ဘဝအရေးအတွက် ဆိုက်ကားနင်းဖြေရှင်းနေသူ အနှေးယာဉ်မယ်

ဘဝအရေးအတွက် ဆိုက်ကားနင်းဖြေရှင်းနေသူ အနှေးယာဉ်မယ်
ဘဝအရေးအတွက် ဆိုက်ကားနင်းဖြေရှင်းနေသူ အနှေးယာဉ်မယ် ဒေါ်ခင်မြင့်အား တွေ့ရစဉ်
ဘဝအရေးအတွက် ဆိုက်ကားနင်းဖြေရှင်းနေသူ အနှေးယာဉ်မယ် ဒေါ်ခင်မြင့်အား တွေ့ရစဉ်
Published 15 October 2018

မိသားစုတစ်စုအတွက် စားဝတ်နေရေး ပြေလည်မှုဟာ အဓိကကျတဲ့အပိုင်းမှာရှိနေတာကြောင့် မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုတဲ့အတိုင်း မောင်တစ်စီး မယ်တစ်စီးနဲ့ အနှေးယာဉ်ဆိုက်ကားနင်းတဲ့ အမျိုးသမီးတစ်ဦး ရှိနေပါတယ်။

အဲဒီအမျိုးသမီးဟာ ထွားကျိုင်းသန်မာနေတာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ပိန်ပိန်ပါးပါး အရပ်ကငါးပေအောက်နဲ့ အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ ကလေးနှစ်ဦးမိခင် ဒေါ်ခင်မြင့်ပဲဖြစ်ပါတယ်။ သူမဟာ သုဝဏ္ဏမြို့နယ် (ဃ) ရပ်ကွက် မှာ နေထိုင်ပြီး ဆိုက်ကားနင်းလာတာက သုံးနှစ်ကျော် လေးနှစ်ဝန်းကျင်ရှိပြီပဲ ဖြစ်ပါတယ်။

သူမရဲ့ အမျိုးသားဟာ ယခင်က အရက်အသောက်များတာကြောင့် ပတ်ဝန်းကျင်နေသူတွေက အရက်ဖြတ်ဆေးတိုက်ဖို့ အကြံပေး လာရာကနေ သူမရဲ့ ခရီးကြမ်းစတင်ခဲ့တယ်လို့ ဆိုရမှာပါ။ ပတ်ဝန်းကျင်မှာလည်း အရက်ဖြတ်ဆေးတွေတိုက်တာကို တွေ့နေရပြီး အရက်ဖြတ်ဆေးတွေ တိုက်မိရာကနေ သူမရဲ့ အမျိုးသားဟာ ကျန်းမာရေး ချူချာလာပြီး ဆေးဖိုးဝါးခတွေနဲ့ အကြွေးတင်လာကာ အခြားအလုပ်တွေလည်း အဆင်မပြေသလို ဈေးရောင်းဖို့ ငွေအရင်းအနှီးလည်း မရှိတာကြောင့် ဆိုက်ကားနင်းဖြစ်လာတာလည်း ဖြစ်ပါတယ်။

“ဘယ်လိုအကြွေးတင်လဲဆိုတော့ အရင်က ကိုယ့်ယောကျ်ားက အရမ်းအရက်သောက်တာ။ အဲဒီတော့ သူများတွေက ဆေးတိုက်ဘာတိုက်ဆိုတော့ အရက်ဖြတ်ဆေး တိုက်လိုက်တာ၊ ဘယ်လောက်ကြာလဲဆိုတော့  တစ်နှစ်ကျော်လောက် တိုက်လိုက်တာ အလုပ် သိပ်မလုပ်နိုင်တော့ဘူး။ အိပဲ့အိပဲ့နဲ့ ခြေတွေလက်တွေ မသယ်ချင်တော့ ပြန်ကောင်းလာပြန် ပြန်တိုက်ပြန်ဆိုတော့ ခြေထောက်တွေလက်တွေက မသယ်ချင်ပြန်ဆိုတော့ အကြွေးလေးဘာလေးယူပြီးတော့ သူ့ကိုကုဖြစ်တာ။ အရင်ကတော့ ပန်းရန်တွေဘာတွေ လုပ်တာပေါ့။ ဒါပေမဲ့ လူတွေက သူတို့ ပိုက်ဆံရဖို့အတွက် အသားကုန်ခိုင်းတော့ အဲဒီအလုပ်ကို မလုပ်တော့ဘဲ။ ဒီအလုပ်ကို လုပ်ဖြစ်တာ” လို့ ဒေါ်ခင်မြင့်က ရင်ဖွင့်လာပါတယ်။

လက်ရှိမှာတော့ သူမအနေနဲ့ အနည်းငယ် ထိတ်လန့်မှုရှိနေတယ်လို့ ဆိုမှာပါ။ ပတ်ဝန်းကျင်နေသူတွေက အရက်ဖြတ်ဆေးတွေ တိုက်ဖို့တိုက်တွန်းတာကြောင့် အရက်ဖြတ်ဆေးတွေ တိုက်မိတာကို နောင်တရနေပုံလည်း ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်ခင်မြင့်ကို အရက်ဖြတ်ဆေးတွေတိုက်ဖို့ အကြံပေးတဲ့ အိမ်နီးနားက အမျိုးသမီးရဲ့ယောကျ်ား အရက်ဖြတ်ဆေးကြောင့် သေဆုံးသွားရတာကြောင့်ပဲ ဖြစ်ပါတယ်။

ဆိုက်ကားနင်းဖို့ ဆုံးဖြတ်လိုက်ပုံကလည်း ယောကျ်ားဖြစ်သူက အရက်တွေ သောက်တာကို မြင်တွေ့နေရပြီး နင်းဖို့ သင်ရင်းကျင့်ရင်းနဲ့ပဲ အိမ်နီးနားက အစ်မကြီးတစ်ဦးက ဘုရားလမ်းဈေးကို ခေါ်သွားရင်းကနေ ဆိုက်ကားနင်းဖြစ်လာတာလည်း ဖြစ်ပါတယ်။

ဒေါ်ခင်မြင့်အနေနဲ့ ခုလိုဆိုက်ကားနင်းတာကို ယောကျ်ားဖြစ်သူက မကြိုက်ပေမဲ့ အခြေအနေအရ ငွေရေးကြေးရေးအရ နင်းရတာဖြစ်ပြီး သူမဆိုက်ကားနင်းတာကြောင့်  ရပ်ကွက်တွင်းကလူတွေက နင့်ယောကျ်ား သေပြီဆိုကာ ပြောဆိုကြတာကို ဂရုမစိုက်ဘဲ ခုလိုလုပ်ကိုင်ရတာဖြစ်တယ်လို့လည်း ဆိုက်ကားနင်းရင်း ပြောပြလာပါတယ်။

“သူလည်း ကျန်းမာရေးမကောင်း ကိုယ်လည်းကျန်းမာရေးမကောင်းသူလည်း မနင်းခိုင်းပါဘူး။ ဒါပေမဲ့ သူ့ရဲ့ပိုက်ဆံနဲ့လည်း မဖြစ်လောက်ဘူး။ ကိုယ့်ပိုက်ဆံလည်းပါမှ သူများပိုက်ဆံတွေ ဆပ်လို့ရမှာဆိုပြီး နင်းတာ။ ပြောလည်း ပြောပါစေ။ ကိုယ်က သူများပေးဖို့ ပိုက်ဆံလောက်ပဲ၊ ကိုယ့်ရဲ့ အိမ်ထောင်ရေး အဆင်ပြေဖို့လောက်ပဲဆိုပြီး နင်းတာ။ ပထမတော့ နင်ကဟယ် မနင်းပါနဲ့နင့်ယောကျ်ား သေသွားပြီ ပြောကြတယ်။ ပြောလည်းပြောပါစေ။ ကိုယ့်ယောကျ်ားကိုပြောတယ်။ နင့်ပိုက်ဆံနဲ့လည်း ဖြစ်မှာမဟုတ်ဘူး။ ငါလည်း လုပ်မယ်ဆိုပြီးလုပ်တာ” လို့ ဆိုပါတယ်။

ဒေါ်ခင်မြင့်ရဲ့အဖြစ်ဟာ တကယ်တော့ ရင်နင့်ဖွယ်လည်း ဖြစ်ပါတယ်။ လက်ရှိရှိတဲ့ သားလေးနှစ်ယောက်ပဲ အသက်ရှင် တင်ရက်နေတာဖြစ်ပြီး ရှေ့ပိုင်းမှာ ကလေးသုံးယောက်လုံး ဆုံးပါးသွားရတဲ့အဖြစ်ကိုလည်း ကြုံခဲ့ရသူ ဖြစ်ပါတယ်။

ဒေါ်ခင်မြင့်ရဲ့ လက်ရှိနေအိမ်လေးဟာ အမွေပုံလို့လည်း သူမရဲ့ပြောကြားချက်အရ သိရပါတယ်။ နှစ်ထပ်အိမ်လေးဖြစ်ပြီး အလျား ၁၀ ပေ အနံ ၂၀ ဝန်းကျင် အိမ်လေးဖြစ်ပြီး အိမ်ရဲ့အပေါ်ထပ်ကို အစ်မဖြစ်သူရဲ့ တူမတို့  မိသားစုနေထိုင်ကြတာလည်းဖြစ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ ပြောကြားချက်အရတော့ ခြံတွေကို ဖဲ့ရောင်းခြမ်းရောင်းရင်းနဲ့ နောက်ဆုံးမှာ ခုလိုသာ ကျန်ခဲ့တာလို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ဒေါ်ခင်မြင့်ဟာ အိမ်ထောင်ဦးစီးနေရာကိုရောက်ရှိနေပြီလု့ိပြော နိုင်သလို ဆေးအရှိန်တွေနဲ့ ကျန်းမာရေး သိပ်မကောင်းတဲ့ ယောကျ်ားဖြစ်သူကိုလည်း နင်းချင်ရင်နင်း မနင်းချင်ရင်မနင်းနဲ့ အိမ်မှာပဲ ဆိုက်ကားဂိတ်ထိုးပြီး သက်သောင့်သက်သာ နေခိုင်းနေသူလည်း ဖြစ်ပါတယ်။

“ဆေးတွေတိုက်ဖန်များလို့ပဲ ကျန်းမာရေးမကောင်းတာလားမသိဘူး တအားကျပ်တာ ညဘက်ဆို(ဂွိဂွိ)နဲ့ အသက်ရှူတွေကျပ်တာ အသက်မရှူနိုင်ဘူး။ အဲဒါဆေးခန်းလည်း မသွားနိုင်ဘူး။ အဲဒါလမ်းဘေးကဆေးဆိုင်မှာ ပါရာကဒ်ရယ်၊ အကြောပြေဆေးရယ်၊ ခေါင်းကြည်ဆေးရယ် ဝယ်တိုက်တယ်။ ချောင်းဆိုး ပျောက်ဆေးဝယ်တိုက်တယ်။ ဒီလိုမျိုးပဲ ဝယ်တိုက်တာပေါ့နော်။ နည်းနည်းလည်း ရင်ချောင်သွားရင် ပြီးဆိုပြီး ဒီလိုမျိုးပဲလိုက်တာ။ သူ့ကိုလည်း ဆိုက်ကားသွားနင်းလို့လည်း မပြောတော့ဘူး။ ဆိုက်ကားဂိတ်မှာလည်း မထိုးခိုင်းတော့ဘူး။ ဂိတ်မှာက ကျောင်းသားပို့ ဘာညာပြီးရင် ဆိုက်ကားတွေက ပုံနေတော့ သိတယ်မလား ဖဲရိုက်ဘာရိုက်နဲ့ ဆော့မိမှာ ကြောက်လို့။ အိမ်မှာ အိပ်ချင်အိပ် မအိပ်ချင်နေဆိုပြီး ဒီတိုင်းပဲအိမ်မှာ ထားထားတာ”ဆိုပြီး ယောကျ်ားသားအပေါ် စိုးရိမ်တကြီးနဲ့ ပြောပြပါတယ်။

ဒေါ်ခင်မြင့်တို့ မိသားစုအတွက် ဝင်ငွေအများရှာနိုင်သူဟာ ဒေါ်ခင်မြင့်လို့ဆိုရမှာပါ။ ကျန်းမာရေးချူရှာနေတဲ့ ယောကျ်ားသားကို ပုံမှန်ဖောက်သည် ကျောင်းပို့ကျောင်းကြိုပြီးရင် အိမ်မှာ နေခိုင်းနေသူလို့ဆိုမှာပါ။ ဒေါ်ခင်မြင့်ရဲ့ (ယောကျ်ားဖြစ်တဲ့ ရပ်ကွက်အခေါ်) ဂျပန်ကြီးဟာ အနည်းငယ် ထိုင်းမှိုင်းနေသူလို့ ဆိုရမှာဖြစ်ပြီး နေအိမ်မှာလည်း လျှပ်စစ်မီး မရှိတာကြောင့် ပတ်ဝန်းကျင်အိမ်တွေမှာ သွားရောက်ပြီး အားသွင်းထားတဲ့ ဖုန်းလေးနဲ့ သီချင်းနားထောင် ဂိမ်းဆော့နဲ့ နားနေလေ့ရှိသူ ဖြစ်ပါတယ်။

ဒေါ်ခင်မြင့်ရဲ့ အဓိကဖောက်သည်တွေကတော့ ပတ်ဝန်းကျင်က ကျောင်းပို့ကလေးတွေဖြစ်ပြီး အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ နံနက် ၆ နာရီတိုင်းမှာ ဒေါ်ခင်မြင့်ဟာ ပုံမှန်ဖောက်သည်တစ်ဦးအတွက် သင်္ကန်းကျွန်း စံပြဈေးမှာ ဈေးထွက်ပေးရတာဖြစ်ပြီး ကလေးတွေကို ကျောင်းပို့ရတာရယ် ပုံမှန်အမျိုးသမီးဖောက်သည်တွေကို လိုက်ပို့ရတာ ဖြစ်ပါတယ်။ တစ်ခါတလေတွေမှာမှသာ ပတ်ဝန်းကျင်က လိုအပ်ချက်အရ ကြားပေါက်လိုက်လေ့ရှိပြီး အမျိုးသားတွေကတော့ အဓိက ဖောက်သည်မဟုတ်ဘူးလို့လည်း  ဒေါ်ခင်မြင့်ရဲ့ပြောကြားချက်အရ သိရပါတယ်။

ဒေါ်ခင်မြင့်တို့အိမ်ရဲ့ တစ်နေ့ဝင်ငွေဟာ ကျပ်ငွေ ၄၀၀၀ ကနေ ၇၀၀၀ ကျော်ခန့်ထိရှိနိုင်ပြီး အဲဒီထဲကမှ ဆိုက်ကားအုံနာကြေးအဖြစ် နှစ်စီးအတွက် ၂၀၀၀ ထောင်ကျပ်၊ ဆိုက်ကား လျော်ကြေးအဖြစ် ကျပ်ငွေ ၁၀၀၀ အပါအဝင် တခြားသော အကြွေးလေးတွေ ဆပ်ပြုရတာလည်း ဖြစ်ပါတယ်။

သားလေးနှစ်ယောက်ထဲမှာ ၁၂ နှစ် သားလေးက ခြောက်တန်းကျောင်းသားဖြစ်ပြီးတော့ ၁၀ အရွယ်သားလေးက နှစ်တန်းကျောင်းသားအဖြစ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ တက်နေကြတာဖြစ်ပြီး အကြွေးလာတောင်းတာတွေကို မြင်တွေ့လေ့ရှိတဲ့ သားတွေက ကျောင်းထွက်ပြီး အလုပ်လုပ်ဖို့ ခွင့်တောင်းလေ့ရှိတာကြောင့် ပေးမလုပ်ခိုင်းဘူးလို့လည်း မိခင်တစ်ဦးရဲ့မေတ္တာနဲ့ ရင်ဖွင့်ပြောဆိုလာပါတယ်။

“အကြီးကောင်ကတော့ ဒီနှစ်ကျောင်းပိတ်လို့ရှိရင် အလုပ်လုပ်ရင်းနဲ့ ပြန်မထွက်တော့ဘူး။ ကျောင်းထွက်မယ်လို့ ပြောတယ်။ ခုကျူရှင်တောင်မထားနိုင်တော့ဘူး။ ကိုယ်က  တစ်လကို ၁၅၀၀၀၊ ၂၀၀၀၀  မရှာနိုင်တော့ဘူး။ ကျူရှင်တောင် အခမဲ့သင်တဲ့ကျူရှင်ကို ည ၆ နာရီလောက်ဆို သွားသွားခိုင်းထားတာ။ အကြွေးရှိတာတော့ မှန်တယ်။ ဒါပေမဲ့ ဘယ်လိုရှိတယ် ဘာညာဆိုတာ ကိုယ့်ကလေးတွေကို မပြောချင်ဘူး။ ဒါပေမဲ့ လူတွေက အကြွေးလာလာတောင်းတော့ ကလေးတွေက ကျောင်းထွက်မယ် အလုပ်လုပ်မယ်နဲ့ ပြောတယ်။ ကိုယ်ကတော့ ပေးမလုပ်ခိုင်ဘူး” ဟု ပြောလာတာ ဖြစ်ပါတယ်။

ဒေါ်ခင်မြင့်ရဲ့ ညီမတွေထဲမှာလည်း ခုလိုပဲ ကျောင်းထွက်ပြီး ကားရေဆေးဆိုင်မှာ လုပ်ကိုင်နေတာကိုသိနေတဲ့ သားလေးက ခုလိုခွင့်တောင်းတာလို့လည်း ဒေါ်ခင်မြင့်ရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒါပေမဲ့ သားတွေကို လက်ရှိဘဝထဲကနေ ရုန်းကန်ကယ်တင်ချင်သူလို့ ဆိုရမှာပါ။

အနှေးယာဉ်မယ်ဒေါ်ခင်မြင့်တို့ မိသားစုရဲ့ မိသားစု စုံလင်ချိန်ဟာ ညပိုင်းချိန်လို့ဆို ရမှာပါ။ စနေ၊ တနင်္ဂနွေနေ့မျိုးတွေမှာသာ သားတွေကျောင်းပိတ်တာကြောင့် ကိုယ်တိုင်ချက်ပြုတ်စားသောက်လေ့ရှိတာဖြစ်ပြီး ကျန် တဲ့နေ့မျိုးတွေမှာတော့ဖြစ်သလို ဆိုင်ကပါ ဆယ်လေးတွေဝယ်ပြီး စားလေ့ရှိတာလည်း ဖြစ်ပါတယ်။

ဒေါ်ခင်မြင့်ဟာ လက်ရှိမှာ နေအိမ်ရဲ့ စားဝတ်နေရေးအတွက် ဝင်ငွေရှာဖွေနေသူ တစ်ဦးဖြစ်သလို နေအိမ်ရဲ့ ပဲ့ကိုင်ဆိုလည်း မှားမယ်မထင်ပါဘူး။ မိခင်တစ်ဦးရဲ့ မေတ္တာအပြည့်နဲ့ သားသမီးတွေကို ရုန်းကန်နေသူ တစ်ဦးဖြစ်ပြီး လင်ယောကျ်ားအပေါ်မှာလည်း တာဝန်ကျေပွန်သူတစ်ဦးလို့ ဆိုရမှာပါ။ ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်သံတွေကိုပါ ခေါင်းကော့ရင်မော့ရင်း ဝမ်းတစ်ထွာအတွက် ရိုးသားဖြောင့်မတ်စွာ ရုန်းကန်နေသူလို့ ဆိုရမှာပါ။

ဒေါ်ခင်မြင့်ရဲ့အလုပ်နားချိန်ဟာ ညနေ ၆ နာရီကျော် ၇ နာရီဝန်းကျင်မှပဲ ဖြစ်ပါတယ်။ သူမရဲ့ စားဝတ်နေရေးအတွက်ကြောင့််သာ လူအများရဲ့ ပြောဆိုသံတွေကို နားမပါသလို မကြားယောင်ဆောင်ပြီး ယောကျ်ားသားတွေနဲ့တန်းတူ ရင်ပေါင်တန်းရင်း ကြမ်းတမ်းလှတဲ့ ဆိုက်ကားနင်းတဲ့ အလုပ်ကိုရွေးချယ်လုပ်ကိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူမကို ရပ်ကွက်တွင်း နေထိုင်သူတွေက ဒေါ်ခင်မြင့်ကို အနှေးယာဉ်မယ်တစ်ဦးအဖြစ် လက်ခံထားကြပြီလည်း ဖြစ်ပါတယ်။ ရပ်ကွက်တွင်းနေထိုင်သူတွေရဲ့ ကလေးမိဘတွေကလည်း ဒေါ်ခင်မြင့်နဲ့ဆို ကျောင်းပို့ကျောင်းကြို စိတ်ချရတာရယ်ကြောင့်လည်း ဖြစ်ပါတယ်။

လူတိုင်းလူတိုင်းမှာတော့ ရည်မှန်းချက်ပန်းတိုင် မျှော်လင့်ချက်ဆိုတာ ရှိတတ်ကြပါတယ်။ အဲဒီလိုပါပဲ အခြေအနေအရ ဆိုက်ကားနင်းတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပေမဲ့ လူထဲကလူပဲဖြစ်တာကြောင့် မျှော်လင့်ချက်တွေ မျှော်မှန်းချက်တွေရှိနေမှာပါ။ စားဝတ်နေရေးအကျပ်အတည်း၊ မိသားစုကျန်းမာရေး အကျပ်အတည်းတွေကြားမှာ ရုန်းကန်နေတဲ့ ဒေါ်ခင်မြင့်အတွက် ဖြစ်ချင်နေတဲ့ ဆန္ဒများစွာလည်း ရှိနိုင်သလို ရှိလည်းရှိနေပါလိမ့်မယ်။ ဒါပေမဲ့ လတ်တလော သူအဖြစ်ချင်ဆုံး ဆန္ဒတစ်ခုကတော့ အကြွေးလေးတွေကို ကျေပွန်အောင်ဆပ်နိုင်ဖို့ရယ် ပင်ပန်းလှတဲ့ ဆိုက်ကားနင်းတဲ့အလုပ် (အနှေးယာဉ်မယ်) ဘဝကို စွန့်လွှတ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

Most Read

Most Recent