖြင့် ပြေးဆွဲပေးမည်ဖြစ်ပြီး ယင်းယာဉ်လိုင်းများတွင်လည်း စပယ်ယာမပါသည့်စနစ် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

“အခုဆိုရင် Cash Box တွေ ထားတယ်။ ငွေရေတဲ့ အလုပ်တွေ အများကြီး လုပ်ရတယ်။ နောက်ပိုင်းကျ လက်မှတ်ရောင်းတာတွေ ပါလာမယ်။ ကားတွေက အသစ်တွေ ဖြစ်တဲ့အတွက် ကိုယ်ရကိုယ်ယူကကားတွေလို မဟုတ်ဘူး။ ကားကို အနည်းဆုံး နှစ်ကြိမ် သန့်ရှင်းရေး လုပ်ရတယ်။ ဒါတွေက အမြဲတမ်း သန့်ရှင်းနေရမှာ ဖြစ်တဲ့အတွက် ဒီအလုပ်တွေက အများကြီးရှိတယ်” ဟု စပယ်ယာများအား ကုမ္ပဏီဝန်ထမ်းများအဖြစ် ပြောင်းလဲမှုနှင့် ပတ်သက်ပြီး ဒေါက်တာမောင်အောင်က ပြောကြားသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်များအားလုံး အလုံးစုံ အာမခံ ထားရမည်ဖြစ်ပြီး ဇူလိုင်လကုန် နောက်ဆုံးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး YBS ယာဉ်လိုင်းများ အစည်းအဝေးမှ သိရသည်။

Most Read

Most Recent